KMN စက်ရုံ၏ ဒုစက်ရုံမှူး ဦးမျိုးညွန့်အောင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြံပေးပုဂ္ဂိုလ်များဖြစ်ကြသည့် ဦးသူရမင်း(EMC) နှင့် တွေ့ဆုံမေးမြန်းခြင်း . . .

၂၀၂၆ ၊ ဇန်နဝါရီ ၁၉
လုပ်ငန်းတစ်ခု ဆောင်ရွက်မယ်ဆိုရင် ပတ်ဝန်းကျင်ကို အနည်းနဲ့အများတော့ ထိခိုက်မှုရှိနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ဘောင်အတွင်း ဆောင် ရွက်မယ်ဆိုရင် ပတ်ဝန်းကျင်ကို ထိခိုက်မှု လျော့နည်းမယ်လို့ ယူဆနိုင်ပါတယ် . . .

    KHIN MAUNG NYUNT STELL PRODUCTS & GALVANIZING Co.,Ltd မှ သွပ်ရည်စိမ်ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းနှင့် ပတ်သက်၍ ဒေသခံပြည်သူလူထု၏ သဘောထားအမြင်များကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးနိုင်ရန် လူထုဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၁ က မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန် ဟန်စတီး ပါဝါလမ်းရှိ စက်ရုံအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါ စက်ရုံလည်ပတ်မှုနှင့် ထုတ် လုပ်မှုစွမ်းအား အခြေအနေများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံဆောင်ရွက်ထားရှိမှု အစီအမံ များကို KMN စက်ရုံ၏ ဒုစက်ရုံမှူး ဦးမျိုးညွန့်အောင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြံပေး ပုဂ္ဂိုလ်များ ဖြစ်ကြသည့် ဦးသူရမင်း (EMC)တို့နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက် ပါသည်။

TREND    ။    ။ ဒီလူထုတွေ့ဆုံပွဲ ပြုလုပ်ရတဲ့ အဓိကအကြောင်းလေး ပြောပြပေးပါဦး။
UMNA    ။    ။
ကျွန်တော်တို့ လုပ်ငန်းက သွပ်ရေစိမ်လုပ်ငန်းဖြစ်တဲ့အတွက် ဒီဝန်ဆောင်မှုလုပ်ငန်းနဲ့ ပတ်သက်ပြီး စီမံကိန်းမှာ ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု၊ ပတ်ဝန်းကျင်နဲ့ လူမှုအကျိုးစီးပွားတွေကို ဒေသခံတွေကို တင်ပြပြီးတော့ ပြုလုပ်တဲ့ပွဲလေး ဖြစ်ပါတယ်။
UTRM    ။    ။ ဒီပွဲက သုံးကြိမ်မြောက် လုပ်ဆောင်တဲ့ အစည်းအဝေး ဖြစ်ပါတယ်။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်မှာတော့ မေးခွန်းတွေ၊ သဘောထားမှတ်ချက်တွေ ရှိခဲ့ပါတယ်။ ပွဲမှာပဲ ဖြေရှင်းဆွေးနွေး ခဲ့ပြီး ဖြစ်ပါတယ်။ ဒီနေ့လိုမျိုး တိုက်ရိုက်မေးခွန်းတွေ မရရှိခဲ့ပါ ဘူး။ ဒါပေမဲ့ သဘောထားမှတ်ချက် Form မှာတော့ အမြင်တွေနဲ့ သဘောထားမှတ်ချက်တွေ ရရှိနိုင်ပါတယ်။

