KNU/KNLA-PC အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောကျော်ညွန့်ကို ဆက်သွယ်မေးမြန်းခြင်း

၂၀၂၆ ၊ မေ ၁၄

    NCA လက်မှတ်ထိုးထားသော အပစ်ရပ် ခုနစ်ဖွဲ့ 7 EAO Alliance ၏ (၈/၂၀၂၆) အစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်ဖော်ဆောင်ရေး ဆက်လက် အကောင်အထည်ဖော်မည့် လုပ်ငန်းလမ်း ညွှန်ချက်များ အပါအဝင် အချက်လေးချက်ကို အတည်ပြုချမှတ်ခဲ့သည်။ ယင်းအစည်းအဝေး သုံးသပ်ချက်များ အပါအဝင် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အ ထည်ဖော် ဆောင်ရွက်မည့် အလားအလာတို့နှင့်ပတ်သက်၍ 7 EAO Alliance ပြောရေးဆိုခွင့်ရှိသူ ကရင်အမျိုးသားအစည်းအရုံး ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောကျော်ညွန့်ကို ဆက်သွယ်မေးမြန်းထားသည်။ 


TREND ။        ။ လုပ်ငန်းစဉ်များ၊ ၇ EAO ၏ မဟာဗျူဟာ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်ဖော်ဆောင်ရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှု စည်းမျဉ်းများနဲ့ ပတ်သက်ပြီးပြောပြပါဦး။
SKN    ။    ။
ဒီအချက်တွေက 7 EAO Alliance က စုစည်းထားတဲ့ မဟာဗျူဟာပါ။ 7 EAO ရဲ့ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ပြန်လည်ဖော်ဆောင်ရေးဆိုင်ရာ မဟာဗျူဟာအနေနဲ့ ပန်းတိုင်လည်း ရှိသလို မျှော်မှန်းချက်လည်း ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ပန်းတိုင်အနေနဲ့က ဒီနိုင်ငံကို အမျိုးသားတန်းတူရည်တူရှိမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး အာမခံချက်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ပါ။ နောက် မျှော်မှန်းချက်ပေါ့။ ကျွန်တော်တို့ 7 EAO Alliance တွေ့ရှိထားတဲ့ အသွင်ကူးပြောင်းရေး အစီအစဉ်ဆိုတာ ရှိတယ်။ အပြည်အစုံ ပြောရမယ်ဆိုရင် ဒီမိုကရေစီ ဖက်ဒရယ် အသွင်ကူးပြောင်းရေး အစီအစဉ်ပါ။ အဲဒီအစီ အစဉ်အတိုင်း ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ဆိုတာက မျှော်လင့်ချက်ပါ။ နောက် လုပ်ဆောင်ချက် Mission အနေနဲ့က အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုကို ကြိုးပမ်း မယ်။ နောက်တစ်ခါ ကျွန်တော်တို့နိုင်ငံမှာ လက်ရှိ ဖြစ်တည်နေတဲ့ ပကတိအခြေအနေအပေါ်မှာ လက်ခံပြီးတော့ နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်း စဉ်တွေ စတင်နိုင်အောင် ကြိုးပမ်းမယ်။ ကျွန်တော်တို့ စတင်နိုင်တဲ့ အဆင့်ကနေ စတင်ပြီးတော့ တဖြည်းဖြည်းအားလုံး ပါဝင်နိုင်တဲ့ အခင်းအကျင်း ဖြစ်အောင်လည်း ကြိုးပမ်းဆောင်ရွက်သွားဖို့ ရှိပါတယ်။ အဲဒီတော့ ပြောနေကြတာ ရှိပါတယ်။ ဒီလောက်ပဋိပက္ခတွေ ဖြစ်နေတာ ငြိမ်းချမ်းရေးက ဘယ်လိုလုပ်ဖြစ်မလဲပေါ့။ သို့သော်လည်း သေနတ်သံတိတ်မှ ငြိမ်းချမ်း ရေး လုပ်ရမယ်ဆိုရင် ဘယ်တော့လောက်မှ လုပ်ဖြစ်မလဲဆို တာ ဘယ်သူမှ ကံသေကံမပြောလို့ မရပါဘူး။ ဒါကြောင့် စနိုင်တဲ့ အဆင့်ကနေ လက်ရှိအခြေအနေအတိုင်း စနိုင်တဲ့လူဦးရေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စတင်ဖို့ ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာလည်း ပါဝင်သင့်ပါဝင်ထိုက်တဲ့ လူတွေ ပါဝင် လာနိုင်အောင်လည်း ပဲကြိုးပမ်းဆောင်ရွက်မယ်။ အဲဒီက‌နေ နိုင်ငံရေးတွေ့ ဆုံ‌ဆွေးနွေးပွဲကနေတစ်ဆင့် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်မယ်ဆိုတဲ့ ဒီလိုရည်မှန်းချက်တွေ ရှိပါတယ်။ ဟိုးပြီးခဲ့တဲ့ ၂၀၂၂ တုန်းက ကျွန်တော်တို့ ကြိုးပမ်းခဲ့ပါတယ်။ အဲဒီတုန်းကတော့ PPST (ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့) အနေနဲ့ ကြိုးပမ်းခဲ့တာပါ။ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲအကျပ် အတည်းကို ဖြေရှင်းကျော်လွှားနိုင်ဖို့အတွက် သက်ဆိုင်သူများ အားလုံးပါဝင်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ ဆောင်ရွက်မယ်ဆိုပြီး အဲဒီကာလတွေတုန်းက လုပ်ဆောင်ခဲ့တာတွေ ရှိပါတယ်။ သို့သော်လည်း ကျွန်တော်တို့ အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ မျှော်လင့်ခဲ့ပေ မယ့် နိုင်ငံရေးအခြေ အနေတွေအရ ခရီးမရောက်ခဲ့ဘူး။ ဒါပေမဲ့ အခုတစ်ခါ စနိုင်တဲ့ ကျွန်တော်တို့ ခုနစ်ဖွဲ့ကနေ စတင်နိုင်ဖို့ ကြိုးပမ်းမယ်။ ကြိုးပမ်းဆောင်ရွက်ရင်းနဲ့ပဲ ကျန်တဲ့အင်အားစုတွေလည်း တဖြည်းဖြည်း ပါလာနိုင်ဖို့ ပြောကြဆိုကြမယ်၊ ငြိမ်းချမ်းရေးအတွက် သူ့အမြင်၊ ကိုယ့်အမြင် ဖလှယ်ကြ မယ်ဆိုပြီး ရည်မှန်းချက်တွေ ရှိနေပါတယ်။

 

TREND ။        ။ NCA ခုနစ်ဖွဲ့က ချမှတ်ထားတဲ့ အချက်‌တွေထဲမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်ဖော်ဆောင်ရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုစည်းမျဉ်းများ ဆိုတဲ့အချက်ပါတော့ ဒါက ဘယ်လို ထိတွေ့ဆက်ဆံမှု စည်းမျဉ်းတွေလဲ၊ ဘယ်လို အကောင်အထည်ဖော်မလဲ။
SKN    ။    ။
ဒါက ပြီးခဲ့တဲ့ နှစ်နှစ်ကျော်ကာလအတွင်းမှာ စုစည်းထားတဲ့ အချက်တွေကို နိုင်ငံတကာ ပညာရှင်တွေနဲ့လည်း Workshop တွေ လုပ်ပြီးတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ စည်းမျဉ်းစည်းကမ်းလေး‌တွေကို စုစည်းထားတာပါ။ အဓိကကတော့ ရပ်တန့်သွားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လက်ရှိနိုင်ငံရေး အခင်းအကျင်းနဲ့အညီ စနိုင်တဲ့ အတိုင်းအတာ၊ စနိုင်တဲ့ အဆင့်ကနေ စတင်နိုင်အောင် စည်းမျဉ်းစည်းကမ်း