၂၀၂၆ ၊ ဇန်နဝါရီ ၈
ဒေါက်တာထွန်းထွန်း၏ ကိုယ်ရေးအကျဉ်း
ဒေါက်တာထွန်းထွန်းဝင်းသည် တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းဒေသကြီး၏ ဥပဒေရေးရာအကြံပေး ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ဥပဒေရေးရာ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်သည်။ ရရှိခဲ့သော ဥပဒေဆိုင်ရာဘွဲ့များမှာ LLB,M.A (Business Law) ,Ph.D နှင့် .B.L,D.I.L,D.M. L,D.I.P.L,WIPO ဖြစ်သည်။ နိုင်ငံရေးအတွေ့အကြုံအရ ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းပါတီကော်မတီဝင် သုံးခွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၂၀၂၀ တွင် ပြိုင်ခဲ့ဖူးသည်။
"NLD မပါလို့ ကြံ့ခိုင်ရေးကအများစု နိုင်တာတော့ မဟုတ်ပါဘူး။ သူ့ပါတီကိုလည်း ကျွန်တော်တို့က မပါပါနဲ့လို့ မပြောပါဘူး။ သူ့ဘာသာ မှတ်ပုံမတင်တာနဲ့ သူ့ဘာသာ ရွေးကောက်ပွဲ ဝင်မပြိုင်တာပါ။ NLD ပါခြင်း၊ မပါခြင်းနဲ့ မဆိုင်ပါဘူး။ ပြည်သူလူထုမဲပေးခြင်း၊ မပေးခြင်းနဲ့ဘဲ အခုကိစ္စက သက်ဆိုင်သွား ပါပြီ"ဟု ဆိုသည့် USDP ပါတီ ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ ထွန်းထွန်းဝင်းနှင့် ဆက်သွယ်မေးမြန်းထားသည်ကို ရေးသားဖော်ပြလိုက်ပါသည်။
TREND ။ ။ ရွေးကောက်ပွဲ ပထမပိုင်းမှာတင် USDP က အောင်မြင်မှုတွေ အများကြီးရထားတယ်။ ကိုယ့်မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အောင်မြင်မှုအပေါ် ဘာများပြောချင်လဲ။
Dr.TTW ။ ။ ပထမပိုင်းမှာ ကျွန်တော်တို့ပါတီအနေနဲ့ အားလုံးနီးပါး နိုင်တယ်။ အများစု အနိုင်ရတယ်။ ကျွန်တော့်မိတ်ဆွေတွေလည်း ပါဝင်တယ်။ အဲဒီအတွက် သူတို့ကို ဂုဏ်ပြုပါတယ်။ လေးစားပါတယ်။ ပထမအကျော့မှာတင် ကျွန်တော်တို့အတွက် အင်အားတစ်ရပ် ဖြစ်အောင် စွမ်းဆောင်ပေး ခဲ့တဲ့အတွက် ပါတီဥက္ကဋ္ဌကြီးအပါအဝင် လွှတ်တော်ကိုယ်စားလှယ် အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အတွက် ဘယ်လိုအင်အားတွေ ရလိုက်သလဲဆိုရင် အခုလည်း လုံ့လစိုက်မယ်။ နောက်လည်း လုံ့လစိုက်မယ်။ မဆုတ်မနစ် ကြိုးစားသွားမှာပါ။ ကျွန်တော်တို့လည်း အကောင်းဆုံး လုပ်ဆောင်နေ တာဖြစ်လို့ အကောင်းဆုံးအဖြေတစ်ခုရမှာပါ။
TREND ။ ။ ကိုယ်တိုင်ရော အခုရွေးကောက်ပွဲမှာ အောင်မြင်မှုရမယ်လို့ ယုံကြည်ချက်ရှိလား။