TREND    ။    ။ လက်ရှိ အစီရင်ခံစာကို ဘယ်လိုဆောင်ရွက်သွားဖို့ ရှိမလဲ။
UTRM    ။    ။
အစီရင်ခံစာကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနကို တင်သွင်းခဲ့ပြီး သဘောထား မှတ်ချက်တွေ ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒီအစည်းအဝေးကလည်း သဘောထားမှတ်ချက်တွေအရ ကျင်းပရ ခြင်းဖြစ်ပါတယ်။ ဒီကနေ့ ရရှိခဲ့တဲ့ သဘောထားမှတ်ချက်တွေကို ပေါင်း စပ်ပြီး အစီရင်ခံစာကို သဘောထားမှတ်ချက်တွေ အတိုင်းပြင်ဆင်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနကို ပြန်လည်တင်သွင်းရမှာ ဖြစ်ပါတယ်။

TREND    ။    ။ စက်ရုံရဲ့ ပတ်ဝန်းကျင်ထိခိုက်မှုလျှော့ချခြင်း အစီအစဉ်တွေရှိရင် သိပါရစေ။
UTRM    ။    ။
စက်ရုံ တည်ဆောက်ရေးကာလ၊ လည်ပတ်ရေးကာလ၊ ဖျက်သိမ်းတဲ့ကာလစတဲ့ အဆင့် သုံးဆင့်မှာ ဖြစ်ပေါ်လာနိုင်တဲ့ သက်ရောက်မှုတွေအပေါ် မူတည်ပြီး၊ သက်ရောက်မှု လျှော့ချရေး အစီအ စဉ်တွေ ထည့်သွင်းထားပါတယ်။ ဥပမာ-တည်ဆောက်ရေးကာလမှာ ဖြစ်ပေါ်လာနိုင်တဲ့ ဆူညံသံတွေ၊ ဖုန်မှုန့်တွေ၊ အမှိုက်တွေကို ဘယ်လို စီမံခန့်ခွဲရမယ်ဆိုတာမျိုးတွေနဲ့ လည်ပတ်ကာလမှာ ထွက်ရှိလာနိုင် တဲ့ ရေဆိုးတွေအတွက် ရေဆိုးသန့်စင်စနစ် တပ်ဆင်ဖို့ အစီအစဉ်တွေ၊ ရေဆိုး သန့်စင်မှုစနစ်က ထွက် လာနိုင်တဲ့ ဘေးအန္တရာယ်ရှိတဲ့ Sludge တွေဆိုရင်လည်း ကွန်တိန်နာတွေနဲ့ ခွဲခြားသိမ်းဆည်းပြီး သက် ဆိုင်ရာ လိုင်စင်ရ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲတဲ့နေရာတွေဆီ ပို့ဆောင်စွန့်ပစ်ဖို့တွေနဲ့၊ လုပ်ငန်း လည်ပတ်ရာ က ထွက်ရှိလာနိုင်တဲ့ Zinc Smoke တွေကို လေထုထဲ တိုက်ရိုက်မထုတ်လွှတ်ဘဲ ပြန်ဖမ်းသန့်စင်ပြီးမှ ထုတ်လွှတ်ဖို့အတွက် အစီအစဉ်တွေ ထည့်သွင်းထားပါတယ်။ 

