နေပြည်တော်၊ ဇူလိုင် ၂၃
နဗဥျ များကို ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ပေး၊ မပေး ကိစ္စရပ်မှာ ဆွေးနွေးပွဲတွင် တစ်ထိုင်တည်း ဆုံးဖြတ်နိုင်သောကိစ္စမဟုတ်ဘဲ လွှတ်တော်တွင် အကျေအလည် ဆွေးနွေးရမည့်ကိစ္စရပ်များဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာညိုညိုသင်းက ပြောသည်။
"ဥပဒေစကားအတိုင်း ပြောရရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေးလိုက်ဖို့ဆိုတာက နိုင်ငံရေး ဆွေးနွေးပွဲမှာ တစ်ထိုင်တည်းနဲ့ ဆုံးဖြတ်နိုင်တဲ့ကိစ္စ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကန့်သတ်ချက်တွေရှိတယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုရင် ဒါတွေက လွှတ်တော်မှာ အကျေအလည် ဆွေးနွေးရမယ့်ကိစ္စတွေ ဖြစ်တယ်။ သို့သော်လည်း လွှတ်တော်ရဲ့ အခင်း အကျင်းက တိုင်းရင်းသားအင်အားအများစု ပါဝင်နိုင်တဲ့အနေအထားမှာ မရှိသေးဘူး။ ဒါကြောင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရဖို့ဆို တာကတော့ တိုင်းရင်းသားအင်အားစုတွေအနေနဲ့ အခုထက်ပိုပြီး သည်းခံရမယ်၊ စိတ်ရှည်ရမယ်။ ဒီအစိုးရ သက်တမ်းအတွင်းမှာတော့ မရဘူးလို့တော့ မပြောနိုင်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ချက်တွေက မြန်မြန်ဆန်ဆန် ပေါ်ထွက်လာမယ် ဆိုရင်လည်းပဲ ဒါက ဖြစ်သွားနိုင်တဲ့ အနေ အထားမှာ ရှိတယ်လေ။ ဒါကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေတဲ့ သက်ဆိုင်ရာ Stakeholder အသီးသီးက အရိုးသားဆုံးနဲ့ တိုင်းပြည်အနာဂတ်အတွက်ကို စဉ်းစားပြီး ချင့်ချင့်ချိန်ချိန် လုပ်မယ်ဆိုရင်တော့ မဖြစ်လာစရာ အကြောင်းမရှိပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံပြီး တော့ပဲဖြစ်ဖြစ်၊ ပြင်ဆင်ပြီးတော့ပဲဖြစ်ဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ ပေးလို့ရတဲ့ အနေအထားမှာ ရှိပါတယ်။
အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် EAOs များမကြာခဏ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် ဥပဒေရေးရာ အဟန့်အတားများ ရှိနေသည့်တိုင် တိုင်းရင်းသား အင်အားစုများ ကျေနပ်နိုင်သော အခင်းအကျင်းကို လုပ်ပေးနိုင်သည့် အနေအထားများ ရှိလာနိုင်ကြောင်း ဒေါက်တာ ညိုညိုသင်းက သုံးသပ်ပြောဆိုသည်။
"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရယ်လို့ တရားဝင် မပေးနိုင်ရင်တောင်မှ အဓိက ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတွေက ရရှိတဲ့ အခွင့်အရေးတွေကို လက်တွေ့ကျကျ တိုင်းရင်းသား အင်အားစုတွေကို ပေးနိုင်မယ်။ အသိအမှတ်ပြုမယ်ဆိုရင် ဥပဒေရေးရာ အဟန့်အတားတွေရှိနေသည့်တိုင်အောင် တိုင်းရင်းသား အင်အားစုတွေ ကျေနပ်နိုင်တဲ့ အခင်းအကျင်းကို လုပ်ပေးနိုင်တဲ့ အနေအထားတွေ အများကြီးရှိတယ်။ ဒါကြောင့်မို့ များများတွေ့ဆုံဆွေးနွေးခြင်းအားဖြင့် တစ်ဖက်နဲ့တစ်ဖက် ထပ်တူကျလာတဲ့အခါမှာ ဘယ်လို အခက်အခဲမျိုးကိုမဆို ကျော်လွှားသွားနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ ဒါကြောင့် ခဏခဏတွေ့ကြဖို့ တိုက်တွန်းချင် ပါတယ်"ဟု ၎င်းကပြောသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) နှင့် EAOs များတွေ့ဆုံ ဆွေးနွေးမှုများမှတစ်ဆင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ထပ်မံပေါ်ထွက်လာ နိုင်သည်ဟူသော သုံးသပ်မှုများအပေါ် ဒေါက်တာ ညိုညိုသင်းက ပြောကြားခြင်း ဖြစ်သည်။
ဇူလိုင် ၁၉ ရက်က အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ပလောင်ပြည်နယ် လွတ် မြောက်ရေးတပ်ဦး (PSLF/TNLA) တို့ နေပြည်တော်တွင် တွေ့ ဆုံဆွေးနွေးခဲ့ကြပြီး အမျိုးသားစည်းလုံးညီ ညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီ ဝင်များ၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ဒုတိယဥက္ကဋ္ဌ(၁) တားဂျူတ်ဂျား၊ အထွေထွေအုပ်ချုပ်ရေးဌာန ဌာနမှူး တားဂူးဂျား၊ မဟာမိတ်ဆက်ဆံရေး ဌာနဌာနမှူး တားမိုးဟိန်း၊ အဖွဲ့ဝင်များဖြစ် ကြသည့် တားမိုင်းမိုင်း၊ တားညီနောခရိုး၊ တားကူးနောတို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ညှိနှိုင်း ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က "ယခုတွေ့ဆုံ ဆွေးနွေးမှုသည် နေပြည်တော်၌ ပထမဆုံးဖြစ်ကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကိုရှေးရှုပြီး ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးတို့ကို အဓိကထားဆွေးနွေးပေးစေလိုကြောင်း၊ တအာင်း(ပလောင်)ဒေသရှိ ပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စတို့အား ပေါင်းစပ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ရွေးကောက်ခံ အစိုးရပေါ်ပေါက် လာပြီဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးများကို လည်း ဆောင်ရွက်နိုင် ပြီဖြစ်ကြောင်း၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပေါင်းစပ် ဆောင်ရွက်နိုင်သည်များကို ပွင့်ပွင့်လင်းလင်း ဆွေး နွေးပေးစေလိုကြောင်း"ပြောကြားခဲ့သည်။ ကွန်းဈာန်