‘ချမ်း’လူသုံးကုန်လုပ်ငန်းတည်ထောင်သူ ဒေါ်ခင်ချမ်းမြေ့သူ နှင့် တွေ့ဆုံခြင်း

နိုင်ငံတော်က MSME လုပ်ငန်းတွေကို အမှန်တကယ် အောင်မြင်စေချင်တဲ့အတွက် ကူညီပံ့ပိုးပေးနေတယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း တကယ်အောင်မြင်ချင်ရင် တကယ်ကြိုးစားဖို့ လိုတယ်...

၂၀၂၆ ၊ စက်တင်ဘာ ၁၁

    ပြည်တွင်းလုပ်ငန်းများတွင် MSME လုပ်ငန်းသည် ရာခိုင်နှုန်း ၉၀ ကျော် တည်ရှိနေပြီး အဆိုပါလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော်မှလည်း ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ကူညီပံ့ပိုးပေးလျက်ရှိသည်။ ထို့ကြောင့် လက်ရှိ အခြေအနေတွင် ပုံမှန်လုပ်ငန်းထက် ပိုမို ရင်းနှီးမြှုပ်နှံမှုများပြုလုပ်၍ လုပ်ငန်းတူအချင်းချင်း လက်တွဲကူညီပေးနေသည့် ‘ချမ်း’လူသုံးကုန်လုပ်ငန်းတည်ထောင်သူ ဒေါ်ခင်ချမ်းမြေ့သူနှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။