တွေကို ချမှတ်ခဲ့တာပါ။ အခေါ်အရကတော့ ထိတွေ့ဆက်ဆံမှု စည်းမျဉ်းဆိုပေမယ့်လည်း ဗျူဟာတစ်ခု ပါပဲ။ လက်ရှိ ရွေးကောက်ခံအစိုးရအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်မှာ ဘယ်လိုသဘောထားတွေ ရှိသလဲ စသည်ဖြင့်ပေါ့။ အဲဒါတွေကို သိရှိနိုင်ဖို့ ချဉ်းကပ်မယ်။ နောက် အားလုံးပါဝင်တဲ့ အခင်းအကျင်း၊ အဲဒါတွေကို ပြန်လည်ပြီးတော့ ဖော်ဆောင်လို့ရမယ် ဆိုတာကိုလည်း ချဉ်းကပ်မယ်။ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးစိတ်ဆန္ဒတွေ ပေါ်ပေါက်လာဖို့၊ ရှင်သန်လာဖို့ကိုလည်း ကျွန်တော်တို့နဲ့ ထိတွေ့တဲ့ အဖွဲ့အစည်းတိုင်းကို ဆွေးနွေးမယ်၊ စကားပြောမယ်ဆိုတဲ့ အစီအစဉ် ရှိပါတယ်။ အသွင်ကူးပြောင်းရေး အစီအစဉ်က‌နေလည်းလိုအပ်တဲ့ အစီအမံတွေ၊ လိုအပ်တဲ့အစီအစဉ်‌တွေ ဘယ်လို ဆောင်ရွက်မလဲဆိုတာလည်း စဉ်းစားထားပါတယ်။ 7 EAO ရဲ့ မဟာဗျူဟာဆိုတဲ့အတိုင်း ခုနစ်ဖွဲ့နဲ့စမယ်။ အဲဒီလိုစတင်ရင်းနဲ့ပဲ တခြား သော အဖွဲ့တွေ၊ တခြားသော အင်အားစုတွေပါလာဖို့ ကြိုးစားဖို့ဆိုတဲ့ အချက်လည်းပါတယ်။ ကျွန်တော်တို့ ခုနစ်ဖွဲ့က နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲ၊ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲအတွက် NCA ရဲ့ အနှစ်သာရ သုံးချက်ကို စွဲကိုင်ထားပါတယ်။ ဒီအနှစ်သာရ သုံးချက်ကို အခြေခံပြီးတော့ ဆောင်ရွက်မယ်။
    သို့‌သော်လည်းပဲ အခုက ကျွန်တော်တို့ ခုနစ်ဖွဲ့တည်းပဲ၊ တခြားသော အဖွဲ့တွေ၊ တခြားသော အင်အားစုတွေနဲ့ ထိတွေ့ ဆက်ဆံပြောဆိုလာတဲ့ အခါကျရင် ဥပမာ NCA အနှစ်သာရအတိုင်း မဟုတ်ဘဲနဲ့ အားလုံး ပါဝင်လာနိုင်တဲ့ ဒီထက်ကောင်းတဲ့ လမ်းရှိရင်လည်းပဲ ကျွန်တော်တို့ EAO ခုနစ်ဖွဲ့က ပူးပေါင်း ဆောင်ရွက်သွားမှာပါ။ ဒါကလည်း ခုနစ်ဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ်မှာ ပါပါတယ်။ နောက်တစ်ခါ ထိတွေ့ဆက် ဆံ လုပ်ကိုင်ဆောင်ရွက်နေ တဲ့အချိန်မှာ ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းပဲ ဖြစ်ဖြစ် ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့နေရာမှာ မပါမဖြစ် ပါသင့်ပါထိုက်တဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေ၊ အင်အားစုတွေကို ကျွန်တော်တို့က တန်းတူ အပြန်အလှန်လေးစား ပြီးတော့ ဆောင်ရွက်ဖို့ကလည်း ကျွန်တော်တို့ရဲ့ ရည် မှန်းချက်တစ်ခုပါ။ ပြီးတော့ အခုအချိန်မှာက ယုံကြည်မှုတွေ ပြန်တည်ဆောက်ကြရမယ့် ကာလပါ။ ထိတွေ့ ဆက်ဆံတဲ့အခါမှာ EAO တွေကြားမှာ၊ EAO တွေနဲ့ အစိုးရ၊ တပ်မတော်တို့ကြားမှာ နှစ်ဖက်ထိတွေ့ ဆက်ဆံစကား ပြောကြပြီဆိုရင် နှစ်ဖက်လက်ခံနိုင်တဲ့ အကျိုး ဆောင်တွေ ထားရှိဖို့ကိုလည်း စဉ်းစားထားပါတယ်။ ကျွန်တော်တို့နဲ့ အင်အားစုတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ထိတွေ့ ဆက်ဆံစကားပြောကြည့်တဲ့အခါမှာလည်း သူတို့က ဒီလိုဖြစ်ချင်တယ်ဆိုတာမျိုး ပြုပြင်ရမယ်ဆိုရင်လည်း EAO Alliance ရဲ့ ထိတွေ့ဆက်ဆံမှု စည်းမျဉ်းတွေကလည်း ပြောင်းလွယ်၊ ပြင်လွယ်တဲ့ ပုံသဏ္ဌာန်ဖြစ်ဖို့ ကြိုးပမ်းတည်ဆောက်ထားပါတယ်။

TREND ။        ။ အစိုးရသစ်ရဲ့ ကြိုတင်ကန့်သတ်ချက်မထားတဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနဲ့ တွေ့ဆုံဆွေး နွေးရေးအခင်း အကျင်း အလားအလာ ဘယ်လိုသုံးသပ်ချင်လဲ။
SKN    ။    ။
အရင့်အရင် ကာလတွေတုန်းက ငြိမ်းချမ်းရေး တွေ့ဆုံဆွေး‌နွေးပွဲတွေမှာ ကြိုတင်ကန့် သတ်ချက်တွေကြောင့် အဆင်မပြေဖြစ်တာ၊ ရှေ့ဆက်လှမ်းလို့ မရတော့ဘဲ အဟန့်အတားတွေ ဖြစ်သွားတာ ရှိခဲ့ပါတယ်။ အခု အစိုးရသစ်ရဲ့ ဖိတ်ခေါ်ချက်ကတော့ အခုလို အခက်အခဲ ကာလတစ်ခုအောက်မှာ ထင်သာ မြင်သာရှိတဲ့ ဖိတ်ခေါ်ချက်ဖြစ်ပါတယ်။ ဒါက တိုးတက်မှု တစ်ခုဖြစ်တာမို့လို့ အားရကျေနပ်မှု လည်း ရှိပါတယ်။ အသွင်သဏ္ဌာန်အမျိုးမျိုးနဲ့ ဖိတ်ခေါ်ထားတာလည်း တွေ့ရပါတယ်။ ဥပမာ NCA ရေးထိုးထားပြီးတော့ လက်ရှိတိုက်ပွဲတွေ မဖြစ်တဲ့အင်အားစု၊ NCA ရေးထိုးထား ပြီးတော့ တိုက်ပွဲတွေပြန် ဖြစ်တဲ့ အင်အားစု၊ NCA မထိုး ရသေးတဲ့ အင်အားစုတွေကိုလည်း ဖိတ်ခေါ်ထားတယ်။ဘယ်လိုပဲဖြစ်ဖြစ် အသွင်သဏ္ဌာန်အမျိုးမျိုး ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးအတွက် ဘာမှ ကြိုတင်ကန့်သတ်ချက်မ‌ထားဘဲ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းဖိတ်ခေါ်တာဟာ အစပြုခြေလှမ်းကောင်း တစ်ခုပါ။

TREND ။        ။ အစိုးရရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ဟာ အစပြုခြေလှမ်းကောင်းဖြစ်လို့ ဒီအပေါ်မှာ အခြားလက်နက် ကိုင် အင်အားစုတွေရဲ့ သဘော‌ထားတွေ ဘယ်လိုဖြစ်လာနိုင်လဲ၊ ပြောင်းလာနိုင်လား။
SKN    ။    ။
အဖွဲ့အစည်း တစ်ခုချင်းစီရဲ့ အခြေအနေတွေကို သေချာသိဖို့ ခက်ခဲပါတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ ဆန္ဒတစ်ခုနဲ့တစ်ခု ထပ်တူဖို့ မလွယ်ပါဘူး။ ပြီးတော့ အဖွဲ့အစည်းတစ်ခုရဲ့ အစီအစဉ်၊ အဖွဲ့အစည်းတစ်ခုရဲ့ စဉ်းစားချက်တွေကိုလည်း အတိအကျသိဖို့ ခက်ပါတယ်။ သို့သော် ဘယ်အဖွဲ့မှ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်ဆိုတာကို ပစ်ပယ်တယ်လို့ မကြားမိပါဘူး။ လက်ရှိအခြေအနေ အကျပ်အတည်းတွေ ကျော်လွှားနိုင်ဖို့က စစ်ရေးနည်းနဲ့ မ‌ဟုတ်ဘဲ နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးဖြေရှင်းမှ ရမယ်ဆိုတာ အားလုံးတူညီမှုတွေ ရှိနေကြပါတယ်။ ဒါပေမဲ့ အဲဒီလိုတွေ့ဆုံ စကားပြောတဲ့နေရာမှာ မိမိတို့ရဲ့အဖွဲ့အစည်း အခြေအနေအရ သူတို့ရဲ့ လိုလားမှုတွေ၊ သူတို့ရဲ့တောင်း ဆိုမှုတွေ၊ ခံစားမှုတွေ ဒါတွေကတော့ ကွာခြားမှု ရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးပြဿနာကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ အဖြေရှာဖို့က အကုန်လုံး နားလည်မှု တူထားပြီးသား ရှိထားတော့ ခက်ခဲတယ်၊ ကျပ်တည်းတယ်၊ စိန်ခေါ်မှုတွေ များတယ်ဆိုပေမယ့် တဖြည်းဖြည်းချင်း ကြိုးပမ်း ဆောင် ရွက်သွားကြဖို့ ဖြစ်ပါတယ်။ ဥပမာ နိုင်ငံတော်အစိုးရဘက်ကလည်း ဖိတ်ခေါ်ကမ်းလှမ်းပြီးရင်ပြီးရော မဟုတ်ဘဲနဲ့ Follow up ပေါ့၊ ဟိုးအရင်တုန်းက လိုမျိုးပေါ့။ 'နင်မလာဘူးလား၊ နင်မလာဘူးဆိုရင် နင့်ငါလာတွေ့မယ်' စသည်အားဖြင့်ပေါ့။ အဲဒီလိုတွေ့ဆုံပေါ့။ အခု ဘာမှကြိုတင်ကန့်သတ်ချက် မထားဘူးဆိုတဲ့ ဖိတ်ခေါ်ချက်ကလည်း အချိန်အခါ အခြေအနေအပေါ်မှာ  နှစ်ဖက်ညှိနှိုင်း အတိုးအလျှော့ လုပ်နိုင်တဲ့ အခွင့်အလမ်းအများကြီး ရှိနေတယ်လို့ မြင်ပါတယ်။ ဆိုတော့ ဒီအခြေအနေမှာတော့ တွေ့ဆုံဆွေး နွေးရေး အတွက် အခက်အခဲ အဟန့်အတားတော့ ရှိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် လက်နက်ကိုင်ပဋိပက္ခ ကြောင့် တစ်ဖွဲ့နဲ့တစ်ဖွဲ့က ခံစားတာချင်းမတူ၊ ပထဝီဝင် အနေအထားလည်း မတူကြတာကြောင့်ပါ။ ဒီအခြေအနေအပေါ်မှာ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်က သက်ရောက်မှုသဘော‌ထား အပြောင်းအလဲ ဘယ်လောက်အထိ ရှိမလဲဆိုတာကလည်း တစ်ဖွဲ့ချင်းစီရဲ့ ရှိနေတဲ့ ပထဝီဝင်နိုင်ငံရေး အခြေအနေနဲ့ သမိုင်းနောက်ခံအကြောင်းအရာတွေအပေါ်မှာ အများကြီး မူတည်နေပါတယ်။ 

TREND ။        ။ အခုငြိမ်းချမ်းရေးဖိတ်ခေါ်မှုအရ NCA မထိုးရတဲ့အဖွဲ့‌တွေ တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်း ပေါ်ကို ရောက်လာကြဖို့ အခွင့်ကောင်းလို့ ဆိုနိုင်မလား။ 
SKN    ။    ။
ပြည်‌ထောင်စုအကျိုး၊ တိုင်းပြည်အကျိုးကို ကြည့်မယ်ဆိုရင် ဘယ်အဖွဲ့အစည်းပဲ ဖြစ်ဖြစ်၊ ဘယ်အင်အားစုတွေပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးတွေ့ဆုံဆွေး‌နွေးပွဲ စားပွဲဝိုင်းပေါ် ရောက်လာသင့်ပါတယ်။ အရင်တုန်းကလည်းပဲ ပြည်ထောင်စု ငြိမ်းချမ်းရေးဆိုတာကို ကျွန်တော်တို့ အတူတကွ အိပ်မက် မက်ခဲ့ဖူးပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးကို တည်ဆောက်မယ်ဆိုရင်လည်းပဲ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ ဖက်ဒရယ်အရေး အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက်ရှိတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်နိုင်ဖို့ ဖြစ်ပါတယ်။ နောက် နိုင်ငံသူ နိုင်ငံသားတွေ အနေနဲ့ ကြည့်မယ်ဆိုရင် လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု စတဲ့ လောကပါလ တရားတွေ လွှမ်းမိုးတဲ့ ပြည်ထောင်စု၊ အဲဒါတွေကို  ကျွန်တော်တို့ စုပေါင်းတည်ဆောက်လို့ ရနိုင်မှသာလျှင် ကျွန်တော် တို့ ပြောနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးက အခိုင်အမာရှိလာမယ်လို့ မြင်ပါတယ်။
    ဒီလို စုပေါင်းတည်ဆောက်လို့ ရနိုင်မှသာလျှင်လည်း  ပြည်ထောင်စု ငြိမ်းချမ်းရေးက တည်တံ့လာ နိုင်မယ်ဆိုတာကိုလည်း အားလုံးအတူတူ နားလည်မှုရှိကြပါတယ်။ ဆိုတော့ အဖွဲ့တစ်ခုစီရဲ့ ကိစ္စရပ်တွေကို ပြောရဆိုရ၊ သုံးသပ်ရတာက ဒီအချိန်မှာ အင်မတန်မှကို ထိလွယ်ရှလွယ်တဲ့ သတိထားရမယ့် အချိန်ဖြစ်သလို  သုံးသပ်ဖို့လည်း ခက်ပါတယ်။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် အစိုးရသစ်ရဲ့ ရက် ၁၀၀ အတွင်းမှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပီပီပြင်ပြင် မပေါ်လာခဲ့သေးဘူးဆိုရင်တောင် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးရေးအတွက် အစပျိုးမှု ဖြစ်လာနိုင်ပါတယ်။ ဒီလို အစပျိုးမှု ပေါ်ထွက်လာပြီဆိုရင် ကျွန်တော်တို့အတွက်၊ ငြိမ်းချမ်းရေး အတွက် တိုးတက်မှုအနေနဲ့ အားရှိလာပြီလို့ ပြောရမှာပါ။
    ကျွန်တော်တို့ 7 EAO အနေနဲ့က အဖွဲ့အစည်း တစ်ရပ်စုစည်းမှုတစ်ခုအနေနဲ့ ပြည်‌ထောင်စုတစ် ခုလုံးရဲ့ကိစ္စကို စဉ်းစားတဲ့အခါမှာ ကျွန်တော်တို့ လက်လှမ်းမမီတဲ့ ကိစ္စရပ်တွေ အများကြီးရှိမှာပါ။ နိုင်ငံတော်အစိုး ရတစ်ရပ်အနေနဲ့ကတော့ ဒီနိုင်ငံအတွက် အရေးတကြီး လိုအပ်နေတဲ့ ငြိမ်းချမ်းရေး ကိစ္စရပ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ မထင်မှတ်တဲ့ မတွေးမိနိုင်တဲ့၊ ကျွန်တော်တို့ မမြင်နိုင်တဲ့ ကြိုးပမ်းဆောင် ရွက်မှုတွေ ရှိနေမယ်လို့ ယုံကြည်ပါတယ်။

TREND ။        ။ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်မှာက  NCA ပါ သဘောတူညီချက်တွေကို ပြီးစီးအောင် အတူတကွ ပူးတွဲအကောင်အထည်ဖော်နိုင်ဖို့ တွေ့ဆုံဆွေး‌နွေး ဖို့အချက်ပါတော့ ဒါက ဘယ်လို အခင်းအကျင်း တွေ ပေါ်လာနိုင်လဲ။
SKN    ။    ။
ဒါကတော့ နိုင်ငံတော်အစိုးရဘက်က ငြိမ်းချမ်းရေးအတွက် ဒီလိုမျိုး လုပ်သင့်တယ်၊ ဒီလိုလုပ်ရင် ကောင်းမယ်ဆိုတာကို ထုတ်ဖော်ချပြလိုက်တယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ 7 EAO Alliance အနေနဲ့ကလည်း NCA အနှစ်သာရ သုံးရပ်ကို အခြေခံပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်မယ်။ သို့သော်လည်းပဲ လုပ်ရင်းကိုင်ရင်းနဲ့ပဲ ကျွန်တော်တို့ ခုနစ်ဖွဲ့အပြင် အခြားသောအဖွဲ့တွေနဲ့ အများ ကြီး စကားပြောခွင့်ရလာခဲ့လို့ ဥပမာ NCA အနှစ်သာရ အတိုင်းတော့ မဖြစ်ဘူး။ ကျွန်တော်တို့ကတော့ ဒီလိုလုပ်ချင်တယ်၊ ဒီလိုလုပ်ရင် ကောင်းတယ်ဆိုတာမျိုး ဖြစ်လာခဲ့ရင် အဲဒီမှာ အားလုံးလုပ်နိုင်တဲ့ အခင်းအကျင်းဆိုတာကလည်း ပေါ်မလာဘူးလို့ ပြောလို့မရဘူး။ ပေါ်ကောင်းပေါ် လာနိုင်ပါတယ်။