TREND    ။    ။ စက်ရုံက ထွက်ရှိတဲ့ ရေဆိုးတွေအတွက် ဘယ်လိုအစီအစဉ်တွေက ပိုပြီးတော့ လူထုထိခိုက်မှု ပိုနည်းမယ်လို့ ထင်လဲ။ လက်ရှိ KMN စက်ရုံ အနေနဲ့ရော ဘယ်လိုအစီအစဉ်တွေ လုပ်ဆောင်ထားလဲ။
UMNA    ။    ။
ကျွန်တော်တို့ကတော့ ဓာတုဗေဒပစ္စည်း အသုံးပြုဆောင်ရွက်တာ ဖြစ်တဲ့အတွက် ဒါတွေကို အလုံပိတ်အခန်းနဲ့ ဆောင်ရွက်ပါတယ်။ ထွက်လာတဲ့ အခိုးအငွေ့တွေကိုတော့ ပြန်လည်သန့် စင်ပြီးတော့ ပြုပြင်တယ်။ ပြီးတော့မှ လေထုထဲကိုထွက်ရှိတယ်။ နောက်စက်ရုံထဲမှာ အသုံးပြုတဲ့ ဆေးကြောအရည်ကိုတော့ အပြင်ကို စွန့်ထုတ်တာ မရှိပါဘူး။ ကျွန်တော်တို့က ရေဆိုးသန့်စင်တဲ့စက်ရုံ တစ် ရက်ကို ကုဗမီတာ ၃၀ သန့်စင်နိုင်တဲ့ စက်ရုံကို တည်ထားတယ်။ ပြီးတော့မှ သန့်စင်ပြီးတော့ ဆေး ကြောကန်ကို ပြန်လည်အသုံးပြုတာ ဖြစ်ပါတယ်။
UTRM    ။    ။ စက်ရုံ လည်ပတ်ရာကနေပြီး အက်ဆစ်ဓာတ်ပါဝင်တဲ့ ရေဆိုးတွေ ကုဗမီတာ ၃၀ ခန့် ထွက်ရှိနိုင်ပါတယ်။ အဲဒီအတွက် ရေဆိုးသန့်စင်စနစ်ကို တပ်ဆင်ထားပါတယ်။ စနစ်ထဲမှာ Alkali သွင်းပြီး ထိန်းညှိတဲ့စနစ် PAM System နဲ့ Oxidizing System တွေ ပါဝင်ပါတယ်။ သန့်စင်ပြီးရေတွေကို ပြင်ပကို မစွန့်ထုတ်ဘဲ စက်ရုံရဲ့ အအေးခံထည့် အပိုင်းတွေမှာ ပြန်လည် အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အိမ်သာနဲ့ မီးဖိုချောင်က ထွက်ရှိတဲ့ ရေဆိုးတွေအတွက် Grease Trap တွေ Septic Tank တွေနဲ့ သန့်စင်မှာဖြစ်ပါတယ်။ သန့်စင်ပြီး ရေတွေက အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး လမ်းညွှန်ချက်နဲ့အညီ ဖြစ်ရပါမယ်။

TREND    ။    ။ ပတ်ဝန်းကျင်ဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့အညီ လုပ်ဆောင်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင်ကို ဘယ်လောက်အထိ Safe ဖြစ်မယ်ဆိုတာ သိချင်ပါတယ်။
UTRM    ။    ။
ပတ်ဝန်းကျင်ကို မထိခိုက်ဘူးလို့တော့ ပြောလို့မရပါဘူး။ လုပ်ငန်းတစ်ခု ဆောင်ရွက်မယ်ဆိုရင် ပတ်ဝန်းကျင်ကို အနည်းနဲ့အများတော့ ထိခိုက်မှု ရှိနိုင်ပါတယ်။ ပြဋ္ဌာန်းထားတဲ့ လမ်းညွှန်ချက်တွေမှာလည်း လုပ်ငန်းအမျိုးအစားအလိုက် BOD ဆို ဘယ်လောက်ရှိရမယ်၊ BOD ဆို ဘယ်လောက်ရှိရ မယ်ဆိုတာ ဖော်ပြထားပြီးသား ဖြစ်ပါတယ်။ လုပ်ငန်းက ထွက်ရှိလာတဲ့ Pollution တွေကို ထိရောက်တဲ့ လျှော့ချခြင်း နည်းလမ်းတွေ စီမံခန့်ခွဲမှု အစီအစဉ်တွေနဲ့ လိုက်နာဆောင်ရွက်ပြီး သတ်မှတ်ထားတဲ့ လမ်းညွှန်ချက်တွေရဲ့ ဘောင်အတွင်းရှိအောင် ဆောင်ရွက်မယ်ဆိုရင်တော့ ပတ်ဝန်းကျင်ကို ထိခိုက်မှု နည်းမယ်လို့ ယူဆနိုင်ပါတယ်။

TREND    ။    ။ စက်ရုံတော်တော်များများက ရေဆိုးစွန့်ပစ်တာမှာ အခက်အခဲရှိကြတယ်။ ဘယ်လို အကြံဉာဏ်မျိုးပေးနိုင်မလဲ။
UTRM    ။    ။
စက်ရုံ အမျိုးအစားအလိုက် သင့်လျော်သော ရေဆိုးသန့်စင်စနစ်ကို ရွေးချယ်ရန် အရေးကြီးပါတယ်။ ရေဆိုးသန့်စင်စနစ်တွေ အမျိုးမျိုးရှိပါတယ်။ Conventional system, MBR System နှင့် Traditional method များရှိပါတယ်။ စနစ်ရွေးချယ်ရာမှာ ရေဆိုးပမာဏ၊ BOD/COD အဆင့်၊ Oil & Grease ပါဝင်မှု၊ နေရာလုံလောက်မှု၊ လည်ပတ်ကုန်ကျစရိတ်တို့ကို ထည့်သွင်းစဉ်းစားရပါမည်။ စက်ရုံတစ်ခုချင်းစီအနေနဲ့ မိမိစက်ရုံမှ ထွက်ရှိနိုင်သည့် ရေဆိုးအမျိုးအစား (ဥပမာ- BOD, COD, Oil & Grease, Chemical content စသည်) သတ်မှတ်သိရှိရမည် ဖြစ်ပါတယ်။ အဲ့ဒီအချက်အလက်များအပေါ် အခြေခံပြီးတော့ နည်းပညာပိုင်း၊ ကုန်ကျစရိတ်နှင့် လည်ပတ်ထိန်းသိမ်းရ လွယ်ကူမှုတို့ကို စိစစ်ကာ အသင့်တော်ဆုံးစနစ်ကို ရွေးချယ်အသုံးပြုရမည် ဖြစ်ပါသည်။ 

TREND    ။    ။ Traditional Method တွေက ဘယ်လောက်ထိ ကြာရှည်ခံနိုင်တာလဲ၊ ဘယ်လိုအစားထိုး အသုံးပြုနိုင်မလဲ။
UTRM    ။    ။
Traditional Wastewater Treat-ment Methods ( ဥပမာ – Septic Tank, Stabilization Pond, Oxidation Pond စနစ်)တွေက နည်းပညာပိုင်း ရိုးရှင်းပြီး လည်ပတ်ထိန်းသိမ်းရ လွယ်ကူပေမယ့် စက်မှုလုပ်ငန်းများ အတွက် ရေဆိုးပမာဏများပြီး Pollution Load မြင့်မားမယ်ဆိုရင် ကြာရှည်အသုံးပြုနိုင်မှုမှာ ကန့်သတ်ချက် ရှိပါတယ်။ အဲဒါကြောင့် စက်ရုံတစ်ခုချင်းစီအနေနဲ့ မိမိစက်ရုံမှ ထွက်ရှိနိုင်သည့် ရေဆိုးအမျိုးအစား (ဥပမာ - BOD, COD, Oil & Grease, Chemical Content စသည်) သတ်မှတ်သိရှိပြီး Conventional System, MBR System တို့နဲ့ လိုအပ်မယ်ဆိုရင် ပေါင်းစပ်အသုံးပြုရပါမယ်။