Dr.TTW ။ ။ ကျွန်တော်တို့ပါတီကိုက ခြင်္သေ့တံဆိပ်လေ။ သားကောင် သေးသေး၊ ကြီးကြီး။ ဘယ် သားကောင်ကိုပဲဖမ်းဖမ်း ဒီလုံ့လ ဝီရိယအတိုင်း ကျွန်တော်တို့က ဖမ်းမှာပဲ။ ကျိန်းသေတာက အောင်ကို အောင်မြင်ရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်တာဖြစ်လို့ ကျွန်တော်လည်း အောင်မြင်မှုရမယ်လို့ တထစ်ချယုံကြည်ပါတယ်။

TREND ။ ။ ကြိုတင်မဲနဲ့ ပတ်သက်လို့ သို့လောသို့လော အသံလေးတွေ ကြားရတယ်။ ကြိုတင်မဲမှာလည်း USDP ကသာ ရခဲ့တယ်ဆိုတာမျိုး ဝေဖန်မှုတွေရှိတယ်။ တချို့ မကျေလည်တာ တွေရှိတယ်။ အဲဒီအတွက်ရော ဘယ်လိုများသုံးသပ်မိလဲ။
Dr.TTW ။ ။ UEC က သူ့အလုပ် သူလုပ်နေတာပါ။ ကြိုတင်မဲကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ရဲ့ ဒိုင်လူကြီးဖြစ်တဲ့ UEC ကို ကျွန်တော်ကတော့ ကောင်းခြင်း၊ ဆိုးခြင်း မဝေဖန်လိုပါဘူး။ ဒါပေမဲ့ ဘယ်အစိုးရ အဆက်ဆက်ဖြစ်ဖြစ် UEC သည် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ အဆက်ဆက်မှာ သူတို့လုပ်နိုင်သမျှ အကောင်းဆုံးလုပ်ခဲ့တာပါ။ အဲဒီအတွက် သူတို့ကိုဝေဖန်မယ့်အစား နောင်တစ်ချိန်မှာ ပိုကောင်းတဲ့ ရွေး ကောက်ပွဲကော်မရှင်ဖြစ်ဖို့ ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်ဖို့ပဲ စိတ်ထဲမှာ ရှိပါတယ်။ ဝေဖန်ဖို့ထက် ပူးပေါင်းဆောင်ရွက်ဖို့ပဲ စိတ်ထဲမှာ ထည့်ထားပါတယ်။
TREND ။ ။ နိုင်ငံတော်အကြီးအကဲကလည်း ပြောထားတယ်။ လွတ်လပ်ပြီးတရားမျှတဲ့ ရွေးကောက်ပွဲဖြစ်ရမယ် ဆိုတဲ့အတွက် ကိုယ်တိုင်ရော လွတ်လပ်ပြီး တရားမျှတဲ့ပွဲလို့ ယူဆလား။
Dr.TTW ။ ။ လွတ်လပ်ပြီး တရားမျှတတဲ့ပွဲပါပဲ။ ကျွန်တော့်ယူဆချက်ပါ၊ ပါတီရဲ့ ယူဆချက် မဟုတ်ဘူး။ ဘာကြောင့် လွတ်လပ်ပြီး တရားမျှတသလဲဆိုရင် ရွေးကောက်ပွဲ မလုပ်ခင်ကတည်းက ဘယ်နေ့ရွေးကောက်ပွဲ လုပ်မယ်၊ ပါတီတွေ ဘယ်နေ့မှတ်ပုံတင်ရမယ်။ ဘယ်သူ့ ကိုလာပါ။ ဘယ်သူ့ကို မလာပါနဲ့ မပြောပါဘူး။ မလာချင်တဲ့သူတွေ မလာကြတာရှိတယ်။ ရွေးကောက်ပွဲကိုလည်း ဘယ်နေ့ လုပ်မယ်။ အပိုင်းဘယ်နှပိုင်းလုပ်မယ်။ ကော်မရှင်အနေနဲ့က တစ်ဆင့်ချင်း အခြေခံဥပဒေအရ အာဏာထိန်းထားတဲ့ ကာလမှာတောင် အဆင့်လိုက် အဆင့်လိုက် ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို အခြေအနေတစ်ခုလုံးကို တည်နေတဲ့ အနေအထားမှာ အခက်အခဲတွေရှိပါတယ်။ တစ်ဖက်ကလည်း လက်နက် ကိုင်ပဋိပက္ခ တွေရှိတယ်။ ဒီဘက်မှာလည်း UEC ဖွဲ့ပြီး ပါတီနိုင်ငံ ရေးအရ ဂုဏ်သိက္ခာရှိတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးဖြစ်ဖို့ လုပ်နေရတာဖြစ်လို့ အခက်အခဲတွေ အများကြီးရှိနိုင်တယ်။ ဒါပေမဲ့ အခုအချိန်မှာ သူတို့ဆောင်ရွက်ချက်တွေကို ကျွန်တော်ကြည့်ရတဲ့အနေအထားမှာ အကောင်းဆုံးသူတို့ လုပ်ဆောင်နေ တယ်ဆိုတာကို မြင်ရပါတယ်။ နောက်တစ်ခုက မဲကိစ္စတွေပေါ့။ ပထမအကြိမ်မှာ စက်တွေနဲ့ မဲပေးတယ်။ အဲဒီမှာ ကျွန်တော်တို့က ပယ်မဲလည်း မရှိဘူး။ မသင်္ကာစရာမဲလည်း ဘာမှမရှိဘူးဆိုတာကို နိုင်ငံတကာ သတင်းထောက်တွေလည်း လာပြီးတော့ ကြည့်သွားပါပြီ။ မဲလာပေးတဲ့ ရာခိုင်နှုန်းက NLD ခေတ်က အနေအထားထက်တောင် နည်းနည်းသာနေတယ်လို့ သိရပါတယ်။ တကယ်လို့ ပြည်သူလူထုက မယုံကြည်ဘူးဆိုရင် ဒီလို မဲလာပေးပါ့မလား။ တကယ်လည်း ပြည်သူက လာပေးတယ်။ USDP က အများ စုနိုင်တယ်။ တစညလည်း ပါလာတယ်။ တိုင်းရင်းသားပါတီ တချို့ ပအိုဝ်းလည်းပါလာတယ်။ တကယ်လို့များ သူတို့က ရွေးကောက်ပွဲက မသမာမှု ရှိတယ်ဆိုရင် သူတို့က တိုင်မှာပေါ့။ အဲဒီလို မဟုတ်ဘဲ ပထမပိုင်းမှာတင် ညီညီညွတ်ညွတ် အေးအေးချမ်းချမ်း ဖြစ်နေပြီဆိုတဲ့အတွက် အများအားဖြင့်တော့ သမာသမတ်ကျတဲ့ အနေအထားကို တွေ့ ရပါတယ်။
TREND ။ ။ ရွေးကောက်ပွဲ ပထမပိုင်းရလဒ်အရ USDP က အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းနိုင်မယ့် အခြေအနေရှိတယ်လို့ ပြောလို့ရမလား။
Dr.TTW ။ ။ ပထမပိုင်းတင် ပြောလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပထမ၊ ဒုတိယ၊ တတိယ သုံးပိုင်းလုံး ပြီးသွားမှသာ လွှတ်တော်ခေါ်တာတွေ၊ အစိုးရဖွဲ့ဖို့ ရွေးချယ်ရတာတွေ အဲဒါတွေ အားလုံးပြီးမှ အစိုးရဖွဲ့ ရမှာဆိုတော့ ပြောဖို့စောပါသေးတယ်ခင်ဗျ။
TREND ။ ။ ဒီပွဲမှာ NLD မပါလို့ USDP က မဲအနိုင်ရတယ်လို့ ပြောဆိုကြတဲ့ အပေါ်မှာရော ဘာများမှတ်ချက်ပေးချင်လဲ။
Dr.TTW ။ ။ NLD မပါလို့ USDP မဲအနိုင်များတယ်လို့ ပြည်သူထုက အွန်လိုင်းမှာ ရေးသားပြောဆိုတာ မြင်မိပါတယ်။ ဒါပေမဲ့ NLD ပါခြင်း၊ မပါခြင်းထက် ရွေးကောက်ပွဲ ဖြစ်စဉ်တိုင်းမှာ ကြံ့ခိုင်ရေးပါတီကတော့ ကိုယ်တတ်စွမ်းသ၍ ကိုယ့်ပါတီ၊ ကိုယ့်တိုင်းပြည်အတွက် အလုပ်လုပ်နေပါတယ်။ NLD မပါလို့ ကြံ့ခိုင်ရေးကအများစု နိုင်တာတော့ မဟုတ်ပါဘူး။ NLD က သူ့လူနဲ့သူ ရှိပါတယ်။ သူ့ပါတီသာ မပါတာပါ။ သူ့ပါတီကိုလည်း ကျွန်တော်တို့က မပါပါနဲ့လို့ မပြောပါဘူး။ သူ့ဘာသာ မှတ်ပုံမတင်တာနဲ့ သူ့ဘာသာ ရွေးကောက်ပွဲ ဝင်မပြိုင်တာပါ။ NLD ပါခြင်း၊ မပါခြင်းနဲ့ မဆိုင်ပါဘူး။ ပြည်သူ လူထု မဲပေးခြင်း၊ မပေးခြင်းနဲ့ပဲ အခုကိစ္စက သက်ဆိုင်သွားပါပြီ။
TREND ။ ။ NLD ကို ပေးခဲ့တဲ့မဲတွေဟာ ဘယ်ပါတီကို ရောက်သွားမလဲဆိုတဲ့ စဉ်းစားချက် တွေ ရှိခဲ့ဖူးတယ်။ အခု ပထမပိုင်းရလဒ်မှာ အဲဒီတွေးထင်ထား ခဲ့ကြတဲ့အတိုင်း မဖြစ်လာဘူး။ USDP ကသာ ဦးဆောင်အနိုင်ရထားတဲ့အတွက် ဘာများပြောချင်လဲ။
Dr.TTW ။ ။ ကျွန်တော့်အမြင်အရ ပြည်သူလူထုက ဓမ္မနဲ့အဓမ္မကို ကွဲကွဲပြားပြားသိနေပြီ။ ဘယ်လိုလူမျိုးတွေက ဓမ္မ၊ ဘယ်လိုလူမျိုးတွေက အဓမ္မဆိုတာ ပြည် သူတော်တော်များများ သိနေပါပြီ။ တခြား (ပိတ်) နေတဲ့ လူတွေတော့ မပါပါဘူး။
TREND ။ ။ ခေတ်ကာလ အခြေအနေအရ ပြည်သူတွေ အခုလောက်ထိ မဲပေးကြမယ်လို့ မထင်ထားခဲ့ကြဘူး။ သို့သော် အနယ်နယ် အရပ်ရပ်မှာ အင်တိုက်အားတိုက် မဲပေးကြတဲ့ မဲဆန္ဒရှင်ပြည်သူတွေကို ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့ ဘာများပြောချင်လဲ။
Dr.TTW ။ ။ ၂၀၂၅-၂၆ နိုင်ငံရေး အခင်းအကျင်းမှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ မဲလာပေးကြတဲ့ ပြည်သူတွေကို ကျွန်တော့်အနေနဲ့ အင်မတန် လေးစား ဂုဏ်ပြုပါတယ်။ နိုင်ငံတော်ရဲ့ ရှေ့ဆက်သွားမယ့် ပြုပြင်ပြောင်းလဲရေးတွေနဲ့ ဒေသဖွံ့ဖြိုးမှုတွေလုပ်မယ့် အစိုးရတစ်ရပ်ကို ကိုယ်တိုင်မဲပေး ရွေးချယ်ပြီးတော့ နိုင်ငံတော် တိုးတက်ဖို့ ပူးပေါင်းလုပ်ဆောင်တဲ့ မဲဆန္ဒရှင်တွေဟာ နိုင်ငံတော်ရဲ့ သူရဲကောင်းတွေလို့ လေးလေးစားစား အသိအမှတ်ပြုပါတယ်ခင်ဗျ။
TREND ။ ။ အစ်ကိုက ရွေးကောက်ပွဲ တတိယပိုင်းမှာ နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဦးမှာ လား။
Dr.TTW ။ ။ ကျွန်တော်တို့ ရန်ကုန်တိုင်းက နိုင်ငံရေး Politic ပဲ။ ရန်ကုန်တိုင်းမှာ အများစု နိုင်ရင် နိုင်ငံတစ်ဝန်းလုံးကလည်း ရန်ကုန်တိုင်းကို အခြေခံပြီးတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအားလုံးက ရန်ကုန်တိုင်းကို အခြေခံရတာပဲ။ ပထမပိုင်းမှာတင် ၁၂ မြို့နယ် အပြည့်အ၀ နိုင်ပါတယ်။ ဒုတိယပိုင်းလည်း အနိုင်ရပြီး။ တတိယပိုင်းမှာလည်း ကျွန်တော့်မဲန္ဒနယ် အပါအဝင် အပြည့်အ၀ နိုင်မယ်လို့ ယုံကြည်ပါတယ်ဗျ။
TREND ။ ။ မဲဆွယ်ကာလ ကျန်နေသေးတော့ လူထုကို အနီးကပ်ဘာများထပ်ပြီး အသိပေး ချင်တာရှိလဲ။
Dr.TTW ။ ။ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ယောက်အနေနဲ့ ပြောချင်တာကတော့ တိုင်းပြည်အတွက် ဝိုင်းဝန်းကူညီပြီးတော့ နောက်ဆုံးအသုတ်ဖြစ်တဲ့ ကျွန်တော်တို့အသုတ်မှာလည်း ပထမအသုတ်တွေလို မဲလာပေးကြပါ။ ကျွန်တော်တို့ပါတီမှ မဟုတ်ပါဘူး။ တိုင်းပြည်ကို တကယ်ချစ်တဲ့၊ တကယ်လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပါတီ၊ နိုင်ငံတကာက အသိအမှတ်ပြူပြီး တော့ အစိုးရဖြစ်ခဲ့ဖူးတဲ့။ အတိုက်ခံကောင်း၊ အစိုးရကောင်းဖြစ်ခဲ့ဖူးတဲ့ ဒီလိုပါတီကိုပဲ နိုင်ငံရဲ့ကောင်းကျိုး၊ ဆိုးကျိုးကိုရော တာဝန်ခံနိုင်မယ့် ပါတီကိုပဲ မဲလာပေးရင်းနဲ့ အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်ကြပါစို့လို့ ပြောချင်ပါတယ်။
TREND ။ ။ အစ်ကို့ရဲ့ ရွေးကောက်ပွဲ မျှော်မှန်းချက်က ဘယ်လိုများလဲ။ လူထုအတွက် ဘာလုပ်ပေးချင်တာရှိလဲ။
Dr.TTW ။ ။ ကျွန်တော်က ဥပဒေပညာရှင် တစ်ယောက်ပါ။ ကျွန်တော့်ဒေသနဲ့ တိုင်းပြည်အတွက် အများကြီး လုပ်ပေးချင်တယ်။ နံပါတ်(၁) ပညာရေး၊ တိုင်းပြည်မှာ ပညာတတ်မှ၊ ဦးနှောက်ရှိမှ၊ အသိÓဏ်ရှိမှ၊ စဉ်းစားနိုင်မှ Physical နဲ့ လုပ်ရမယ့် အလုပ်တွေ ဖြစ်လာမယ်။ အဲဒီတော့ အတွေးအခေါ် ရင့်ကျက်လာဖို့၊ ပညာတတ်ဖို့က နံပါတ်(၁) အရေးကြီးတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ အရေးကြီး ပါတယ်။ တိုင်းပြည်တစ်ပြည်မှာ ဒေသဖွံ့ဖြိုးမှုနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို ကိုယ်စားလှယ်လောင်းတွေက ကြိုတင်တွေးဆပြီးတော့ စီမံကိန်း Plan ဆွဲထားဖို့လည်း အရေးကြီးပါတယ်။ ကျွန်တော့် ဒေသရော၊ ပါတီတစ်ခုလုံးအနေနဲ့ရော ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ပါပြီးသားပါ။ ဒေသမှာ လိုအပ်တဲ့ ပညာရေး၊ ဖွံ့ဖြိုးရေးတွေကို စည်းစနစ်ကျကျနဲ့ အခုအချိန်ကတည်းက စပြီး ကြိုတင်မှန်းဆပြီး ရေးဆွဲထားတာတွေ ရှိပါတယ်။
TREND ။ ။ ဆိပ်ကြီးခနောင်တိုမှာ အဓိကလို အပ်ချက်ကဘာလဲ။ အစ်ကို လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရင် ဘာကိုအရင်လုပ်ပေးမလဲ။
Dr.TTW ။ ။ ဆိပ်ကြီးခနောင်တိုက ရန်ကုန်တိုင်း ၄၅ မြို့နယ်မှာ ကိုကိုးကျွန်းမပါ ၄၄ မြို့နယ်မှာ ဆိပ်ကြီးခနောင်တိုက ကျွန်းပေါ်မှာ မြို့တည်ထားပြီးတော့ ရန်ကုန်နဲ့ နီးကပ်ပေးမယ့်လည်း အရမ်းကိုဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့ မြို့နယ်လေး ဖြစ်ပါတယ်။ အဲဒီအတွက် လွှတ်တော်ထဲ ရောက်ရင် ဒေသဖွံ့ဖြိူးရေးကို နံပါတ်(၁) လုပ်ပေးပါမယ်။ လမ်းပါမယ်၊ တံတားပါမယ်။ သောက်ရေကန်၊ လျှပ်စစ်မီး ဒါတွေက နံပါတ်(၁)အချက်ပါ။ နောက်တစ်ခု ပညာသင်ကြားရမယ့်အရွယ် ကလေးငယ်တွေကို ကျောင်းထဲကို အရောက်ပို့နိုင်ဖို့ စီမံဆောင်ရွက်ပြီးတော့ ဒီဒေသမှာ ပညာတတ်ထွန်းကားပြီး မြို့ လယ်ကောင်နဲ့နီးပါးတူတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်းဆုံး လုပ်ဆောင်ဖို့ စီမံကိန်းချထားပါတယ်။
TREND ။ ။ အရင်တုန်းကရော ရွေးကောက်ပွဲ ဝင်ခဲ့ဖူးလား။
Dr.TTW ။ ။ ဝင်ခဲ့ပါတယ်။ ၂၀၂၀ မှာ သုံးခွ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် USDP ကနေ ဝင်ခဲ့ပါတယ်။
TREND ။ ။ အဲဒီတုန်းက အခြေအနေနဲ့ အခုအခြေအနေ ဘာကွာလဲ။
Dr.TTW ။ ။ အဲဒီ၂၀၂၀ အခြေအနေက ခြေတွေလက်တွေ ကြိုးတုပ်ပြီး ဘောလုံးကန်ခိုင်း သလိုပါပဲ။ အခုအခြေအနေက လွတ်လွတ်လပ်လပ်နဲ့ USDP အပါအဝင် ပါတီအကုန်လုံးက ဘယ်သူ့ကိုမှ ဘယ်မသွားရဘူး၊ ညာမသွားရဘူး၊ ဘာမလုပ်ရဘူးဆိုတာ မရှိပါဘူး။ ဥပဒေဘောင်ထဲကနေ အကုန်လုံး မဲဆွယ်ပိုင်ခွင့်ရှိတယ်။ သွားပိုင်ခွင့်ရှိတယ်။ လာပိုင်ခွင့် ရှိတယ်။ ရန်ကုန်တိုင်းမှာ ညမထွက်ရအမိန့်တောင် ရုပ်သိမ်းပြီးတော့ လွတ်လွတ်လပ်လပ် မဲဆွယ်စည်းရုံးရတဲ့ အနေအထားတွေ ရှိပါတယ်။ အဲဒီတော့ အများ ကြီးကွာပါတယ်။ ၂၀၂၀ ဟို ဘက်က UEC နဲ့ အခု UEC နဲ့က ဆီနဲ့ရေလိုကွာပါတယ်။
TREND ။ ။ အဲဒီတုန်းကရလဒ်က ဘယ်လို များရှိခဲ့လဲဗျ။
Dr.TTW ။ ။ အဲဒီတုန်းက ရလဒ်က ကျွန်တော်က ဒုတိယရပါတယ်။ အဲဒီတုန်းက ဒေါ်စုစုလွင်နဲ့ ပြိုင်ရတာ။ NLD က ပထမ၊ ကျွန်တော်က ဒုတိယရပါတယ်။
TREND ။ ။ လူထုနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက စိုးရိမ်တာတစ်ခု ရှိတယ်။ တစ်ပါတီ ကြီးစိုးမှုကို ကြောက်တယ်။ အဲဒီလိုမဖြစ်ရလေအောင် ဘယ်လိုများ အကြံဉာဏ်ပေးချင်လဲ။
Dr.TTW ။ ။ အခုလည်း နိုင်ငံတော်အကြီးအကဲအနေနဲ့ အဲဒီလိုကိစ္စတွေကို အတတ်နိုင်ဆုံး တိုင်းဒေသကြီး၊ ပြည်နယ်၊ အမျိုးသားလွှတ်တော် အဆင့်တွေမှာ အနိုင်ရအကုန်ယူစနစ် FPTP နဲ့ မသွားဘဲနဲ့ ပြည်သူ့ လွှတ်တော်တစ်မျိုးပဲ FPTP နဲ့ သွားပြီးတော့ ကျန်တာက FPTP ရော၊ PR ရော Mix လုပ်ပြီး တော့သွားပါတယ်။ PR ကလည်း PR အလျောက် သူက သူရဲ့ Ratio အတိုင်းတက်လာမှာပါ။ တိုင်းဒေသ ကြီးအဆင့်မှာလည်း သူရဲ့ Ratio အတိုင်း တက်လာမှာပါ။ ပြည်ထောင်စုလွှတ်တော်မှာ အနိုင်ရပါတီက တစ်ခုတည်းမဟုတ်ဘဲ တခြားတိုင်းရင်းသားပါတီတွေ တက်လာမယ်။ အနိုင်ရ အကုန်ယူအပြင်ကို PR က ပါလာမယ့် ကိုယ်စားလှယ်လောင်းတွေကလည်း တက်လာမယ်။ အဲဒီအတွက် ၂၀၂၅ ရွေးကောက်ပွဲ အခင်းအကျင်းက ကြံ့ခိုင်ရေးပါတီတစ်ခုတည်း၊ ပါတီကြီးတစ်ခုတည်း အာဏာရပြီး ရှေ့က ဦးဆောင်မှာ မဟုတ်တော့ဘဲနဲ့ တခြားပါတီတွေပါ ပါလာပြီးတော့ ပါတီစုံ လွှတ်တော်ထဲမှာ တွေ့ရလိမ့်မယ်။ အစိုးရဖွဲ့ နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
TREND ။ ။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဘာများ ဖြည့်စွက်ပြောချင်လဲ။
Dr.TTW ။ ။ ရွေးကောက်ပွဲတိုင်းမှာ ပါတီတွေ ဝင်ပြိုင်ကြတယ်။ ခေတ်က တစ်ခေတ်နဲ့တစ် ခေတ် မတူပါဘူး။ မဲပေးစနစ်လည်း မတူပါဘူး။ ဟိုးအရင်က အမှန်ခြစ်တယ်။ တံဆိပ်နှိပ်တယ်။ အခုဆို ရင် စက်ခလုတ်နှိပ်တယ်။ တဖြည်းဖြည်း ပုံစံပြောင်းလာတယ်။ ဟိုတုန်းက FPTP နိုင်သူအကုန်ရစနစ်။ အခုက FPTP နဲ့ PR နဲ့ ပေါင်းတယ်။ တခြားပါတီငယ်တွေပါ ပါလာစေချင်တဲ့ ဆန္ဒနဲ့ နိုင်ငံတော်က ကောင်းတဲ့ ဦးတည်ချက်နဲ့ လုပ်ပေးတာ။ ဒီလိုကောင်းအောင် လုပ်ပေးခဲ့တဲ့ နိုင်ငံတော် အကြီးအကဲတွေနဲ့ UEC ကို အပြစ်ပြောမယ့်အစား ပူးပေါင်းဆောင်ရွက်ပြီးတော့ နောက်နှစ် နောင်နှစ်တွေမှာလည်း ဒီ့ထက်ကောင်း တဲ့၊ သာလွန်တဲ့ UEC နဲ့ နိုင်ငံတော်မှာ ပိုမိုကောင်းမွန်တဲ့ ရွေးကောက်ပွဲတွေ ဆက်လုပ်ကြပါစို့လို့ ပြော ချင်ပါတယ်။
TREND ။ ။ အခုလိုဖြေကြားပေးတာ ကျေးဇူး တင်ပါတယ်။
(ကွန်းဈာန်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၅၀ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )