၂၀၂၆ ၊ ဩဂုတ် ၂၀
ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ကရင်ပြည်နယ်တွင်း ငြိမ်းချမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားသူ ကရင်အမျိုးသား ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီနာယက မန်းအောင်ပြည်စိုးနှင့် ဆက်သွယ် မေးမြန်းချက်များကို ဖော်ပြလိုက်ပါသည်။
TREND ။ ။ ပထမဆုံး မေးချင်တာကတော့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဓိကလိုအပ်တာကတော့ ငြိမ်းချမ်းရေးစကားဝိုင်းကို လာကြဖို့ လိုအပ်တာပေါ့လေ။ ဒါကြောင့်လည်း အစိုးရက ကြိုတင်ကန့် သတ်ချက်မထားတဲ့ ကမ်းလှမ်းချက်နဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်နေတယ်။ ရက် ၁၀၀ အတွင်းမှာ လာရောက်ကြတဲ့အဖွဲ့ တွေလည်းရှိသလို ရက် ၁၀၀ အလွန်မှာ လာရောက်ကြတဲ့အဖွဲ့တွေလည်း ရှိတယ်။ ဒါကြောင့် လက်ရှိအစိုးရရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုအပေါ် ဘယ်လိုမြင်ပါသလဲ။
MAPS ။ ။ ကျွန်တော့်အနေနဲ့ကတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် အမြဲလေ့လာဖြစ်ပါတယ်။ ဒီတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ပြောရရင် လတ်တလောမှာ KIA တို့၊ KNU တို့က NUG နဲ့ ပူးပေါင်းပြီးတော့ သူတစ်လူငါတစ်မင်း ကြေညာချက်တွေ ထုတ်ပြန်နေတာကို တွေ့ရတယ်။ ဒီတော့ အခုလက်ရှိမှာ NCA ကို လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ၊ အခြားနိုင်ငံရေးပါတီအဖွဲ့အစည်းတွေ၊ တရားဝင်နိုင်ငံရေးပါတီကြီးတွေက ပုဂ္ဂိုလ်တွေလောက်နဲ့ တွေ့ဆုံတာထက်ကို KIA ၊ KNU တို့နဲ့ ချိတ်ဆက်ပြီး တွေ့ဆုံရင် ပိုကောင်းမလားပေါ့။ အဲဒီအတွေးတစ်ခုတော့ ကျွန်တော့်အနေနဲ့ တွေးမိတယ်ပေါ့ဗျာ။ နောက် ကျွန်တော်တို့ လုပ်ဆောင်မယ့် ကရင်အမျိုးသား ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ကလည်း ပေါင်းစုံပေါ့လေ။ ဘာသာရေးရော၊ ပါတီရော၊ လက်နက်ကိုင်ရယ်၊ လူမှုအဖွဲ့အစည်းပေါင်းစုံ ပါဝင်တာပေါ့လေ။ အထူးသဖြင့် ဒီဘက် ကရင် ဘက်ခြမ်းက အဖွဲ့အစည်းပေါင်းစုံရဲ့ သဘောထားကို စုစည်းပြီးတော့ တွေ့မယ်ဆိုရင် နိုင်ငံတော်ရဲ့ အမျိုး သားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက တွေ့ဆုံနိုင်မလားဆိုတာလည်း သိချင်ပါတယ်။ ပြောချင်တာက အားလုံးပါဝင်ဖို့အတွက် NCA ကို မထိုးထားတဲ့၊ NCA ကို သွေဖည် သွားတဲ့ KNU တို့၊ KIO တို့ တွေ့နိုင်ရင် ပိုကောင်းတယ် လို့ပြောချင်တာပါ။ အလားတူ ကျွန်တော်တို့ ကရင် ဘက်မှာ တွေ့ဖို့စီစဉ်ထားတဲ့ အဖွဲ့ပေါင်းစုံပါဝင်တဲ့ အဖွဲ့နဲ့တွေ့ရင်လည်း ကောင်းမလားပေါ့။ အစိုးရ ကတော့ ဘယ်လို သဘောထားလဲဆိုတာ မသိဘူး။ သူတို့အတွက် လမ်းဖောက်ပေးချင်တာပါ။ ကျွန် တော်ကိုယ်တိုင်ကတော့ ငြိမ်းချမ်းရေးကော်မတီ တာဝန်ရှိတဲ့သူတွေကို ကျွန်တော့် ပါတီကနေ အနားယူသွားပေမယ့် ငြိမ်းချမ်းရေးနဲ့ပတ်သက်လာရင် ခေါ်ချင်ရင် ခေါနိုင်ပါတယ်လို့ ပြောထားပါတယ်။ ကရင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် အကြံပြုပေးနိုင်သမျှ အကြံပြုပေးသွားမှာပါ။ ငြိမ်းချမ်းရေးအတွက် ကျွန်တော်ပြောတဲ့ အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး နည်းလမ်းရှာဖို့ အကြံပြုချင်ပါတယ်။
TREND ။ ။ အစိုးရအနေနဲ့ KIO တို့၊ KNU တို့နဲ့ ငြိမ်းချမ်းရေးအရ တွေ့ဆုံဖို့ တိုက်တွန်းတာကြောင့် အစိုးရဘက်က ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အမြဲတံခါး ဖွင့်ထားတယ်။ ဒီလိုအခြေအနေအပေါ် ဘာများပြောချင်ပါလဲ။
MAPS ။ ။ အစိုးရဘက်ကတော့ ငြိမ်းချမ်းရေးအတွက် NCA ထိုးထားတဲ့အဖွဲ့ရော၊ မထိုးထားတဲ့ အဖွဲ့တွေရော အကုန်လုံး ကမ်းလှမ်းထားတာ တွေ့ရတယ်။ စောစောက ပြောတဲ့အဖွဲ့တွေက တုံ့ပြန်ထားတာတော့ မတွေ့ရသေးဘူး။ ဘာကြောင့်လဲဆိုတာ မပြောနိုင်သေးဘူး။ ဒါကြောင့် စိတ်ရှည်သည်းခံပြီးတော့ မကြာခဏ ထိတွေ့ဆက်ဆံရမယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။ တစ်ဖက်ကလည်း ထိတွေ့ ဆက်ဆံမယ်။ တစ်ဖက်ကလည်း စစ်ဘေးဒုက္ခခံရတဲ့ တိုင်းရင်းသားတွေကို စာနာပြီး စစ်ပွဲတွေကို အတတ်နိုင်ဆုံး ရှောင်မယ်ဆိုရင်တော့ တစ်ခုခုတော့ အဖြေထွက်လာမယ်လို့ မြင်ပါတယ်။
TREND ။ ။ NSPNC နဲ့ ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ တွေ့ဆုံချင်တယ်ဆိုတာ တွေ့ဆုံမှုကနေ ဘာတွေ အကျိုးအမြတ် ထွက်မယ်လို့ ထင်ပါသလဲ။