TREND    ။    ။ လက်ရှိ စက်ရုံမှာ လုပ်သားအင်အားဘယ်လောက်နဲ့ လည်ပတ်နေတာလဲ။
UMNA    ။    ။
စက်ရုံက ဝန်ထမ်းအင်အား ၅၅ ဦးနဲ့ လည်ပတ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ထုတ်လုပ်မှု စတင်ဆောင်ရွက်တာကတော့ ၂၀၁၅ ခုနှစ် စက်တင်ဘာလမှာ MIC ကနေ စတင်ခွင့်ပြုပြီးတော့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ထုတ်လုပ်မှုအနေနဲ့ကတော့ တစ်နှစ်ကို တန်တစ်ထောင်ကနေ တန် သုံးထောင်အထိကို ထုတ်လုပ်နိုင်ပါတယ်။ ကုန်ကြမ်းကတော့ အဓိကသုံးတာ ဇင့်သတ္တုကို ပြည်တွင်းကပဲ ရရှိတာ ဖြစ်ပါတယ်။ အခြား ထုတ်လုပ်မှုလုပ်ငန်းမှာသုံးတဲ့ ဓာတုဗေဒပစ္စည်းတွေကိုလည်း ပြည်တွင်းကနေပဲ အဓိကအသုံးပြုပြီးတော့ စက်မှုဝန်ကြီးဌာနမှာလည်း ဓာတုဗေဒအသုံးပြုတဲ့ လက်မှတ်နဲ့ အခြားသော ဌာနတွေကနေပြီးတော့ သုံးစွဲခွင့်လိုင်စင်တွေနဲ့ ဆောင်ရွက်နေပါတယ်။ 

TREND    ။    ။ အဓိက ထုတ်ကုန်လေးတွေကိုလည်း ပြောပြပေးပါဦး။
UMNA    ။    ။
ကျွန်တော်တို့ စက်ရုံကထုတ်လုပ် တဲ့ပစ္စည်းတွေက ဆက်သွယ်ရေးတာဝါတိုင်တွေ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလိုင်းတွေ၊ လမ်းတံတားတွေမှာ အသုံးပြုတဲ့ တံတားသံပေါင်တွေကို သံကြေးမတက်အောင် သွပ်ရေစိမ်ပေးရတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ပြည်တွင်းမှာ အခုလို ဆောင်ရွက်ခြင်းအားဖြင့် ပြည်ပကနေပြီးတော့ တင်သွင်းစရာ မလိုတော့ဘူးပေါ့။ ကျွန်တော်တို့အနေနဲ့ ဒေသဖွံ့ဖြိုးရေး CSR လုပ်ငန်းတွေကိုလည်း ပတ်ဝန်းကျင်စိမ်းလမ်းစိုပြည်ရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ လူမှုဖူလုံရေးကိစ္စတွေကို အဆင့်ဆင့် ဆောင်ရွက်ပေးနေပါတယ်။ 

TREND    ။    ။ စက်ရုံအတွက် အကောင်းဆုံး အကြံပြုချက်လေးတွေ ဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောပေးပါဦး။
UTRM    ။    ။
လုပ်ငန်းလည်ပတ်ရာက ထွက်ရှိလာနိုင်တဲ့ Smoke တွေ၊ ရေဆိုးတွေ၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းတွေကို သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလို သတ်မှတ်ချက်ကိုပဲ ဆောင်ရွက်စေချင်ပါတယ်လို့ အကြံပြုချင်ပါတယ်။
UMNA    ။    ။ ကျွန်တော်တို့ကတော့ သဘာ၀ပတ်ဝန်ကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ စက်ရုံလုပ်ငန်းကြောင့် ပတ်ဝန်းကျင်ပေါ်မှာ မထိခိုက်အောင် ဆောင်ရွက်နေပါတယ်။ သက်ဆိုင်ရာ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ လမ်းညွှန်ချက်အောက်မှာ ခွင့်ပြုချက်၊ ညွှန်ကြားချက်တွေကို အပြည့်အ၀ လိုက်နာပြီး ကျွမ်းကျင်ပညာရှင်တွေနဲ့လည်း ဆွေးနွေးတိုင်ပင်ပြီး အလေးထားပြီး ဆောင်ရွက်ပေး လျက်ရှိပါတယ်။
(သက်မှူး)

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၆ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60376

© 2022 - 2026 News. All Rights Reserved.