TREND    ။    ။ MSME လုပ်ငန်းအနေနဲ့ ရင်းနှီး မြှုပ်နှံမှုတွေ ပိုမို လုပ်ကိုင်နိုင်တာ တွေ့ရတယ်။ နောက် အွန်လိုင်းမှာလည်း လုပ်ငန်းတူအချင်းချင်း ကူညီဆောင်ရွက်ပေးနေတာ တွေ့နေရတယ်။ ဒီလိုလုပ် ဆောင်ပေးဖြစ် ပုံတွေကို ရှင်းပြပေးပါဦး။
DKCMT    ။    ။
အစ်မတို့က MSME ဆိုတာကို သိတာက လုပ်ငန်းစတင်တည်ထောင်ပြီးတော့ တစ်နှစ်လောက်နေမှ သိရတာ။ အစတုန်းကသိတာက ကိုယ်က အွန်လိုင်းမှတ်ပုံတင်လေးရှိရင် ရောင်းလို့ရပြီ၊ ဝင်ငွေပုံမှန်လေးရှိပြီဆိုပြီး ဒီလိုမျိုးလေးလုပ်နေရင်းနဲ့ ချမ်းတို့က ၂၀၂၅ မှာ နိုင်ငံတော်အဆင့် ပြည်ထောင် စုနေ့အထိမ်းအမှတ် ထုတ်ကုန်ပြပွဲပြိုင်ပွဲမှာ အသေးစားစက်မှုလက်မှု လုပ်ငန်းဝန်ကြီးဌာနကိုယ်စား အဲဒီမှာပထမဆု(လူသုံးကုန်) ရခဲ့တယ်။ နောက်ပြည်တွင်း အဆင့်မြင့်စံပြထုတ်ကုန်ဆု ဆိုပြီးတော့ နိုင်ငံတော်ကလည်း ဆုချီးမြှင့်တယ်။ ဗ့ဗက ကျတော့ ငွေသား ချီးမြှင့်ပေးတယ်။ လုပ်ငန်းအတွက် တိုးချဲ့ဖို့ ရင်းနှီးမတည်ငွေပေါ့။ အစ်မက ပြိုင်ပွဲဝင်ဖို့ အခွင့်အလမ်းတွေ မီလိုက်တယ်။ တချို့တွေကြတော့ နယ်ဝေး၊ မြို့ဝေးမှာရှိပြီးတော့ ပွဲရှိတာ မသိလိုက်တာမျိုး၊ လမ်းပန်းဆက်သွယ်ရေး ကိစ္စတစ်ခုခုကြောင်း နှောင့်နှေးပြီး ကျန်ခဲ့တဲ့သူတွေက ငါတို့ကတော့ ပြိုင်ပွဲတွေ မပြိုင်ရလိုက်လို့ ဒီလိုမျိုး ထောက်ပံ့ကြေးတွေ မရလိုက်ဘူးလို့ ထင်သွားမှာလည်း စိုးတယ်။ ဒီထုတ်ကုန်ပြိုင်ပွဲတွေကို ဘဏ်တွေက ပံ့ပိုးပေးတာ မှန်တယ်။ အစ်မတို့ကကျတော့ အလုပ်စတင်လုပ်ပြီး ရပ်တည်နိုင်သွားပြီလို့ပြောမယ်ဆို သစ်ပင်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနား လို့ရပြီဆိုတဲ့ စကားအတိုင်း ကိုယ်တစ်ယောက်တည်း ကောင်းပြီး၊ ကိုယ်တစ်ယောက် တည်း ထုတ်ကုန်တွေများပြီး တစ်ယောက်တည်း ကောင်းစားနေတယ်။ ကိုယ့်တစ်အိမ်တည်း ကောင်းစားနေပြီး တခြားအိမ်က အဆင်မပြေဘူးဆိုလည်း အစ်မစိတ်က အဆင်မပြေဘူး။ အားလုံးကိုလည်း လှူချင်တယ်။ အဲဒီလိုဆိုတော့ အစ်မတို့က ကိုယ့်ကိုယ်ကိုယ် အရင်တည်ဆောက်ရတယ်။ အဲဒီလို တည်ဆောက်ရင်းနဲ့  လူသုံးကုန်က ၂၅ မျိုး၊ တိုင်းရင်းဆေး သောက်ဆေးက နှစ်မျိုး၊ စားသောက်ကုန်ဆိုရင် ခုနစ်မျိုး ဖြစ်သွားပြီ။ ဆိုတော့ လုပ်ငန်းရပ်တည်နိုင်ပြီ။ တခြားလုပ်ငန်း မရပ်တည်နိုင်သေးတဲ့သူတွေကို ကိုယ်က တွဲပြီးတော့ခေါ်ချင်တာ။ တချို့ကြတော့ ထုတ်ကုန်တူနေ တာတွေရှိတယ်။ အဲဒါဆို အစ်မကို အားနာတာတွေ ရှိတယ်။ အဲဒီလိုမျိုးဆို အစ်မကိုအားမနာနဲ့ မတူတာတွေကို လိုက်ပြီးတော့ ချိတ်ဆက် ပေးမယ်။ လုပ်ငန်းရှင်အချင်း ချင်းတွဲခေါ်ပေးမယ်။ ကူရောင်းပေးမယ်။ ကူပြီးတော့ ကြော်ငြာပေးမယ်။
    ဒါမျိုးတွေပေါ့နော် အစ်မကကိုယ်တိုင်လည်း ထုတ်ကုန်တွေကို ကူညီပေးမယ်။ နောက်အခုမှ ထုတ်ကုန်ထုတ်ချင်လို့ လာတိုင်ပင်သွားတာတွေ ရှိတယ်။ ဒါက အစ်မတတ်နိုင်တာလေးတွေကို လိုက် ချိတ်ဆက်ပေးတယ်။ ဒါက အရင်းအနှီးရှိတဲ့သူပေါ့။ အရင်းအနှီးမရှိတဲ့ သူတွေကျတော့ အစ်မက ဘာလုပ်ပေးလဲဆိုတော့ အရင်းအနှီး ကျပ်နှစ်သိန်းလောက်ရှိရုံနဲ့ ပြန်ပြီးမတည်ရင် ငါးသိန်းဖိုး မတည်ပေးမယ်။ အဲဒီလို မတည်ပြီးတော့ ရောင်းတဲ့သူလည်း ပစ္စည်းစုံစုံလင်လင် ရောင်းချရမယ်။ ကျန်သုံးသိန်းကို အရှုံးခံပြီး မတည်ပေးထားမှာ ဖြစ်တယ်။ ကတိတည်ရင် အဲဒီငွေသား သုံးသိန်းက သူ့လုပ်ငန်းလည် ပတ်နိုင်အောင် မတည်ပေးထားမှာပါ။ အစ်မကိုယ်တိုင်ကလည်း သုံး၊ လေးနှစ်လောက် ရင်းနှီးထားရတာပါ။ ဆိုင်တွေက လှိုင်သာယာ၊ မှော်ဘီ၊ ကော့မှူးဘက်မှာလည်း ဖြစ်တယ်ဆိုရင် စရိတ်စက သက်သာတာပေါ့နော်။ ပြည်တွင်း အဆင့်မြှင့်ထုတ်ကုန်ဖြစ်တဲ့အတွက် အစ်မက အာနိသင်ကို အမြဲတမ်း ထိန်းထား တယ်။ ဈေးနှုန်းကိုလည်း သက်သာအောင် စီစဉ်ထားပေးတယ်။ အစ်မကပွဲတွေဆိုရင် အကုန်လိုက်ပြ ပေးတယ်။ တချို့ပွဲတွေဆိုရင် ဆိုင်ခန်းခတို့၊ လမ်းစရိတ်တို့ ပြန်မရတာတွေလည်း ရှိတယ်။ အဲဒီလိုဆိုရင် ဈေးကွက်အသစ် ရှာတာလို့ မှတ်လိုက်တယ်။ အဲဒီလိုဆိုတော့ လူသိပိုများလာတာ ဖြစ်ပါတယ်။ 


TREND    ။    ။ အစ်မပြောသလိုဆို MSME လုပ်ငန်းတွေ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရင် ပိုမိုအဆင်ပြေနိုင်တယ်။ လုပ်ငန်းရပ်တည်လည်ပတ်နိုင်တယ်လို့ ပြောလို့ရလား။
DKCMT    ။    ။
MSME လုပ်ငန်းက ပူးပေါင်းဆောင်ရွက်မှ အဆင်ပြေနိုင်တာ ဖြစ်ပါတယ်။ တစ်ယောက်တည်းအားနဲ့သွားရင်လည်း ရောက်တယ်ဆိုတာတော့မှန်တယ်။ ဒါပေမဲ့လည်း လူပဲဖြစ်ဖြစ်၊ ထုတ်ကုန်ပဲ ဖြစ်ဖြစ် ဘယ်လောက် သန်မာသန်မာ အတွေးတွေများပြီးတော့ လဲမှာပဲ၊ ခက်ခဲမှာပဲ။ အဲဒီလိုမျိုးဖြစ်တဲ့ အချိန်ဆိုရင် ယိုင်လဲမယ်ဆိုရင် အနောက်မှာ တောင့်ခံနိုင်တဲ့သူတွေ ရှိဦးမှ၊ ရှေ့ကို မလှမ်းချင်တော့ဘူး။ အားတွေပျက်နေပြီ ဆိုရင်လည်း အရှေ့မှာ ကိုယ့်ကိုဆွဲခေါ်တဲ့သူရှိဦးမှ၊ ပြီးရင်နေရာတိုင်းမှာ အဆက်အသွယ်တွေဆိုတာ ရှိရမယ်။ တိုက်ခိုက်ခံရတယ်ဆိုရင်လည်း တံတိုင်းကြီးလို ကာကွယ်ပေးတဲ့သူရှိ ဦးမှပေါ့နော်။ အစ်မတို့က မိတ်ဆွေအပေါင်းအသင်း လိုအပ်တယ်။ မိတ်ဆွေအပေါင်းအသင်းလိုအပ်တာဆိုရင် ဌာနဆိုင်ရာတွေနဲ့ရော၊ ပူးပေါင်းဆောင်ရွက် ရင်မကောင်းဘူးလားပေါ့နော်။ ဒါမျိုးလေးတွေ တွေးတောပြီးတော့လုပ်ဆောင်တော့ အခုနောက်ပိုင်းမှာ ပစ္စည်းအော်ဒါတွေက အရမ်း တက်လာတယ်။ အခုဆိုလည်း မြေပဒေသာကျွန်းထဲမှာ အားလုံးကို ဝန်းရံပြီးတော့ ဆိုင်ခန်းလေးဖွင့်ထားတယ်။ မြေပြင်မှာထိ တွေ့နိုင်အောင် ဖွင့်ထားတယ်။ အဲဒီမှာ ကိုယ့်ရဲ့လုပ်ငန်းတူအချင်းချင်း တွေလည်းရှိတယ်။ အဲဒီမှာ လက်ဖက်ဆီ ရောင်းတဲ့သူ လည်းရှိတယ်။ သစ်ကြံပိုးခေါက်၊ ကရဝေးခေါက်တွေ ရောင်းတယ်ဆိုရင် အစ်မ ထုတ်ကုန်ထဲမှာ ဒီပစ္စည်းတွေကို အသုံးပြုပြီး ထုတ်တာတွေရှိတော့ လုပ်ငန်းရှင်အချင်းချင်းက အပြင်မှာလည်း ရင်းနှီးပြီးတော့ ပူးပေါင်းပြီး သားဖြစ်သွားပြီ။ ကုန်ကြမ်းတွေ ဝယ်တဲ့အခါမှာ သိန်း၂၀ ရှိမှ  ကုန်ကြမ်း ဝယ်လို့ရမယ်ဆိုရင် အစ်မတို့အချင်းချင်းက သိနေတဲ့အတွက် အစ်မမှာ ငါးသိန်းပဲ ရှိတယ်ဆိုလည်း တစ်ဖက်က ကုန်ကြမ်း သိန်း ၂၀ ဖိုးလား၊ သိန်း ၃၀ ဖိုးလား၊ ပေးဖို့ဝန်မလေးဘူး။ ဒီလိုယုံကြည်မှုတွေရရှိတယ်လေ။ အစ်မက သူ့ကုန်ကြမ်းကို အသုံးပြုပေးတယ်။ ကိုယ်ကလည်း ကုန်ချောဖြစ်သွားတော့ သူကလည်းအားရှိတယ်။ ပူးပေါင်းမှုက ပိုကောင်းတယ်လေ။ အိမ်ထဲ၊ ဆိုင်ထဲမှာ တစ်ယောက်တည်းနေမယ့်အစား လုပ်ငန်းရှင် အချင်းချင်းပူးပေါင်းပါ။ အဲဒီလို လုပ်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ်လည်း ရပ်တည်နိုင်မယ်။ ကိုယ့်လောက်မရပ် တည်နိုင်သေးတဲ့သူကိုလည်း တွဲခေါ်နိုင်မယ်။ သဘာ၀ဘေးတွေ ကြုံတဲ့အခါမှာလည်း လုပ်ငန်းရှင်တချို့ လုပ်သားတွေ လျှော့ချကုန်ကြတယ်။ အစ်မတို့တွေအနေနဲ့ လုပ်ငန်းရှင်တစ်ဦး တင်းခံနိုင်မယ်ဆိုရင် လုပ်သားအနည်းဆုံး ၁၀ ဦးလောက်အလုပ်ရရှိမယ်။ အလုပ် လက်မဲ့တွေ မဖြစ်ပေါ်တော့ဘူး။ အဲဒီတော့ ပူးပေါင်းဆောင်ရွက်မှုက အင်မတန်ကောင်းမွန်တယ်လို့ ပြောလို့ရတယ်။