MAPS ။ ။ အဓိကကတော့ ကျွန်တော်တို့ ဘက်ကဖြစ်ချင်တဲ့ဟာက ပြောရမယ်ဆိုရင် လတ်တလော စစ်ရှောင်တာတို့၊ စစ်ဘေးဒုက္ခရောက်နေတာတို့၊ စစ်တိုက်နေတာတို့ကို ရပ်ဆိုင်းလိုက်ရင် ကောင်းမယ်။ နောက် စစ်ဘေးဒုက္ခ ဖြစ်နေတဲ့ကိစ္စတွေကို ဘယ်လိုဖြေရှင်းကြရင် ကောင်းမလဲ။ နည်းနည်းမပြေလည်တာနဲ့ တိုက်ကြမယ်၊ ခိုက်ကြမယ်ဆိုတဲ့ နည်းလမ်းအစား တခြားနည်းလမ်း ဘာရှိမလဲဆိုတာ အဖြေရှာကြမယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ ဘာတို့ကို ဘယ်လောက် အတိုင်းအတာအထိ လိုက်လျောပေးနိုင်မလဲ၊ တွေ့ဆုံညှိနှိုင်းနိုင်မလဲဆိုတဲ့ကိစ္စကို ကျွန်တော်တို့ကတော့ မျှော်လင့်ထားတာပါ။
TREND ။ ။ ကရင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အဓိကကျတဲ့ အဖွဲ့အစည်းက KNU ပေါ့။ KNU နဲ့ NSPNC တွေ့ဆုံပြီး စကားပြောကြရင် လတ်တလောဒေသတွင်း ကြုံတွေ့ရတဲ့ ကုန်သွယ်ရေး၊ စီးပွားရေး ကဏ္ဍတွေ အတော်လေး ပြေလည်သွားနိုင်မယ်ထင်တယ်။ ဒီတော့ KNU အနေနဲ့ ဆွေးနွေးပွဲ လမ်းကြောင်းပေါ် ရောက်အောင် ဘယ်လိုများ တိုက်တွန်းသွားဖို့ရှိလဲ။
MAPS ။ ။ ကျွန်တော်ကတော့ ကိုယ့် KNU က လူတွေရဲ့ သဘောထားတွေကို သိတယ်။ အဖွဲ့ထဲမှာလည်း တချို့က သဘောထားတင်းမာတဲ့လူ ရှိတယ်။ တချို့ကလည်း သဘောထား ပျော့ပျောင်းတဲ့လူ ရှိတယ်။ ကျွန်တော်ကတော့ သူတို့ကို အတတ်နိုင်ဆုံး ဖျောင်းဖျရမှာပေါ့။ သူတို့လည်း သူတို့ လိုချင်တာပေါ့လေ။ တချို့ ခေါင်းဆောင်ပိုင်းတွေကလည်း သဘောထား တင်းမာလာတာမျိုး ရှိတယ်။ ပြောချင် တာကတော့ ညှိညှိနှိုင်း နှိုင်းတွေ့ဆုံရမှာပဲဗျ။ မတွေ့ဆုံဘဲနဲ့ လေသံပစ်ပြီး တိုက်ကြခိုက်ကြ နည်းနည်း ပါးပါးဖြစ်ရင် ပစ်ကြခတ်ကြဆိုရင်တော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ စားပွဲပေါ်မှာရှင်းတာ အကောင်းဆုံးပဲ။ ကျွန်တော့်အနေနဲ့ KNU ကို အဲဒီလိုပဲ ပြောချင်ပါတယ်။
TREND ။ ။ နိုင်ငံတော်သမ္မတကြီးကတော့ အလုံးစုံငြိမ်းချမ်းရေးကိုမျှော်မှန်းပြီး အစိုးရသက်တမ်း ငါးနှစ်တာမှာ ပြည်တွင်းငြိမ်းချမ်းရေးကို အဓိကထား အားစိုက်လုပ်ဆောင်မယ်လို့ သိရတယ်။ ဒါကြောင့် ဒီငါးနှစ်တာအတွင်းမှာ ငြိမ်းချမ်းရေးကို ပြည်သူတွေ ဘယ်လောက်အထိ မျှော်လင့်လို့ရမလဲဗျ။
MAPS ။ ။ ဒီအပေါ်မှာ ကျွန်တော်တို့ စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။ အစိုးရအနေနဲ့ ငါးနှစ်တာကာလမှာ ငြိမ်းချမ်းရေးကို ဆောင်ရွက်မယ်လို့ ပြောထားတာကြောင့် ကျွန်တော့်အမြင်အရ ပြောရရင် အစိုးရအနေနဲ့ အတတ်နိုင်ဆုံး လိုက်လျောမယ်လို့ မြင်တယ်။ အတတ်နိုင်ဆုံး လိုက်လိုက်လျော လျောရှိမယ်။ တစ်ဖက်ကလည်း ကျွန်တော်အကြံပြုသလို အကောင်အထည်ဖော်မယ်။ ဒီဘက်ကလူ တွေကိုလည်း ကျွန်တော်တို့တွေ အကုန်လုံး ဝိုင်းတိုက်တွန်းကြမယ်။ တွေ့ဆုံကြမယ်။ ဖိတ်ခေါ်ကြမယ်။ တကယ်လည်း လာကြမယ်။ ဆွေးလည်း ဆွေးနွေးကြမယ်ဆိုရင်တော့ ဒီငါးနှစ်အတွင်း အတိုင်းအတာ တစ်ခုအထိ အဖြေထွက်မလားဆိုပြီး ကျွန်တော်က အဲဒီလိုပဲ မျှော်လင့်ချင်ပါတယ်။
TREND ။ ။ အစိုးရသစ် လက်ထက်မှာ ငြိမ်းချမ်းရေးအတွက် နေပြည်တော်ကို လာရောက်ကြတဲ့အခါ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ သမ္မတကြီးနဲ့တွေ့တာရော၊ NSPNC နဲ့ တွေ့တဲ့အချိန်မှာရော သူတို့ဒေသတွင်း လိုအပ်ချက်တွေ ပြောကြတယ်။ အစိုးရဘက်ကလည်း တတ်နိုင်တာ ဖြည့်ဆည်းပေးတယ်။ ဒါကြောင့် တိုင်းရင်းသားတွေအနေနဲ့ ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင် ထားသင့်တယ်လို့ မြင်မိပါသလား။
MAPS ။ ။ ကျွန်တော် အိန္ဒိယကို ရောက်ဖူးတယ်။ အိန္ဒိယမှာလည်း ကျွန်တော်တို့ထက် မျိုးနွယ်စု အရရော၊ ကိုးကွယ်မှုဘာသာရေးအရရော၊ ပြည်နယ်တွေ အရရော အများကြီးရှိတယ်။ ဒါပေမဲ့ သူတို့ ကမ္ဘာမှာ ထိပ်တန်း ဒီမိုကရေစီနိုင်ငံ ဖြစ်ပြီးတော့ သူတို့တည် တည်ငြိမ်ငြိမ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်ပြီး စနစ်တကျသွားတာ တွေ့ရတယ်။ ဘာကြောင့်လဲဆိုတဲ့ အခါကျတော့ သက်ဆိုင်ရာ ပြည်နယ်၊ သက်ဆိုင်ရာ လူမျိုးစုတွေရဲ့ ဆန္ဒကို အတတ်နိုင်ဆုံး လိုက်လျောပြီး ပြည်မရဲ့အကျိုးကိုလည်း မထိခိုက်ရအောင်၊ တိုးတက်ဖွံ့ ဖြိုးမှုကိုလည်း မနစ်နာရအောင်၊ ပြည်နယ်က ပြည်သူပြည်သားတွေရဲ့ သဘောထား ဆန္ဒကို ဖြည့်တဲ့အနေနဲ့ ကျွန်တော်ရောက်ခဲ့တဲ့ မီဇိုရမ်ပြည်နယ်ဆိုရင် အဲဒီလို အနေအထား အပြည့်အ၀ ရရှိတဲ့အခါကျတော့ အိန္ဒိယက ကမ္ဘာမှာ တည်တည်ငြိမ်ငြိမ်နဲ့ ဒီလောက်လူဦးရေများ၊ ကိုးကွယ် ယုံကြည်မှုများတဲ့ နိုင်ငံက လုပ်ဆောင်နိုင်တာပေါ့လေ။ ပြောချင်တာက အိန္ဒိယမူကို ပုံစံတူ ယူရမယ်မဆိုလိုပါဘူး။ ကျွန်တော်တို့အားလုံး ညှိညှိနှိုင်းနှိုင်းနဲ့ ဘယ်လိုလုပ်ကြမလဲဆိုတာကို ဆွေးနွေးပြောဆိုကြမယ်ဆိုရင် ဒီငါးနှစ်အတွင်း တစ်ခုခုတော့ ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။