    အဓိကကတော့ ကျွန်တော်တို့စကားပြော ခွင့်ရကြတယ်ဆိုရင် ဘာဖြစ်သင့်တယ်။ ဘာလုပ်သင့်တယ်ဆိုတာ အဖြေထွက်လာနိုင်တယ်လို့ မြင်ပါတယ်။အခု အစိုးရအနေနဲ့ကလည်း စကားပြောလို့ မရသေးတဲ့အချိန်မှာ အစိုးရဘက်က ဖြစ်ချင်တဲ့၊ သွားချင်တဲ့ အရာတွေကို ဒီဖိတ်ခေါ်ချက်ထဲမှာ ထည့်သွင်း ဖော်ပြထားတယ်လို့ မြင်ပါတယ်။ အဲဒီမှာ တခြားဘက်ကလည်း အဲဒီလိုမျိုး တူညီတဲ့အမြင်တွေ ရှိကောင်းရှိမယ်။ အဲဒီလိုမျိုးမတူတဲ့ အမြင်လည်း ရှိကောင်းရှိနိုင်ပါတယ်။ အဓိက ကတော့ ငြိမ်းချမ်းရေးအတွက် သူ့အမြင်၊ ကိုယ့်အမြင်တွေကို ဖလှယ်နိုင်ဖို့က အရင်ဦးဆုံး တွေ့ဆုံစကားပြော နိုင်မယ့်အဆင့်က ပိုအရေးကြီးပါတယ်။ ဒါကြောင့်လည်း ဘာမှ ကြိုတင်ကန့်သတ်ချက် မထားဘူးဆိုတာက ကျွန်တော်တို့ အချင်းချင်း စကားပြောနိုင်မယ့် အခင်းအကျင်းမျိုး ပေါ်ပေါက်လာတယ်။ စကားပြောခွင့်ရှိလာပြီဆိုရင် လည်းပဲ၊ စကားပြောနိုင်တဲ့ အဆင့်ရှိနေရင်လည်းပဲ သူ့ဘက်က ဘာဖြစ်ချင်တယ်၊ ကိုယ့်ဘက်က ဘာဖြစ်ချင်တယ်ဆိုတာတွေ သိရှိသွားပြီးတော့ အဲဒီကနေတစ်ဆင့် လည်း ကျွန်တော်တို့က ဒီနိုင်ငံရဲ့အကျိုးကို ရှေးရှုပြီးတော့ အပေးအယူ အလျှော့အတင်း လုပ်ရမယ့် အခြေအနေတွေလည်း ရှိလာဦးမယ်လို့ ထင်ပါတယ်။

TREND ။        ။ နိုင်ငံတော် အစိုးရက 7 EAO Alliance ကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်စာများ ပေးပို့ထားတယ်လို့ ကြားရပါတယ်။ ဘယ်‌လိုပြင်ဆင်ထားလဲ၊ ဘယ်တော့ တွေ့ဖြစ်ကြမလဲ။
SKN    ။    ။
7 EAO Alliance ရဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်ကို လိပ်မူပြီးတော့ သူတို့ အခေါ်ကတော့ NCA/S EAO ခုနစ်ဖွဲ့ပေါ့။ အဲဒီလိုမျိုး တွေ့ဖို့ရှိပါတယ်။ အရင်တုန်းကဆိုရင် တစ်ဖွဲ့ချင်းစီပဲ ဖိတ်တာ။ အခုကျတော့ ဗိုလ်ချုပ်ကြီး ယွက်စစ်ကို လိပ်မူပြီးတော့ ခုနစ်ဖွဲ့နဲ့ တွေ့ဆုံဖို့ ဖိတ်တယ်။ တစ်ဖွဲ့ ချင်းစီ တွေ့ဖို့လည်း ဖိတ်ခေါ်ခြင်းခံရတယ်။ အဲဒီလို ဖိတ်ကြားလာတာက တိုးတက်မှုတစ်ခုဖြစ်လို့ ဝမ်း မြောက်မိပါတယ်။ အဲဒီလို တွေ့ဆုံဖို့ ဖိတ်ကြားတဲ့အပေါ် ဦးဆောင်အဖွဲ့ အစည်းအဝေးမှာလည်း ပြင်ဆင် ဆောင်ရွက်မှုတွေ ရှိပါတယ်။ ဖိတ်ခေါ်မှုဆိုတာကတော့ နေ့ရက်တို့ အချိန်အခါ နေရာတို့ အတိအကျ မပါသေးဘူး။ ဒီလို တွေ့ဆုံဖို့အတွက်လည်း ကျွန်တော်တို့ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်မှုတွေ ရှိလာဦးမှာပါ။