TREND    ။    ။ နိုင်ငံတော်အနေနဲ့ MSME လုပ်ငန်းတွေကို ပံ့ပိုးပေးနေတယ်။ ဒီအပေါ်မှာ ကိုယ်တိုင် လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်တဲ့အတွက် အမြင်လေးပြော ပြပေးပါဦး။
DKCMT    ။    ။
နိုင်ငံတော်ဘက်ကလည်း MSME လုပ်ငန်းတွေကို ပံ့ပိုးပေးနေတယ်။ ချေးငွေတွေကို အရင်ကတည်းကလည်း ပေးခဲ့ဖူးပါတယ်။ ဘီလီယံနဲ့ချီပြီးလည်း ရန်ပုံငွေ ချေးငွေဆိုပြီး အရင်တုန်းက တည်းကရှိခဲ့တယ်။ MSME ရန်ပုံငွေချေးငွေတွေကို MSME လုပ်ငန်းလုပ်တဲ့သူတွေ ဒစ်ဂျစ်တယ်နဲ့ ပတ်သက်လို့ နားလည်အောင်၊ AI နဲ့ပတ်သက်လို့ နားလည်အောင် သင်တန်းတွေလည်း ဖွင့်ပေးတယ်။ အစ်မတို့ လည်း တက်ရောက်ခဲ့တယ်။ နောက် ချေးငွေတွေ ချပေးတယ်။ အသေးစားဆို ဘယ်လောက်၊ အလတ်စားဆို ဘယ်လောက်၊ အကြီးစားဆို ဘယ်လောက်ဆိုပြီး လုပ်ငန်းပေါ်မူတည်ပြီးတော့ ချပေးတယ်။ တချို့ တွေဆိုရင် မြေပြင်အထိ ကွင်းဆင်းတာတွေကို ဌာနဆိုင်ရာတွေက လိုက်ပေးပြီးတော့ လုပ်ပေးတာ တွေရှိတယ်။ ရတဲ့သူတွေလည်း အများကြီးရှိပါတယ်။ အစ်မတို့ကကျတော့ အလတ်စား ဖြစ်သွားတော့ နိုင်ငံတော်ကို သိန်းတစ်ထောင်သုံးခွင့်ပြုပါလို့ တင်ထားတယ်။ တင်ထားတော့ ခွင့်ပြုတယ်။ ဆောင်ရွက်ရမယ့်အချက်အလက်တွေ အဆင့်ဆင့်လုပ်နေတယ်။ အဲဒါတွေပြီးလို့ အစ်မလက်ထဲချေးငွေ ရလာပြီဆိုရင် ကိုယ် ဘာလုပ်ပေး နိုင်လဲဆိုတာကို ပြရတော့မှာ။ ကိုယ့်စီးပွားရေးနဲ့ပတ်သက်တဲ့ ရေးဆွဲထားတဲ့ Plan ကိုချပြပြီး အခုလက်ရှိလုပ်ကိုင်နေတဲ့ လုပ်ငန်းကိုတိုးချဲ့ပြီးတော့ လုပ်ပြရမယ်။ ဘဏ်ကိုလည်း ပြန်ပြီးတော့ ချေးငွေ ပြန်ဆပ်နိုင်အောင်ပေါ့။ အခြားလုပ်ငန်းရှင်တွေကလည်း ချေးငွေလျှောက်ချင်တယ်ဆိုရင် လိုအပ်တာတွေ က လုပ်ငန်းလိုင်စင်၊ SME ချေးငွေကို ချေးချင်တာ ဖြစ်တဲ့အတွက် SME ကတ် ရှိကိုရှိရမယ်။ အရင်တုန်းကဆိုရင် အပေါင်တွေပေးရတယ်၊ အခု နောက်ပိုင်းမှာ နိုင်ငံတော်က လုပ်ငန်းရှင်တွေကို အပေါင်ပေးစရာ မလိုတော့ဘူး။ ချေးငွေကို အရင်တုန်းက လေးလကြာတယ်ဆိုရင် အခုက နှစ်ပတ်နဲ့ရအောင်၊ တစ် လခွဲနဲ့ရအောင် စီစဉ်ပေးတယ်။ လုပ်ငန်းရှင်တွေ အဆင်ပြေဖို့အတွက် လုပ်ထုံးလုပ်နည်းတွေလည်း ဖြေလျှော့ပေး ထားတယ်။ အစ်မကလည်း AYA ဘဏ်က ရရှိထားလို့လုပ်ငန်းမှာ ရင်းနှီးထားပြီးပြီး၊ ထပ်မံပြီးတော့လည်း အခြားဘဏ်တွေကလည်း ချိတ်ဆက်လာတာတွေရှိတယ်။ ဒါကြောင့် ကိုယ်တ ကယ် အောင်မြင်ချင်ရင် တကယ်ဆောင်ရွက်ဖို့လို အပ်ပါတယ်။


TREND    ။    ။ ဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောကြားပေးပါဦး။
DKCMT    ။    ။
အစ်မပြောချင်တာက လုပ်ငန်းရှင်တွေက ထိုင်ပြီးတော့ ညည်းနေလို့မရဘူး။ ဒီလိုနည်းနဲ့ မရရင် ဘယ်လိုနည်းနဲ့ အဆင်ပြေမလဲ။ Plan A  မရရင်၊ Plan B  က ရှိကိုရှိရမယ်။ အစ်မဆိုရင် Plan A? B? C ဆိုပြီးတော့ကို ရှိတာ၊ နောက် မိတ်ဆွေကောင်းတွေ စုရမယ်။ အတတ်ပညာတွေကို အမြဲလေ့လာရမယ်။ ပိုကောင်းအောင် လေ့လာရမယ်။ လုပ်ငန်းတူတဲ့သူ အချင်းချင်း ပူးပေါင်းရမယ်။ တို့တွေ ထုတ်လုပ်သူ အချင်းချင်း တွေ့ဆုံပြီးတော့ သုံးစွဲသူအကြိုက်တွေ့အောင်၊ ပိုကောင်းအောင် တွေ့ဆုံဆွေးနွေးရမယ်။ သိန်း ၅၀၀ ရင်းနှီးမြှုပ်နှံ ပေမယ့် လက်ထဲမှာသိန်း ၅၀၀ မရှိဘူးဆိုရင် အစ်မတို့အချင်းချင်းပူးပေါင်းပြီး တစ်ယောက် သိန်း ၁၀၀ နဲ့ ငါးဦးဆိုရင် သိန်း ၅၀၀ ပြည့်ပြီလေ။ အဲဒီလိုမျိုး ထိန်းလိုက်ရင် ဘယ်သူမှ ယိုင်ထွက်မသွားဘဲ ထိန်းနိုင်တယ်။ အဲဒီလိုမျိုး ကြိုးစားပြီးတော့ အစ်မတို့က အဲဒီထက်မက ပိုင်ဆိုင်နိုင် တဲ့သူတွေလည်း ဖြစ်နိုင်တယ်။ အဓိကပြောချင်တာကတော့ ယုံကြည်မှုပါ။ တစ်ယောက်နဲ့တစ်ယောက် မယုံကြည်ရင် အောင်မြင်မှု မရရှိနိုင်ဘူးလို့ ပြောချင်ပါတယ်။
သက်မှူး

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၄ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

 

Total Views ~ 11

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

65458

© 2022 - 2026 News. All Rights Reserved.