TREND ။ ။ တချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာ လူငယ်တွေကို သွေးသစ်လောင်းလာတာမျိုး၊ လူငယ်တွေကို နေရာပေးလာတာမျိုးတွေ့ရတယ်။ ဒါကြောင့် လူငယ်တွေဦးဆောင်ပြီး ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကို ရောက်လာဖို့လမ်းစတစ်ခုလို့ မြင်မိပါသလား။
MAPS ။ ။ လူငယ်တွေကို နေရာပေးလာကြတဲ့အပေါ်မှာ စဉ်းစားစရာ အချက်တွေက လူငယ်တွေ သွက်လက်တယ်၊ ထက်မြက်တယ်၊ မာန်မာနကြီးတယ်ဆိုတဲ့ အပိုင်းမျိုးရှိတာပေါ့လေ။ ဒါပေမဲ့ တချို့လူငယ်တွေကတော့ စဉ်းစဉ်းစားစားချိန်ချိန်ဆဆနဲ့ ရှိကြပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေမှာ လူငယ် တွေအစားထိုး နေရာပေးလာတာဟာ လူငယ်ရဲ့ဆန္ဒကို လိုက်လျောပေးတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ လူငယ်တွေအနေနဲ့ အတိတ်က ဖြစ်စဉ်တွေကို လေ့လာသုံးသပ်ပြီး ငြိမ်းချမ်းရေးကို လက်ဆင့်ကမ်းဖို့ လိုပါတယ်။
TREND ။ ။ ကျွန်တော်တို့နိုင်ငံအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် ဖြတ်သန်းလာတဲ့အတွေ့ အကြုံတွေကို အခြေခံပြီး ဘာများပြောချင်တာတွေ ရှိပါသလဲ။
MAPS ။ ။ ကျွန်တော် မကြာခဏ ပြောဖူးပါတယ်။ ကျွန်တော်တို့ဘက်က အဘိုးမူတူးဆေးဖိုးလည်း ဘာပြောသလဲဆိုတော့ ငြိမ်းချမ်းရေးကို သွေးတစ်စက်မှ မကျဘဲနဲ့ ရယူချင်တယ်။ ပြောချင်တာက သွေးတစ်စက်မှ မကျဘူးဆိုတာက စားပွဲပေါ်မှာ ဆွေးနွေးတာပဲ။ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ပဲလေ။ ပစ်ကြ၊ တိုက်ကြ၊ ခိုက်ကြ၊ လက်နက်နဲ့ ဖြေရှင်းတဲ့နည်းကတော့ မရဘူး။ မရတဲ့အခါကြတော့ အတတ်နိုင်ဆုံး သူ့ဘက်ကလည်း နည်းနည်းလျှော့၊ ကိုယ့်ဘက်ကလည်း နည်းနည်းလျှော့ရမယ်။ သူတင်း ကိုယ်တင်း ဆိုရင်တော့ ဘာအဖြေမှ ထွက်မှာမဟုတ်ဘူး။ နည်းနည်းစီ လျှော့ကြဖို့လိုတယ်။ တိုက်ကြ၊ ခိုက်ကြ တဲ့နည်းနဲ့ မဟုတ်ဘဲ တွေ့ဆုံဆွေးနွေးပြောကြ၊ ဆိုကြ၊ အလျှော့ပေးကြ၊ လိုက်လျောကြတဲ့ နည်းနဲ့မှပဲရ မယ်။ သူတင်းကိုယ်တင်းဆိုရင် ပြတ်ရုံပဲရှိမယ်။ တစ်ဖက်နဲ့တစ်ဖက် လျှော့သင့်တာ လျှော့ပေးမှပဲ တိုင်းပြည်ရဲ့ အနာဂတ်ဟာ လှပလာလိမ့်မယ် ကျွန်တော် ပြောချင်ပါတယ်။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၁ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )