၂၀၂၆ ၊ ဇန်နဝါရီ ၁၅
၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်က ရွေးကောက်ပွဲအပိုင်း (၁) တွင် နာဂအမျိုးသားပါတီ (NNP) သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ငါးခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ် သုံးခု၏ မဲဆန္ဒနယ်အားလုံး အနိုင်ရရှိခဲ့သည်။ ထို့အပြင် ခန္တီး မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့ပြီး ဟုမ္မလင်းမြို့နယ်တွင် နိုင်သူအကုန်ယူ (FPTP) စနစ်ဖြင့် တိုင်းဒေသကြီးတွင် ရှုံးနိမ့်ခဲ့သည်။ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့မှု အခြေအနေများနှင့်ပတ်သက်၍ NNP ပါတီကိုယ်စား ပြု လဟယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီဗဟို အတွင်းရေးမှူး ဦးမဇိုးလောင်ဝီးအား ဆက်သွယ်မေးမြန်းထားပါသည်။

TREND။ ။ နာဂအမျိုးသားပါတီက ကိုယ်စားလှယ်လောင်း ဘယ်လောက်နဲ့ ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင် အနိုင် ရခဲ့တာလဲ။
UMZLW ။ ။ နာဂအမျိုးသားပါတီအနေနဲ့က လေရှီး၊ လဟယ်၊ နန်းယွန်း၊ ခန္တီး၊ ဟုမ္မလင်းစတဲ့ မြို့ နယ် ငါးမြို့နယ်မှာ ကိုယ်စားလှယ် စုစုပေါင်း ၂၀ နဲ့ ဝင်ရောက်ယှဉ်ခဲ့တာပါ။ လေရှီး၊ လဟယ်၊ နန်းယွန်း မြို့နယ်တွေကျတော့ နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသလို့ ဖော်ပြထားတယ်။ အဲဒီမြို့နယ်တွေမှာက ပြည် သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် ဆိုပြီးရှိတယ်။ ခန္တီးမြို့နယ်မှာကျတော့ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်ရှိပြီးတော့ အမျိုးသားလွှတ်တော်မှာ ဝင်မပြိုင်ဘူး။ ဟုမ္မ လင်းမှာကျတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် မရှိဘူး။ တိုင်းဒေသကြီး လွှတ်တော်ပဲ ဝင် ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဒီသုံးမြို့နယ်မှာက ပြည်ခိုင်ဖြိုးပါတီနဲ့ ကျွန် တော်တို့ နာဂအမျိုးသားပါတီ ပါတီနှစ်ခုပဲရှိတယ်။ အဲဒီသုံးမြို့နယ်မှာ အနိုင်ရခဲ့တယ်။ ကျန်တဲ့ နှစ်မြို့နယ်ရော၊ ငါးမြို့နယ်ပါပေါင်းရင် မဲရလဒ် စုစုပေါင်း သုံးသောင်းငါးထောင်ကျော်လောက်ရပြီး အနိုင်ရခဲ့တာပါ။ ပါတီအနေနဲ့ကတော့ အပိုင်း(၂)နဲ့ (၃)မှာ မပါတော့ဘူး။ အပိုင်း(၁)နဲ့တင် ပြီးသွားပါပြီ။ ကျွန်တော်တို့က ပါတီအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်တယ်။ ပါတီကိုလည်း ဝန်းရံတဲ့သူတွေ များပါတယ်။ များလို့လည်း အနိုင်ရခဲ့တာပါ။ ပါတီအနေနဲ့က အပိုင်း (၁) ရွေးကောက်ပွဲ ပြီးသွားပြီ။ ကျွန်တော်တို့က အနိုင်ရရှိသွားတဲ့ ပါတီ ဖြစ်သွားပြီဆိုတော့ ဒီအပေါ်မှာ ထွေထွေထူးထူး ပြောစရာမရှိပါဘူး။ ကျင်းပပြီးစီးသွားတဲ့ နာဂဒေသ ရွေးကောက်ပွဲ အခင်းအကျင်းကတော့ လောလောဆယ်အထိကတော့ ဘာမှ အငြင်းအခုံတွေလည်း မရှိဘူး။ တစ်ဖက်ပါတီအနေနဲ့ကလည်း Complaint တက်တာမျိုးတွေ မရှိဘူး။ ကျန်တဲ့ ကိစ္စရပ်တွေလည်း မရှိပါဘူး။ ရွေးကောက်ပွဲ အခင်းအကျင်းက ဘာမှ အသံဗလံထွက်တာလည်း မရှိပါဘူး။ အားလုံး အေးအေး ဆေးဆေးပါပဲ၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ အောင်အောင်မြင်မြင် ပြီးစီးသွားခဲ့ပါတယ်။
TREND ။ ။ နာဂဒေသရဲ့ မဲန္ဒရှင်ပြည်သူတွေရဲ့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု အခြေအနေတွေ ဘယ်လိုတွေ့ခဲ့ရလဲ။
UMZLW ။ ။ ကျွန်တော်တို့ဒေသရဲ့ အနေအထားနဲ့ ပြောရမယ်ဆိုရင်တော့ ပြည်သူတွေက ရွေးကောက်ပွဲ စိတ်ဝင်စားကြတယ်။ ဒါပေမဲ့ မဲဆန္ဒရှင်ပြည် သူသုံးပုံမှာ နှစ်ပုံက မဲပေးပြီးတော့ တစ်ပုံလောက်ကတော့ မဲမပေးကြတဲ့ အနေအထားပါ။ အဲဒီမဲမပေးကြတဲ့ တစ်ပုံကတော့ နိုင်ငံခြားသွားပြီး စီးပွားသွားရှာနေကြတဲ့သူတွေ၊ ပြည်ပထွက်နေတဲ့သူတွေနဲ့ လက်ရှိ မှတ်ပုံတင် ကိစ္စတွေလည်း ရှိနေတယ်။ မှတ်ပုံတင်မရရှိတဲ့ သူတွေရော၊ မှတ်ပုံတင် မလုပ်နိုင်တဲ့ သူတွေရောထဲက တစ်ပုံနီးပါးလောက် ကတော့ အဲဒီလိုမျိုးလေး ဖြစ်သွားတာပေါ့။ ပြီးတော့ သက်ကြီးရွယ်အိုတွေလည်း များတယ်၊ မဲရုံကလည်း လဟယ်မှာ ၉၃ ရုံပဲရှိသလို တချို့ရွာတွေကလည်း ပေါင်းပစ်လိုက်တော့ သက်ကြီးရွယ်အိုတွေ မလာ နိုင်ကြတာရှိတယ်။ အဲဒီလို အခြေအနေမျိုးတွေကြောင့်ပါ။ ပြည်သူလူထုက ရွေးကောက်ပွဲကို စိတ်ဝင်စားကြတယ်၊ ဒါက ဘာပဲပြောပြော အပြောင်းအလဲကို ပြည်သူလူထုက လိုလားကြတာကြောင့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှုများကြတာပါ။
TREND ။ ။ ဒေသခံလူထုက ဘယ်လိုအပြောင်းအလဲမျိုးကို လိုအင်ဆန္ဒရှိနေကြတာလဲ။
UMZLW ။ ။ အပြောင်းအလဲဆိုတာက ဒီမိုကရေစီစနစ်နဲ့ အခြေခံပြီး ပြောရမယ်ဆိုရင် ကျွန်တော်တို့ ပြည်သူတွေ အရင်ကလို ဒီမိုကရေစီစနစ်နဲ့ လွတ်လပ်စွာ သွားလာရတာမျိုး၊ စီးပွားရေး၊ ကူးသန်းသွား လာရတာမျိုး စသည်ဖြင့် အဲဒီလိုအခြေအနေမျိုးကို လိုချင်ကြတာ။ အခုလို အနေအထားမှာက သွားလို့ လာလို့မရတဲ့ ကိစ္စမျိုးတွေ စသည်ဖြင့် အခက်အခဲအများကြီး ရှိတဲ့အခါမှာ စီးပွားရေးနယ်ပယ်မှာဆိုရင် လည်း သိတဲ့အတိုင်းပဲ ပိတ်ဆို့တဲ့ ကိစ္စမျိုးတွေရှိတော့ ရွေးကောက်ပွဲကနေ အပြောင်းအလဲတစ်ခု ဖြစ်လာ နိုင်တယ်လို့ ပြည်သူလူထုက ဒီလိုမျှော်လင့်ပြီးတော့ ရွေးကောက်ပွဲမှာ ပါဝင်ကြတာ များပါတယ်။
TREND ။ ။ NNP ပါတီ အနိုင်ရရှိအောင် ဒေသခံမဲဆန္ဒရှင် ပြည်သူလူထုက ဘာကြောင့် တစ်ခဲနက် အားပေးထောက်ခံခဲ့ကြတာလဲ၊ ဒီအပေါ် အမြင်လေး ပြောပြပါဦး။
UMZLW ။ ။ ကျွန်တော်တို့က နာဂအမျိုးသား ပါတီဖြစ်တယ်။ ပြီးတော့ နာဂဒေသမှာပဲ ဝင်ရောက် ယှဉ်ပြိုင်တာဖြစ်တဲ့အတွက် အကုန်လုံးကလည်း နာဂပါတီဖြစ်တဲ့အပေါ်မှာ အားလုံးက ဝန်းရံပေးကြတာ လို့ မြင်ပါတယ်။ အနိုင်ရရှိခဲ့တယ်ဆိုတာကလည်း ကျွန်တော်တို့ ပါတီက နာဂအမျိုးသားတွေ အပေါ်မှာ အခြေခံပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တယ်။ အဲဒီလို ဖွဲ့စည်းထားတဲ့အတွက်ကြောင့် ကိုယ့် လူမျိုးတွေ ဝင်ပြိုင်နေတဲ့ ပါတီတစ်ခုကိုတော့ ကျွန်တော်တို့လူမျိုးတွေ အကုန်လုံးက အားပေးဝန်းရံခဲ့လို့ အခုလို အနိုင်ရရှိခဲ့တာလို့ သုံးသပ်မိပါတယ်။
TREND ။ ။ နာဂအမျိုးသားပါတီ အနိုင်ရရှိခဲ့ပြီဆိုတော့ ဒီရွေးကောက်ပွဲရလဒ်နဲ့အတူ နိုင်ငံနဲ့လူမျိုး အကျိုးအတွက်၊ ဒေသအကျိုးအတွက် ဘယ်လိုထမ်းရွက် သယ်ပိုးဆောင်ရွက်သွားမလဲ။
UMZLW ။ ။ နာဂအမျိုးသားပါတီအနေနဲ့က တော့ လေရှီး၊ လဟယ်၊ နန်းယွန်း မြို့နယ်တွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို့ ပေးထားတယ်။ ဒီမြို့နယ်မှာ နာဂအမျိုးသားပါတီအနေနဲ့က ပြတ်သားစွာ အနိုင်ရထား တာဖြစ်တဲ့အတွက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကျွန်တော်တို့ပါတီက အစိုးရဖွဲ့ နိုင်မှာပါ။ လတ်တလော အခြေအနေကတော့ ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်အသီးသီးမှာ ရွေး ကောက်တင်မြှောက်ခြင်းခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အတည်ပြုထုတ်ပြန် ကြေညာပေးနေတာတွေ ရှိပါတယ်။ တစ်စုံတစ်ရာ ဘာမှပြဿနာရှိမလာဘူးဆိုရင် ကျွန်တော်တို့ပါတီက နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အစိုးရဖွဲ့မယ်၊ ဖွဲ့နိုင်ခဲ့ပြီဆိုရင် ကျွန်တော်တို့ဒေသအတွက် ပါတီမူဝါဒလမ်းစဉ်အတိုင်း လူမှုရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေး ကဏ္ဍပေါင်းစုံကို ဟန်ချက်ညီစွာ တိုင်းဒေသကြီးအစိုးရ၊ ပြည် ထောင်စု အစိုးရတို့နဲ့ ပေါင်းစပ်ညှိနှိုင်းပြီးတော့ အကောင်းဆုံး အကောင်အထည်ဖော်လုပ်ကိုင် ဆောင်ရွက်သွားမှာပါ။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အစိုးရဖွဲ့နိုင်ပြီဆိုရင် ကျွန်တော်တို့က ကိုယ့်ဒေသ၊ ကိုယ်လူမျိုးတွေရဲ့ အကျိုးတွေကို ဖော်ဆောင်ပေးမယ်၊ အဲဒီရဲ့ အကျိုးရလဒ်တွေကို ပြည်သူလူထုက ခံစားရမယ်။ ဒေသအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးရမယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ပြီဆိုရင် ဒေသမှာလည်း တိုးတက်မှုတွေ ဖြစ်လာမှာပါ။ ပြီးတော့ ကျွန်တော်တို့က ကိုယ့်ဒေသ၊ ကိုယ်နယ်မြေ အခြေအနေကိုသိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တဲ့အတွက်ကြောင့် ဒေသမှာ လိုအပ် နေတဲ့ ဒေသဖွံ့ဖြိုးရေးအတွက် အပါအဝင် ကဏ္ဍအသီးသီးမှာ ဖွံ့ဖြိုးတိုးတက်အောင် ဆက် လက် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြီးတော့ စစ်ကိုင်းတိုင်းဒေသမှာတော့ ဘယ်ပါတီက တိုင်းဒေသကြီး အစိုးရဖွဲ့နိုင်မလဲ မသိသေးဘူး၊ အဲဒီဖွဲ့မယ့်၊ ပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့နဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့တို့နဲ့ ရှေ့ဆက်ပြီးတော့ ကျွန်တော်တို့ရဲ့ ဒေသအကျိုး၊ လူမျိုးအကျိုးတွေကို စွမ်းဆောင်သွားရမှာပါ။
TREND ။ ။ လဟယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြည်သူ့လွှတ်တော်မှာ ပါဝင်ပြီးတော့ ဝင်ရောက်အရွေးချယ်ခံခဲ့တဲ့ ရပ်တည်ချက်ကိုလည်း ပြောပြပါဦး။
UMZLW ။ ။ ပြည်သူ့လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရတာကတော့ ကျွန်တော့်ဒေသ၊ ကျွန်တော့်လူမျိုးအတွက်ကို တစ်ထောင့်တစ်နေရာမှာ ပါဝင်ပြီးတော့ ဒေသအကျိုး၊ လူမျိုးအကျိုး စွမ်းဆောင်ချင်တဲ့ ရပ်တည်ချက်ပါ။ အဲဒီလို စွမ်းဆောင်နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်သလို ဒေသခံ မိဘပြည်သူ တွေကလည်း အဲဒီလိုယုံကြည်လို့ အားပေးဝန်းရံကြတာလို့ မြင်ပါတယ်။ ပါတီရဲ့ အခြေခံမူဝါဒ ခြောက် ချက်ရှိတယ်။ အဲဒီအချက်ခြောက်ချက်အပြင် နိုင်ငံရေးမူဝါဒ၊ စီးပွားရေးမူဝါဒ၊ လူမှုရေးမူဝါဒ ကဏ္ဍပေါင်းစုံပေါ့။ ပါတီရဲ့ ရည်ရွယ်ချက်တွေ၊ နိုင်ငံ ရေးမျှော်မှန်းချက်တွေနဲ့ ပတ်သက်ပြီး ယုံကြည်မှု ရှိတယ်။ ဒါကြောင့်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။
TREND ။ ။ နာဂအမျိုးသားပါတီ ရွေးကောက်ပွဲဝင်ခဲ့တဲ့ စစ်ကိုင်းတိုင်းရဲ့ မဲဆန္ဒနယ်မြေ အခြေအနေကိုလည်း ပြောပြပါဦး။
UMZLW ။ ။ စစ်ကိုင်းတိုင်းလို့ပြောရင် အထက်ပိုင်းပေါ့။ ခန္တီး၊ ဟုမ္မလင်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့နယ်တွေကို ဆိုလိုတာပါ။ ကျွန်တော်တို့ဘက်မှာ အေးချမ်းပါတယ်။ တစ်စုံတစ်ရာ ဘာမှမရှိပါဘူး။ အေးချမ်းပါတယ်။ ရွေးကောက်ပွဲကလည်း အေးချမ်းလို့ပဲ ပြီးသွား တာပါ။ သိရသလောက်ကတော့ ခန္တီး၊ ဟုမ္မလင်း အထက်ဘက်တွေက ဘာမှမဖြစ်ပါဘူး။ ဟုမ္မလင်း အောက်ပိုင်းမှာကတော့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ထားတယ်တို့ ကြားပါတယ်။ ဟုမ္မလင်း အောက်ပိုင်းကနေ စပြီးတော့ ရွှေပြည်အေးတို့ဘက်တွေမှာ မြစ်ကြောင်းတွေက ပိတ်တာ၊ ဆို့တာဆိုတဲ့ တစ်စုံတစ်ရာ သတင်းလေးတွေ ကြားပါတယ်။ ဒီဘက်အခြမ်းမှာတော့ မရှိပါဘူး။ ဟုမ္မလင်း အောက်ပိုင်းဆိုတာကလည်း စစ်ကိုင်းတိုင်း မုံရွာနဲ့ တော်တော်နီးသွားပြီ။ အဲဒီဘက်မှာ တစ်စုံတစ်ရာ ကြားရတာတွေရှိပေမယ့် ဒီဘက်မှာတော့ အေးဆေးပါပဲ။ လူမှုစီးပွား အခြေအနေက နာဂဒေသမှာတော့ လက်လုပ်လက်စားပေါ့၊ တောင်ယာလုပ် ငန်းကိုပဲ မိရိုးဖလာ လုပ်ကိုင်စားသောက်ကြပါတယ်။ ကျန်တာကတော့ ကုန်စည်စီးဆင်းမှုအပေါ်မှာ ရောင်းဝယ်ဖောက်ကားနေတဲ့ ကုန်သည်တချို့ရှိတယ်၊ ဒီလောက်ပါပဲ။ အဓိကကတော့ တောင်ယာလုပ် ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်ကြတယ်။ စပါးတို့၊ ပြောင်းတို့ တောင်ယာစိုက် ခင်းတွေမှာ စိုက်ကြတယ်။ ကိုယ်တိုင်တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ လူတန်းစားတွေထဲမှာ ပါပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ နာဂဒေသက အောက်ပြည်အောက်ရွာနဲ့ ယှဉ်မယ်ဆိုရင် ဆင်းရဲနွမ်းပါးတဲ့ အထဲမှာပါတယ်။
TREND ။ ။ ရွေးကောက်ပွဲအလွန်မှာ တိုင်းပြည်က ဘယ်လိုအခင်းအကျင်းမျိုးနဲ့ အပြောင်းအလဲ အရွေ့ဖြစ်လာမယ်လို့ သုံးသပ်ချင်လဲ။
