ကြက်သွန်နီဈေးအနည်းငယ် ပြန်ကျ

၂၀၂၃ ဇွန် ၆

ပြီးခဲ့သည့် မေလထိ အမြင့်ဈေးရောက်နေသည့် ကြက်သွန်နီဈေးသည် အနည်းငယ်ကျဆင်းသွားကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။

ယခုနှစ်နွေ ကြက်သွန်နီ အထွက်နည်းခဲ့သည့်အတွက် ကြက်သွန်ဈေးမှာ အမြင့်ဈေးတွင်ရှိနေပြီး လက်ရှိပြည်ပ အဝယ်နည်းသွားသည့် အတွက် အနည်းငယ်ကျဆင်းသွားခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ ကြက်သွန်နီဈေးက ကျသွားတယ်။ ၂၀၀၀ ကျော်ကနေ ၁၈၀၀ လောက်ကျသွားတယ်။ ပြီးခဲ့လတွေ တုန်းကတော့ ပြည်ပက အဝယ်လိုက်တော့ ကြက်သွန်ဈေးကကောင်းနေတာ။ အခုတော့ အဝယ်လည်းနည်းနည်းအေးသွားပြီ” ဟု ဘုရင့်နောင်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောသည်။

ကြက်သွန်ဈေးမှာ ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်ပေါ်မူတည်ကာ ဈေးနှုန်းများပြောင်းလဲနိုင်ပြီး လက်ရှိ ဈေးကွက်တွင် မြစ်သား ကြက်သွန်များမှာ ဈေးအမြင့်ဆုံးနှင့် အရောင်းအဝယ်ပိုဖြစ်ကြောင်းသိရသည်။

လက်ရှိ ရန်ကုန်ဈေးကွက်တွင် ဆိပ်ဖြူ တစ်ပိဿာလျှင် ၁၅၀၀ မှ ၁၇၀၀၊ မြစ်သား တစ်ပိဿာလျှင် ၁၅၀၀ မှ ၂၅၀၀၊ မြင်းခြံ တစ်ပိဿာလျှင် ၁၅၅၀ မှ ၁၆၅၀ ထိ ဈေးရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။

ကြက်သွန်နီကို လက်ရှိ တရုတ်၊ ထိုင်းနှင့် ဘင်္ဂလာဒေ့ရှ်သို့ ပုံမှန်တင်ပို့နေခြင်းဖြစ်ပြီး (၈) လပိုင်းနှင့် (၉) လပိုင်းတွင် ကြက်သွန်ရှားကာဈေးတက်လာနိုင်ကြောင်း ကုန်သည်များက သုံးသပ်ထားသည်။

လက်ရှိ သွင်းအားစုများဈေးကြီးနေသည့်အတွက် မြေဩဇာကောင်းကောင်းမသုံးနိုင်ပါက အထွက်နှုန်းနည်းကာ အရည် အသွေးလည်း ကျဆင်းနိုင်ကြောင်း လက်ရှိ ဈေးကွက်တွင် နွေကြက်သွန်များဖြင့် အရောင်းအဝယ်ပြုလုပ်နေခြင်းဖြစ်ပြီး (၁၁) လပိုင်း နှင့် (၁၂) လပိုင်းမှာသာ မိုးကြက်သွန် စတင်စိုက်ပျိုးကြမည်ဖြစ်ကြောင်းသိရသည်။

Total Views ~ 498

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60614

© 2022 - 2026 News. All Rights Reserved.