TREND ။        ။ လက်ရှိ အကျပ်အတည်းအခြေအနေမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်နိုင်ပါ့ မလားဆိုတဲ့ သုံးသပ်ချက်တွေ၊ မေးခွန်းထုတ်မှုတွေ ရှိနေတော့ ဒီအခြေအနေကြားထဲကနေပဲ တိုင်းပြည်အတွက် အရေးကြီးတဲ့ ငြိမ်းချမ်းရေးအတွက် စနိုင်တဲ့ အခြေအနေကနေ စတင်လုပ်ဆောင်သင့်ပုံကို ဖြည့် စွက်ပြောကြားပေးပါဦး။
SKN    ။    ။
တိုက်ပွဲတွေ၊ နိုင်ငံရေးအခြေအနေ အခက်အခဲတွေ ရှိနေပေမယ့်လည်း စနိုင်တဲ့ အခြေအနေကနေ စတင် လုပ်ဆောင်သင့်တယ်ဆိုတာက လက်လွတ်စပယ် ပြောတာတော့ မဟုတ်ပါဘူး။ ဒီအခြေအနေ တစ်ခုအောက်မှာ ငြိမ်းချမ်းရေး လုပ်ကြပြီဆိုရင် ကျွန်တော်တို့ ခုနစ်ဖွဲ့တည်းနဲ့လည်း ခရီးပေါက်ဖို့ ခဲယဉ်းပါတယ်။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိအခြေအနေ အရကတော့ ဒီနိုင်ငံရဲ့အရေးအရာ ကိစ္စ ရပ်များအားလုံးကို တာဝန်ယူနေတဲ့ အစိုးရတစ်ရပ်အနေနဲ့ကတော့ နိုင်ငံအတွက် သေရေးရှင်ရေးအတွက် အရေးကြီးတဲ့ ငြိမ်းချမ်းရေးကိုရအောင် လုပ်ဆောင်ပါလိမ့်မယ်။ ဒီအချိန်မှာ နာကြည်းမှုတွေ၊ ထိခိုက်မှု တွေ၊ အမုန်းတရားတွေ အဲဒါတွေကတော့ရှိမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံ တော်အစိုးရဘက်ကလည်း ပိုပြီး သည်းခံစိတ်ရှည် အမြင်ကျယ်ကျယ်နဲ့ ပြည်ထောင်စုအကျိုးအတွက်၊ လူထုအကျိုးအတွက် စံပြဖြစ်အောင် လုပ်ပြမယ်လို့ ယုံကြည်ပါတယ်။ ဒီလိုလုပ်ဆောင်လာပြီဆိုရင် အစိုးရရဲ့ ရက် ၁၀၀ အတွင်း မဟုတ်သည့် တိုင် ငြိမ်းချမ်းရေးအတွက် တိုးတက်မှုတွေ ရှိလာနိုင်အောင်တော့ လုပ်ဆောင်နိုင် လိမ့်မယ်လို့ ယုံကြည်ပါတယ်။ 
    ကျွန်တော်တို့ 7 EAO Alliance အနေနဲ့ကလည်း ဒီခုနစ်ဖွဲ့က စတင်ပြီးတော့ တဖြည်းဖြည်း အားလုံး ပါဝင်နိုင်တဲ့ အခင်းအကျင်း ဖြစ်လာအောင်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာ ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့ လူတွေ ပါဝင်လာနိုင်အောင်လည်းပဲ ကြိုးပမ်းဆောင်ရွက်သွားမှာပါ။ လက်ရှိအခြေအနေအရကတော့ တိုင်းပြည်ငြိမ်းချမ်း‌ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင် အထည်ဖော်ဖို့အတွက် အခက်အခဲ တွေ ရှိကောင်းရှိနေနိုင်ပါတယ်။ သို့သော်လည်း စောစောကပြောသလို ငြိမ်းချမ်းရေးဆိုတာ သေနတ်သံတွေ တိတ်မှဆိုတာထက် စနိုင်တဲ့ အခြေအ နေကနေ စတင်လုပ်ဆောင်ရမှာပါ။ ညီသစ်

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၇ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 36

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62103

© 2022 - 2026 News. All Rights Reserved.