၂၀၂၆ ၊ ဖေဖော်ဝါရီ ၂၇
ဆောက်လုပ်ရေးဈေးကွက်တွင် အလွယ်တကူ ဖြုတ်ယူတပ်ဆင်နိုင်ကာ အချိန်တိုတွင်း ဆောက်လုပ်ပြီးစီးနိုင်သည့် အသင့်နေအိမ်များ၊ သွင်းကုန်အစားထိုး မော်ဂျူလာနည်းပညာသုံး အသင့်နေအိမ်များ ရေပန်းစားလာ၍ ဆောက်လုပ်နေထိုင်မှုများ ရှိလာသည်။ အဆိုပါ မော်ဂျူလာ နည်းပညာသုံး အသင့်နေအိမ်များအပြင် သယ်ယူပို့ ဆောင်ရန်လွယ်ကူပြီး ဆောက်လုပ်နိုင်သည့် ကွန်တိန်နာများကို ဈေးကွက်ထဲတွင် ထုတ်လုပ်မိတ်ဆက် ပြသလျက်ရှိသည်။ ထို့ကြောင့် အသင့်နေထိုင်နိုင်သည့် နေအိမ်များအား ဆောက်လုပ်ဖြန့်ဖြူးလျက်ရှိသည့် Way Living Home & Lifestyle ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးစိုးရန်နိုင်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
TREND ။ ။ Way Living Home & Lifestyle က ထုတ်လုပ်နေတဲ့ အသင့်နေအိမ်နဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။
USYN ။ ။ ကျွန်တော်တို့ကုမ္ပဏီက ထုတ်လုပ်တဲ့ ကွန်တိန်နာအမျိုးအစားကတော့ လေးမျိုးရှိပါတယ်။ သမားရိုးကျ Flat Pack ကွန်တိန်နာတွေ ရှိပါတယ်။ နောက်ထပ် ပြီးခဲ့တဲ့ ဇန်နဝါရီလက လုပ်ခဲ့တဲ့ မြန်မာ့ပြည်တွင်းထုတ်ကုန်များ မိတ်ဆက်ခင်းကျင်းပြသပွဲနဲ့ မော်ဂျူလာနည်းပညာသုံး အသင့်နေအိမ်များ အထူးဈေးရောင်းပြပွဲမှာ ကွန်တိန်နာ အမျိုးအစား သုံးမျိုး ခင်းကျင်းပြသခဲ့ပါတယ်။ အခု လူကြိုက် အများဆုံးဖြစ်နေတာကတော့ Z-Folding ကွန်တိန်နာ ဖြစ်ပါတယ်။ သူကတော့ ၁၀ မိနစ်အတွင်းမှာ အိမ်တစ်လုံးဖြစ်အောင် ဆောက်နိုင်တဲ့၊ ပြောင်းလဲနိုင်တဲ့ ခေါက်ကွန်တိန်နာ အမျိုးအစား ဖြစ်ပါတယ်။

TREND ။ ။ ဒီလိုမျိုး အသင့်နေအိမ်တွေအပေါ် Customer တွေရဲ့ စိတ်ဝင်စားမှု အခြေအနေ ဘယ်လိုရှိ ပါသလဲ။
USYN ။ ။ Way Living ကသွားတဲ့ ပုံစံက ကျတော့ Luxury Type ကို ဦးစားပေးပြီးသွားတာ။ လစ်လပ်နေတဲ့ ဈေးကွက်ကိုပဲ ရှာဖွေတာ။ အဲဒီလိုရှာဖွေ တဲ့အခါမှာ အပန်းဖြေစခန်း ဆောက်လုပ်တဲ့သူတွေ၊ သံဃာ တော်တွေအတွက် ကျောင်းဆောက်တဲ့သူတွေ အဲဒါတွေ အများဆုံးဖြစ်ပါတယ်။ နောက်ရပ်ကွက်ထဲမှာ အဆောင်ဆောက်ချင်တဲ့သူတွေ၊ စာသင်ကျောင်းဆောက် ချင်တဲ့သူတွေလည်း လာပါတယ်။ ဒီကာလအ တွင်းမှာ စာသင်ကျောင်းလေးကျောင်း ဆောက်ပြီးသွားပါပြီ။
TREND ။ ။ ဒီလိုမျိုး သွင်းကုန်အစားထိုး အသင့်နေအိမ်တွေကို စိတ်ဝင်စားမှု များပြားလာတာ ဘာကြောင့်လို့ ထင်ပါသလဲ။
USYN ။ ။ မော်ဂျူလာနည်းပညာတိုးတက်လာတဲ့အခါကတော့ ဆောက်လုပ်ရေးလောကရဲ့ အချိန်ကို အများကြီး လျှော့ချလိုက်တယ်။ လူတွေ စိတ်ဝင်စားတာ မော်ဂျူလာရဲ့ အားသာချက်က အချိန်ကို လျှော့ချပစ်တာပါ။ သာမန် စာသင်ကျောင်းတစ်ကျောင်းဆောက် မယ်ဆိုရင် အနည်းဆုံး ခြောက်လလောက် ကြာမှာပေါ့။ မော်ဂျူလာကျတော့ အကျယ်ပေ ၃၀ စာသင်ခန်းလေးခန်းပါတဲ့ အဆောက်အအုံ ဆောက်မယ်ဆို အလွန်ဆုံး တစ်ပတ်ပဲကြာနိုင်မှာ ဖြစ်ပါတယ်။ အချိန်အရမ်းသက် သာစေပါတယ်။ ဈေးနှုန်းမှာလည်း သာမန်အားဖြင့် အုတ်နဲ့ဆောက်တဲ့ သမားရိုးကျ အဆောက်အအုံတွေထက် ကုန်ကျ စရိတ်က ရာခိုင်နှုန်း ၃၀ ခန့် အများကြီး သက်သာပါတယ်။ နောက်အားသာချက်က အုတ်နဲ့ ဆောက်လုပ်တဲ့ အဆောက်အအုံတွေက အဆောက်အအုံကို ရွှေ့ပြောင်းဖို့ မလွယ်ကူပါဘူး။ ဒါပေမဲ့ ကွန်တိန်နာနဲ့ ဆောက်တာဖြစ်စေ၊ မော်ဂျူလာနဲ့ ဆောက်တာဖြစ်စေ ဖြုတ်ပြီးတော့ တစ်စချင်း ဖြုတ်လို့ရတယ်။ အဲဒီအတိုင်းပဲ တစ်စချင်း ပြန်တပ်ဆင်လို့ရတယ်။ ကွန်တိန်နာက ဖြုတ်တဲ့နေရာမှာလည်း ရာနှုန်းပြည့်နီးပါး အလေအလွင့် ဆုံးရှုံးမှုနည်းတယ်။ မော်ဂျူလာနဲ့ ဆောက်တဲ့နေရာမှာတော့ ရာခိုင်နှုန်း ၈၀၊ ၈၅ ရာခိုင်နှုန်း လောက် အလေအလွင့် ဆုံးရှုံးမှုနည်းတယ်။ ကျန်တဲ့ ၁၅ ရာခိုင်နှုန်းကတော့ ကျွမ်းကျင်မှုအပေါ် မူတည်ပါတယ်။ အဲဒီတော့ အိမ်ဆောက်တဲ့ဘဝကနေပြီးတော့ အိမ်ဝယ်တဲ့ဘဝကို ရောက်သွားတာပေါ့။ အိမ်ကို Delivery နဲ့ ပို့လို့ရမယ့်အဆင့်ကို ရောက်သွားတယ်။ အဲဒါက ဆောက်လုပ်ရေးလောကရဲ့ Trend တစ်ခု ပြောင်းသွားတာပေါ့။
TREND ။ ။ ဆောက်လုပ်ရေးပစ္စည်းဖြစ်တဲ့ ကွန်တိန်နာတွေရဲ့ အားသာချက်အကြောင်းတွေကို လည်း သိပါရစေ။
USYN ။ ။ ကွန်တိန်နာတွေရဲ့ အားသာချက်က အလုံးတွေကို ဆက်စပ်ပြီးတော့ အရှည်ကြီး ဆောက် သွားလို့ရတယ်။ ပေ ၂၀ ပဲဖြစ်ဖြစ်၊ ၁၀ ပေပဲဖြစ်ဖြစ် အရှည်ကြီး ဆောက်သွားလို့ရတယ်။ ဟိုတုန်း ကတော့ သင်္ဘောသံ ကွန်တိန်နာကြီးတွေကို ဆင့်ပြီးတော့ ဒီဇိုင်းတွေလုပ်ကြတာပေါ့။ သံကွန်တိန်နာကြီး တွေကျတော့ ပူတာပေါ့။ Z-Folding ကွန်တိန်နာရဲ့ နည်းပညာတွေကျတော့ သူသည် တစ်စစီလည်း ဖြုတ်လို့ရတယ်။ အတင်အချမှာလည်း အဆင်ပြေတယ်။ အပြီးတပ်ဆင်ပြီးသား ဖြစ်တဲ့အတွက်ကြောင့်မို့ ကရိန်းနဲ့ချရတယ်။ သို့သော် ပုံမှန် Flat Pack ကွန်တိန်နာတွေမှာကျတော့ တစ်စစီဖြုတ်ပြီး လူအင်အားနဲ့ သယ်သွားလို့ရတယ်။ သူ့ရဲ့နည်းပညာက ဖြုတ်ပြီးရင် တစ်စစီပြန်ဆင်လို့ရတယ်။ ဆက်လုပ်ချင်တဲ့ အခန်း တိုင်းကိုလည်း လိုသလောက် ဆက်သွားလို့ရတယ်။ ဒါတွေက အားသာချက်တွေပါ။ နောက် မော်ဂျူလာ အိမ်တွေကို ဒီဇိုင်းလှလှလေးတွေ ဆောက်ချင်တယ်။ ထိုင်းက အိမ်ဒီဇိုင်းလှလှလေးတွေ ကြည့်ပြီး ဆောက်ချင်တယ်ဆိုလည်း ရတယ်။ မော်ဂျူလာနည်း ပညာနဲ့ကျတော့ စိတ်ကြိုက်ဒီဇိုင်းကို Customize လုပ်ပေးလို့ရတယ်။ သာမန်အချိန်တိုအတွင်း တစ်ပတ်လောက်အတွင်းမှာ အပြီးဆောက်သွားလို့ရတယ်။ သာမန်အိမ်တစ်လုံးဆောက်လို့ သုံးလကြာတယ်ဆိုပါစို့။ ကျွန်တော့်ဆီမှာ အော်ဒါမှာပြီး စာချုပ်ချုပ်ပြီဆိုရင် Deposit သွင်းပြီးတာနဲ့ စက်ရုံတွေမှာ သူ့အတွက် ထုတ်လုပ်ရတယ်။ တစ်ခုချင်းစီ ထုတ်လုပ်ရပြီး အဲဒီထုတ်လုပ်တဲ့အချိန်ကို အော်ဒါအနည်းအများအပေါ် မူတည်ပြီး နှစ်ပတ်ကနေ သုံးပတ်ရှိပါတယ်။ ထုတ်လုပ်လို့ ပြီးသွားပြီး ပို့ရတော့မယ်ဆိုတာနဲ့ Customer ကို အကြောင်းကြားပေးပါတယ်။ ပျမ်းမျှအားဖြင့် ပေ ၂၀ x ၄၀ ရှိတဲ့ အိမ်တစ်လုံးကို ဆောက်မယ်ဆိုလို့ရှိရင် လေးရက်ပဲ ကြာမြင့်ပါတယ်။ အဲဒီအတွက် အချိန်ကလည်း အရမ်းသက်သာမယ်။ လုပ်သားအင်အား အများကြီး သုံးစရာမလိုဘူး။ ပုံမှန်အိမ်တစ်လုံးကို ဆောက်လုပ် မယ်ဆိုလို့ရှိရင် ကုန်ကျစရိတ်က ခန့်မှန်းထားတာထက် တစ်ဆခွဲ၊ နှစ်ဆလောက်ကုန်တယ်။ အနည်းဆုံး နှစ်ဆလောက် ဆောင်ထားရတယ်။ အခုကျတော့ အဲဒါမျိုးမဟုတ်တော့ဘူး။ ဒီအိမ်တစ်လုံး ဆောက် မယ်ဆို ဘယ်လောက် ကုန်ကျမယ်ဆိုတာ အတိအကျ ထွက်တယ်။ ပြီးတော့ စရိတ်တွက်လို့ရတယ်။ ကွန်တိန်နာကျတော့ တစ်စစီဖြုတ်လို့ရတယ်။ လယ်ထဲမှာ အိမ်ဆောက်လို့မရတော့ ကွန်တိန်နာကျတော့ အလွယ်တကူ ဆောက်လို့ရတယ်။ ဖြုတ်လို့ရတယ်။ ဖြုတ်မယ်ဆို တပ်ထားတဲ့နက်စ်တွေ ဖြုတ်လိုက်ရုံပဲ။ လူနေထိုင်လို့လည်းရသလို ပစ္စည်းတွေ သိုလှောင်ရာ ဂိုဒေါင်အဖြစ်လည်း သုံးလို့ရတယ်။ အလွယ်တကူ ရွှေ့ပြောင်းလို့ရတဲ့အတွက် လယ်ယာမြေထဲ ဆောက်လို့ရတယ်။ သူရဲ့ အားသာချက်က ဒီအတိုင်း သွားချထားလို့ ရပါတယ်။

TREND ။ ။ Way Living Home & Lifestyle ကုမ္ပဏီလီမိတက်ရဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် ရည်မှန်းချက် တွေရှိရင် ပြောပြပေးပါဦး။
USYN ။ ။ လက်ရှိ ရွှေပေါက်ကံမှာ စက်ရုံတစ်ရုံ ဆောက်လုပ်နေပါတယ်။ နည်းပညာနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။ ရှေ့ဆက်ပြီးတော့ Luxury ပုံစံမျိုးတွေ ဆက်ပြီး ထုတ်လုပ်ဖို့လည်း ရှိပါတယ်။ စမ်းသပ်အောင်မြင်လို့ ပြပွဲမှာလည်း ပြသခဲ့ပြီးပါပြီ။ အဲဒါကို ရွှေပေါက်ကံမှာ ထုတ်လုပ်သွားပါမယ်။ ပြီးလို့ရှိရင် ရပ်ကွက်တွေထဲမှာ အလွယ်တကူ တစ်ပိုင်တစ်နိုင် ဆိုင်ဖွင့်ချင်တဲ့သူတွေ၊ စက်ချုပ် ဆိုင် ဖွင့်ချင်တဲ့သူတွေ၊ မုန့်ဟင်းခါးဆိုင်ဖွင့်ချင်တဲ့ သူတွေအတွက် ဈေးအရမ်းသက်သာတဲ့ ကွန်တိန်နာတွေ ထုတ်လုပ်ဖို့ ရှိပါတယ်။ အဲဒါက ဒီအတိုင်းခေါက်ပြီး ယူဆောင်သွားလို့ ရပါတယ်။ နောက်ပြီး ၁၀ ပေပတ်လည်တွေလည်း ထုတ်လုပ်သွားဖို့ ရှိပါတယ်။ ဒါတွေက အချိန်ကုန်လည်း သက်သာစေပြီး ဈေးကလည်း သာမန်လူတန်းစားတွေ လက်လှမ်းမီတဲ့ ဈေးနှုန်းမျိုးတွေ ဖြစ်ပါတယ်။ အဓိကတော့ စီးပွားရေး လုပ်ရကိုင်ရ လွယ်ကူအောင်နဲ့ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပါတယ်။
TREND ။ ။ ဖြည့်စွက်ပြောကြားချင်တာလေးရှိရင် ပြောကြားပေးပါဦး။
USYN ။ ။ ဒီဆောက်လုပ်ရေး ပစ္စည်းသစ် ဈေးကွက်ကို စပြီးလုပ်ရတဲ့ ရည်ရွယ်ချက်က ကိုယ့်နိုင်ငံ ကပ်ဘေးတွေ ဆိုက်တဲ့အချိန်မှာ ပြည်ပက သူတွေက ဒါကို ဈေးကွက်တစ်ခုလို့ မြင်ပြီးတော့ ရောင်းတဲ့ဟာကို မခံနိုင်လို့ ထလုပ်တာပါ။ ဒါကို မြန်မာတွေလည်း လုပ်နိုင်တယ်ဆိုတဲ့ မျိုးချစ်စိတ်နဲ့ ထလုပ်တာပါ။ နောက်ကိုယ့် မြန်မာလူမျိုးတွေရဲ့ နေအိမ်အခက်အခဲကို အလွယ်တကူ ဖြေရှင်းပြီး အခက်အခဲရှိတဲ့သူတွေ နေအိမ်ရအောင် ကိုယ်ချင်းစာစိတ်နဲ့ လုပ်ဆောင်တာဖြစ်ကြောင်း ပြောလိုပါတယ်။ သက်မှူး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၇ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )