Breaking

အရမ်း Sexy ဖြစ်တဲ့ပုံတွေ ဗီဒီယိုတွေရိုက်ပြီး Website ကနေ ပိုက်ဆံရှာတာ လုံး၀ မလုပ်တော့ဘူးဆိုတဲ့ . . . . မော်ဒယ်နန်းမွေစံ

၂၀၂၆ ၊ ဇန်နဝါရီ ၇

    ၂၀၂၂ ခုနှစ် စက်တင်ဘာအတွင်းက အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃ (က) ဖြင့် ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခဲ့ရသည့် မော်ဒယ်နန်းမွေစံသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက်က နိုင်ငံတော် အစိုးရကနေ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ၎င်းင်းပြန်လည်လွတ်မြောက်လာသည့်အပေါ် ၎င်း၏ပရိသတ်များက ဝမ်းသာကြသည်။ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာသည့် အခြေအနေ၊ အကျဉ်း‌ထောင်တွင်း အတွေ့အကြုံနှင့် ဆက်လက်လျှောက်လှမ်းမည့် အနုပညာလှုပ်ရှားမှု အခြေအနေတို့နှင့်ပတ်သက်၍ မော်ဒယ်နန်းမွေစံအား ဆက်သွယ်မေးမြန်းထားပါသည်။

TREND ။        ။ နိုင်ငံတော်အစိုးရကနေ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့အပေါ်  မှတ်ချက်ပြုပေးပါဦး။
NMS    ။        ။
မွေစံ လွတ်လာလို့ အရမ်းပျော်ပါတယ်။ နိုင်ငံတော်ကိုလည်း ကျေးဇူးတင်ပါတယ်။ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာတဲ့အတွက် အရမ်းပျော်ပါတယ်။ ပျော်ပါတယ်။ အမေနဲ့လည်း ခွဲနေရတာက သုံးနှစ်ကျော်သွားပြီဆိုတော့ အမေ့ကိုရော၊ မောင်လေးကိုရော သတိရမိခဲ့တာပေါ့။ သုံးနှစ်နဲ့ လေးလကျော်နေခဲ့ရတာ မိသားစုကို လွမ်းတာပေါ့။

TREND ။        ။ အထဲမှာ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေ အတွေ့အကြုံတွေကိုလည်း ပြောပြပေးပါဦး။
NMS    ။        ။
အထဲမှာတော့ ထောင်ရဲ့စည်းမျဉ်း စည်းကမ်းအတိုင်း နေရတာပေါ့။ အားလုံး အဆင်ပြေပါတယ်။ သူတို့တစ်တွေလည်း ကိုယ့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံကြပါတယ်။ ပြီးတော့ ကိုယ့်ကိုယ် ကိုယ်လည်း ကိုယ့်ရဲ့အမှားတွေကို ပြန်ပြီးတော့ သုံးသပ်ဖြစ်သွားတာပေါ့။ အရင်လိုမျိုး ကိုယ်လုပ်ခဲ့တာတွေ မှန်တာ၊ မှားတာ စသည်ဖြင့် ဖတ်ဖြစ်ပါတယ်။ ထောင်ထဲမှာ အားတဲ့အချိန်တိုင်း စာတွေအများကြီး ဖတ်ဖြစ် တယ်။ ဘာသာပြန်စာအုပ်တွေ၊ ဆရာကြီး မြသန်းတင့် စာအုပ်တွေ ဖတ်ဖြစ်တယ်။ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ်တွေဆိုရင် အကုန်လုံး ဖတ်ဖြစ်သွားတယ်။ ပြီးတော့ အခုခေတ် စာရေးဆရာတွေထဲမှာဆိုရင် ချမ်းမြေ့ဝင်းရေးတဲ့ စာအုပ်တွေဆိုရင် မွေစံအရမ်းကြိုက်တယ်။ သူ့ရဲ့စာအုပ်တွေဆိုရင် အကုန်လုံး ဖတ်ဖြစ်သွားပြီ။ အပြင်မှာဆိုရင် ဒီစာအုပ်တွေကို တစ်အုပ်ဖတ်ဖြစ်ဖို့ မလွယ်ဘူးလေ။ အခုလို အထဲမှာ ဖတ်ဖြစ်ခဲ့တော့ အကျိုးရှိသွားတာပေါ့။ ပြီးတော့ မွေစံ Exercise တွေ လုပ်ဖြစ်တယ်။ တော်တော်များများက ပြောတယ်။ ပိန်သွားတာတဲ့။ ပိန်သွားတယ်ဆိုတာ အမှန်က မွေစံက ထောင်ထဲမှာ Exercise တွေ အရမ်းလုပ်လိုက်တာ။ မွေစံ အရင်တုန်းကဆိုရင် ပေါင် ၁၃၀ ရှိတယ်။ အခုမွေစံ ၁၀၈ ပေါင်ပဲရှိ တော့တယ်။ ဒါပေမဲ့ တချို့တွေက သိတယ် မဟုတ်လား။ ပိန်သွားတယ်ဆိုရင် စိတ်မကောင်း ဖြစ်ကြတယ်။ အမှန်က မွေစံကိုယ်တိုင် ဝိတ်လျှော့ လိုက်တာ၊ တခြားအကြောင်းအရာ မဟုတ်ပါဘူး။ အဓိကတော့ ထောင်ထဲမှာ နေရတယ်ဆိုတာ ကိုယ့်ရဲ့အိမ်လို မဟုတ်ဘူးလေ။ သူ့ရဲ့ စည်းမျဉ်းစည်း ကမ်းအတိုင်း နေရတာတွေရှိတယ်။ အားလုံးနဲ့လည်း အဆင်ပြေအောင် နေရတယ်။ စိတ်ဖိစီးမှုတွေကတော့ ရှိတာပေါ့။ အထူးသဖြင့် အိမ်ကိုလည်း အရမ်းလွမ်းတယ်။ ထောင်ဝင်စာကတော့ တွေ့လို့ရတယ်။ အမေက တစ်လတစ်ခါ ထောင် ဝင်စာ လာလာပို့တယ်။ ပါဆယ်တွေ ပို့ပေးတယ်။ အစားအသောက်တော့ ဘာမှ မပူရပါဘူး။ ဒါပေမဲ့ အရင်လို အမြဲ ကိုယ်စားချင်တာ စားလို့မရတာတွေ ရှိတယ်။ အခုဆို မွေစံ ထောင်က လွတ်လာတဲ့ အချိန်မှာ အဓိဋ္ဌာန်ပြုထားတယ်၊ Alcohol လုံးဝမသောက်တော့ဘူး။ အရင်တုန်းကဆိုရင် သူငယ်ချင်းတွေနဲ့ Bar သွားရင် Alcohol တွေ၊ ဘာတွေသောက်ဖြစ်ခဲ့တယ်။ အခု လုံး၀မသောက်တော့ဘူး။ ဘာလို့လဲဆိုတော့ ပိုပြီးတော့ ကျန်းမာရေး ပိုကောင်းလာတယ်လို့ ခံစားရတယ်။ အဓိကကတော့ စိတ်ပေါ့။ စိတ်ကိုမနည်း Strong ဖြစ်အောင် ထားရတာပေါ့။

TREND ။        ။ ကိုယ့်ရဲ့ အမှားတွေနဲ့ပတ်သက်ပြီး  ဘယ်လို ပြန်ပြီး သုံးသပ်ဖြစ်ခဲ့လဲ။
NMS    ။        ။
အပြင်မှာ အထိန်းအကွပ်မရှိသလို ဖြစ်နေတာ။ အမေကလည်း မွေစံကို တားပါတယ်။ တစ်ခုခု လွန်လွန်ကျွံကျွံ ဖြစ်လာရင် တားပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဘရိတ်မရှိ လုပ်ချင်သလို လုပ်နေတာတွေ ရှိခဲ့တယ်။ အဲဒါတွေကို ပြန်တွေးပြီးတော့ ကိုယ့်ရဲ့ ဆရာဝန်ဆိုတဲ့ ဂုဏ်သိက္ခာကို မထောက်ဘဲနဲ့ ကိုယ်က အဲဒီလိုတွေ လုပ်ခဲ့မိတယ်ဆိုတာကို ပြန်တွေးမိတာပါ။ လုပ်သင့်လား၊ မလုပ်သင့်ဘူးလား ပြန်စဉ်း စားမိတာတွေလည်း ရှိခဲ့တာပေါ့။ ပြီးခဲ့တာတွေ ပြီးသွားပြီဆိုတော့ တချို့ မွေစံလုပ်တာ မှန်တာတွေလည်း ရှိခဲ့ပါတယ်။ မှားခဲ့တာတွေလည်း အနည်းငယ်ရှိခဲ့တယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်တယ်။ ပြောရရင်တော့ နံပါတ် (၁) အချက် စာအုပ်တွေအများကြီး ဖတ်ဖြစ်ခဲ့တဲ့အတွက် အသိ ဉာဏ် ဗဟုသုတ‌တွေ များလာတယ်။ Exercise တွေလည်း လုပ်ဖြစ်ခဲ့သလို ဘဝရဲ့နေနည်းပါ ပိုပြီးတော့ နားလည်လာခဲ့တယ်။ နောက်တစ်ချက်က ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ မှားခဲ့တဲ့အရာတွေကို သုံးသပ်ဖြစ်ခဲ့တယ်။ ဘာကြောင့်လဲဆိုရင် လူက အမြဲတမ်းကြီးလည်း မှားမနေနိုင်ပါဘူးပေါ့။

TREND ။        ။ အနုပညာ လှုပ်ရှားမှုတွေကို ဘယ်လိုပုံစံမျိုးနဲ့ ဆက်လက် လုပ်ဆောင်သွားမလဲ။
NMS    ။        ။
အခုက တစ်ပတ်လောက်တော့ နားလိုက်ဦးမယ်။ နားပြီးတော့ အလုပ်လေးတွေတော့ ဆက်လုပ်မယ်ပေါ့။ အရင်လို Website မလုပ်တော့ဘူး။ အဲဒါကြောင့်လည်း တရားစွဲခံခဲ့ရတာကိုး။ ဒါကြောင့် အရမ်း Sexy ဖြစ်တဲ့ပုံတွေ ဗီဒီယိုတွေရိုက်ပြီး Website ကနေ ပိုက်ဆံရှာတာ လုံးဝမလုပ်တော့ဘူး။ ဒီအတိုင်းပဲ Social Influencer ၊ IT Model အဲဒီလိုပုံစံလေးလောက်နဲ့ အနုပညာလှုပ်ရှားမှုလေးတွေ ဆက်လုပ်သွားမှာပါ။ Sexy ဖြစ်တဲ့ပုံတွေတော့ ရိုက်တော့ ရိုက်ဖြစ်မယ်။ ဟိုလိုမျိုး ဗီဒီယိုတွေတော့ မရိုက်တော့ပါဘူး။ အရင်တုန်းက လုပ်ခဲ့တဲ့ Only fan တို့၊ Exantria တို့ အဲဒီကအလုပ်တွေ ဆက်မလုပ်တော့ဘူး။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မွေစံ နောင်တရတယ်။ ဒါပေမဲ့ အရင်လိုမျိုး မော်ဒယ်လ်အလုပ်တော့ ဆက်လုပ်သွားမှာပါ။ ဓာတ်ပုံတွေ ဆက်တင်သွားမယ်။ ဗီဒီယိုတွေ ဆက်တင်သွားမယ်။

TREND ။        ။ နန်းမွေစံ ပြန်လွတ်လာတော့ အမျိုးသားထုကြီးအတွက် သတင်းကောင်းဆိုပြီး လူမှုကွန်ရက်မှာ တင်စားရေးသားကြတယ်။ အမျိုးသားထုကြီးကို ဘာပြောချင်လဲ။
NMS    ။        ။
မွေစံပျော်ပါတယ်။ မွေစံကို အခုလို သတိရပေးနေတာ။ မွေစံကတော့ ထောင်ထဲမှာ တွေးနေတာ။ ငါ သုံးနှစ်လောက် ထောင်ကျသွားတော့ ငါ့များ မေ့သွားကြပြီးလားပေါ့။ ဒါပေမဲ့ ထောင်က ပြန်ထွက်လာတော့လည်း အကုန်လုံး မွေစံကို သတိရတယ်၊ အားပေးတယ်ဆိုတော့ အရမ်းကို ပျော်မိပါတယ်။ အဲဒါကြောင့်မို့လို့လည်း သူတို့အတွက် မွေစံ အလုပ်တွေ ဆက်လုပ်သွားမှာပါ။ မွေစံရဲ့ Fan တွေ အထူးသဖြင့် အမျိုးသားထုကြီးကို မွေစံ အရမ်းကျေးဇူးတင်တယ်။ ချစ်လည်းချစ် ပါတယ်။ သူတို့တစ်တွေအတွက် အရင်လို ပုံစံလေးအတိုင်း ဆက်လုပ်သွား ပါမယ်။ အတတ်နိုင်ဆုံး အနုပညာအလုပ်တွေ ဆက်လုပ်သွားမှာပါလို့ ပြောချင်ပါတယ်။ အထူးသဖြင့် Website က မလုပ်တော့တာပဲ ရှိတယ်။ ဓာတ်ပုံတွေ ရိုက်သွားမယ်။ ဗီဒီယိုတွေ ရိုက်သွားမယ်။ တခြား Activity တွေ လုပ်သွားမှာပါ။ ဒါပေမဲ့ ကိုယ်က ဒီနိုင်ငံရဲ့ ဥပဒေအရ မလွတ်ကင်းတဲ့ ကိစ္စတွေကိုတော့ လုပ်လို့ မဖြစ်တော့ဘူးပေါ့။ ဥပဒေဘောင်အတွင်းကပဲ ဆက်လုပ်သွားမှာပါ။ မြန်မာနိုင်ငံရဲ့ ဥပဒေနဲ့ ဆန့်ကျင်တဲ့ မြန်မာ့ယဉ်ကျေးနဲ့ အလွန်ဆန့်ကျင်တဲ့ အလုပ် တွေကိုလည်း မွေစံ မလုပ်တော့ပါဘူး။                                                နဒီ
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၅၁ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 93

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59697

© 2022 - 2026 News. All Rights Reserved.