UMZLW ။ ။ ရွေးကောက်ပွဲအလွန်မှာ တိုင်းပြည်က အပြောင်းအလဲဖြစ်လာမှာပါ။ ဖြစ်လာမယ်လို့လည်း ယုံကြည်ပါတယ်။ ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာနိုင်မလဲဆိုတာတော့ အစိုးရသစ်တစ်ရပ် ပေါ်လာမယ်။ ပေါ်လာမယ့် အစိုးရတစ်ရပ်နဲ့ ပတ်သက်ပြီး လုပ်ငန်းစဉ်တွေက အကောင်အထည်မဖော် ရသေးဘူး။ ကျွန်တော်တို့ပါတီကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရ တစ်ရပ်မှာပါဝင်လာမယ်။ အဲဒီလို ပါဝင်လာမှာဖြစ်တဲ့အတွက် အပြောင်းအလဲကတော့ ရှိလာမယ်လို့ ပြောကြားလို ပါတယ်။ တိုင်းပြည်က ဘယ်လိုအခင်းအကျင်းမျိုးနဲ့ အ ပြောင်းအလဲ အရွေ့ဖြစ်သွားမယ် ဆိုတာကတော့ သုံးသပ်ဖို့ စောသေးတယ်လို့ပဲ ပြောကြားလိုပါတယ်။
အခုက ရွေးကောက်ပွဲဖြစ်လာတယ်။ ကျွန်တော်တို့ဘက်မှာ အဆင်ပြေချောမွေ့စွာနဲ့ ပြီးမြောက်ခဲ့တယ်။ ကျန်တဲ့အပိုင်းတွေလည်း အဲဒီလိုပဲ အဆင်ပြေချောမွေ့စွာနဲ့ ပြီးစီးစေချင်ပါတယ်။ ဒါက ကိုယ်စားလှယ်တစ်ဦးအနေနဲ့ရော၊ ပြည်သူတစ်ဦးအနေနဲ့ပါ ဖြစ်စေချင်တဲ့ဆန္ဒပါ။ ရွေးကောက်ပွဲကြီးက ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ပြီးသွားပြီးတော့ တိုင်းပြည်က အရင်လိုပဲ ပြန်လည် လည်ပတ်တာမျိုးပဲ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်က သိကြတဲ့အတိုင်း အကျပ်အတည်းကာလတွေကို ဖြတ်သန်းနေရတဲ့အခါမှာ ပုံမှန် လည်ပတ်ပြီဆိုရင် တိုင်းပြည်ရဲ့ လူမှုရေး၊ စီးပွားရေး ကျန်တဲ့ကဏ္ဍတွေ အကုန်လုံးက ဘက်စုံဖွံ့ဖြိုးတိုးတက်လာမှာပါ။ ကျွန်တော်တို့ နာဂဒေသဆိုရင် ပိုတောင်ဆိုးပါတယ်။ ပိုဆိုးတယ်ဆိုတာ က နာဂဒေသက ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ဒေသဖြစ်တယ်။ ကျွန်တော်တို့ကတော့ ဘာပဲဖြစ်ဖြစ် အပြောင်းအလဲကို မျှော်လင့်တယ်။ အရင်လိုပဲ ဖွံ့ဖြိုးရေးကဏ္ဍတွေကို လုပ်ချင်တယ်။ အဲဒီလိုလေး မျှော်လင့်ပါတယ်။

TREND ။ ။ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတယ်ဆိုတဲ့ နာဂဒေသရဲ့ အခြေအနေကိုလည်း ပြောပြပါဦး။
UMZLW ။ ။ နောက်ကျတယ်ဆိုတာက ကျွန်တော်တို့ဒေသမှာ လမ်းပန်းဆက်သွယ်ရေးကအစ နောက်ကျတယ်။ အခုဆိုရင် တချို့နေရာ တွေမှာက Social Media ပေါ်မှာ အေးအေးဆေးဆေး အသုံးပြုနိုင် ပြီးတော့ သွားလာနိုင်တဲ့ အခြေအနေရှိတယ်။ ကျွန်တော်တို့ နာဂဒေသမှာဆိုရင် Social Media အပထား ဖုန်းလိုင်းတောင် နပ်မမှန်ဘူး။ အရင်တုန်းကတော့ ဖုန်းလိုင်းတွေလည်း ရှိတယ်။ အင်တာနက်တွေ လည်းရတယ်။ အခုဆိုရင် ဖုန်းလိုင်းတွေလည်း မကောင်းဘူး၊ အင်တာနက်ဆိုတာလည်း သုံးလို့မရဘူး။ အဲဒီလိုကဏ္ဍတွေ ရှိတယ်။ လမ်းပန်းဆက်သွယ်ရေးဆိုရင်လည်း အေးအေးဆေးဆေး သွားလာလှုပ်ရှားလို့ ရနေကြပေမယ့် ကျွန်တော်တို့ဆီမှာက အေးအေးဆေးဆေး သွားလာလှုပ်ရှားလို့မရဘူး။ အေးဆေးဆေး သွားလာလှုပ်ရှားလို့ မရဘူးဆိုတာက နယ်မြေအခြေအနေကို ပြောတာမဟုတ်ဘူး။ လမ်းပန်း ဆက်သွယ် ရေးက မကောင်းဘူးလေ။ မကောင်းတဲ့အခါကျတော့ ခက်ခက်ခဲခဲနဲ့ သွားလာနေရတယ်။ သဘာ၀ကြောင့် မြေပြိုပြီးတော့ လမ်းပိတ်ဆို့မှုတွေ ရှိတယ်။ ပြီးတော့ တခြားလမ်းမကြီးတွေလို မိုင်ဘယ်လောက် ရှိတဲ့ အကွာအဝေးကို ကွန်ကရစ်အပြည့်ခင်းတာမျိုး မရှိသေးဘူး။ ကျွန်တော်တို့ဆီမှာက ကွန်ကရစ်လမ်း က တစ်ဝက်၊ မြေသားလမ်းက တစ်ဝက်၊ ကျောက်စရစ်လမ်းက တစ်ဝက် အဲဒီလိုမျိုးပုံစံတွေ ဖြစ်နေတာပေါ့။ ကွန်ကရစ်က အပြည့်မဟုတ်တော့ မြေသားလမ်းတွေမှာ တချို့နေရာတွေမှာ ပိတ်ဆို့မှုတွေ ဖြစ်တတ်တာပေါ့။ ခန္တီး-လဟယ် လမ်းမကြီးက ကျွန်တော်တို့ဒေသအတွက်က အဓိက လမ်းမကြီးပါ။ လမ်းတွေကလည်း မြေပြိုတာတို့၊ မိုးတွင်းကာလဆိုရင် ကျွန်တော်တို့ဒေသက မိုးများတယ်။ မိုးများတဲ့ အခါကျတော့ လမ်းတွေပြိုတာတို့၊ ပိတ်ဆို့တာတို့ဖြစ်တော့ ပြည်သူလူထုအတွက် သွားရေးလာရေးအခက် အခဲကြုံရပါတယ်။ လမ်းကတောတောင်တွေကိုဖြတ်ပြီး ဖောက်ထားတာဖြစ်တော့ မိုးအရမ်းများရင် ကမ်းပါးပြို ကျတာတွေဖြစ်တတ်တယ်။ တောင်ကျရေတွေ များတဲ့အခါ ကမ်းပါးပြိုကျပြီး လမ်းပိတ်ဆို့ တာတွေ ဖြစ်တတ်တယ်။
ဒါကြောင့် လမ်းပန်းဆက်သွယ်ရေးက ခက်ခဲပြီးတော့ ဖွံ့ဖြိုးရေးကဏ္ဍ နောက်ကျတာပါ။ မြေပြို လမ်းပိတ်တာတွေဖြစ်ရင် နိုင်ငံတော်အစိုးရကလည်း သိရှိပြီး မြေပြင်မှာ ပိတ်ဆို့နေတဲ့ အတားအဆီး တွေကို ဖယ်ရှားပေးတာ၊ အများပြည်သူ သွားလာနိုင်ရေး လုပ်ဆောင်ပေးပါတယ်။ လျှပ်စစ်မီးကတော့ ရပါတယ်။ ဒီမှာက နာဂဒေသအတွက် လျှပ်စစ်မီး ၂၄ နာရီပေါ့၊ ရေအားလျှပ်စစ်ရှိတဲ့အတွက် အဆင်ပြေ ပါတယ်။ မီးက ၂၄ နာရီ ရတယ်ဆိုတာက တောင်ပေါ်ဒေသမှာက ရေအားပေါ့၊ ရေအားလျှပ်စစ်နဲ့ သွားတဲ့ အခါမှာ နွေရာသီဆိုရင်တော့ အလှည့်ကျစနစ်နဲ့ သွားတာ။ သူက နွေရာသီဆိုရင် ရေ ခန်းတဲ့အခါကျတော့ လျှပ်စစ် သိပ်မပေးနိုင်တဲ့အခါမှာ အလှည့်ကျစနစ်နဲ့သွားတယ်။ ပုံမှန် ဆောင်းရာသီနဲ့ မိုးရာသီတွေကျ တော့ ရေအားကောင်းတဲ့အတွက် လျှပ်စစ်မီးရပါတယ်။ မြို့အနေနဲ့ ပြောရရင် လျှပ်စစ်ဖူလုံတယ် လို့ ပြောရမှာပါ။ နွေရာသီမှာဆိုရင် အခက်အခဲနည်းနည်း ရှိပါတယ်။ အဲဒီအခါကျရင် အလှည့်ကျစနစ်နဲ့ ခံစားရပါတယ်။
TREND ။ ။ ပါတီအနေနဲ့ နာဂဒေမှာ အနိုင်ရရှိသွားပြီဆိုတော့ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဘယ်လိုသယ်ပိုးထမ်းရွက်ပေးမလဲ ပြောကြားပေးပါဦး။
UMZLW ။ ။ ကျွန်တော်တို့ပါတီရဲ့ မူဝါဒအ တိုင်းပါပဲ။ ကျွန်တော်တို့ဒေသ၊ ကျွန်တော်တို့ လူမျိုးတွေအတွက်က လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍပေါင်းစုံကို ဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားမှာပါ။ အခုက ပထမပိုင်းတော့ ပြီးသွားပြီ။ ဒါပေမဲ့ PR သမားတွေလည်း ရှိသေးတယ်။ PR သမားတွေကိုလည်း ရွေးကောက်ပွဲ (၂)၊ (၃)ပြီးတဲ့အထိ စောင့်ကြည့်ရမယ်။ ဘာပဲဖြစ်ဖြစ် တိုင်းပြည်က တည်ငြိမ်အေးချမ်းပြီးတော့ ပုံမှန်လည်ပတ်နေတဲ့ အခြေအနေဖြစ်လာဖို့ မျှော်လင့်ပါတယ်။ အဲဒီလို ပုံမှန်လည်ပတ်နိုင်တဲ့ အနေအထားဖြစ်လာရင် အားလုံးအတွက်ကောင်းပါတယ်။ ကိုယ်တိုင်အပြောင်းအလဲဖြစ်မယ်လို့ ယုံကြည်ထားပါတယ်။ နာဂဒေသက တိုးတက်မှု နှောင့်နှေး ပါတယ်။ ရွေးကောက်ကြီးပြီးသွားရင် နာဂဒေသ ပိုမိုဖွံ့ဖြိုးတိုးတက်မယ့် အပြောင်းအလဲတွေ ဖြစ်လာမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ ပိုမို ဖွံ့ဖြိုးတက်လာမယ့် အပြောင်းအလဲ ဖြစ်လာမယ်လို့ ယုံကြည်ထားသလို အဲဒီလိုလည်း ဖြစ်စေချင်တယ်။ ဖြစ်အောင်လည်း ကြိုးပမ်းလုပ်ဆောင်သွားချင်ပါတယ်။
TREND ။ ။ နာဂအမျိုးသားပါတီကို မဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်ပြည်သူတွေကို ဘာပြောချင်လဲ။
UMZLW ။ ။ မဲဆန္ဒရှင်တွေကို အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ကို ယုံယုံကြည်ကြည် မဲထည့်ပေးတဲ့အတွက်မို့လို့ ကျွန်တော်တို့ပါတီအနေနဲ့လည်း ပါတီမူဝါဒတွေ၊ လမ်းစဉ်တွေနဲ့အညီ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ဒေသအကျိုး၊ လူမျိုးအကျိုးကို ကြိုးပမ်းဆောင် ရွက်ပေးသွားမှာပါ။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ (၅) ၊ အမှတ်( ၁ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )