Breaking

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတာ တော်ရုံတန်ရုံနဲ့ ဖြစ်မယ်မထင်ဟု ဒေါ်စောမြရာဇာလင်း ပြော

နေပြည်တော်၊ ဇူလိုင် ၉
    NSPNC နှင့် EAOs များ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများရှိနေသော်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်လာရန်တော်ရုံနှင့် မရနိုင်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပြောသည်။
    "ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတာ တော်ရုံတန်ရုံနဲ့တော့ ဖြစ်မယ်မထင်ဘူး။ ဒါပေမဲ့ တောင်းဆိုလာကြလိမ့်မယ်ဆိုတာကတော့ သေချာသလောက်ရှိတယ်။ အားလုံးကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့အပေါ်မှာပဲ ကြိုးစားလာကြတာ ဆိုတော့လေ။ ဒါပေမဲ့ အစိုးရမှာ ကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့သွားတာ။ 'ဝ'တွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆိုင်သွားတယ်။ တချို့ကိစ္စတွေကျတော့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ စဉ်းစားလို့ရမှာလား။ ဒါမှမဟုတ် စားပွဲခုံ စားပွဲဝိုင်းကပဲ ဆွေးနွေးပြီးတော့ အဖြေထွက်မှာလား။ ပြီးရင် ဒီဆွေးနွေးပွဲရဲ့ ရလဒ်များသည် တစ်ဖက်သတ်အတွက်လား၊ နှစ်ဖက်လုံးအတွက်လားဆိုတာ ဆွေးနွေးမှုအဖြေအပေါ်မှာပဲ အများကြီး သက်ဆိုင်လိမ့်မယ်။ နိုင်ငံတော် အေးချမ်းချင်တယ်ဆိုရင် စိတ်ကောင်း စေတနာကောင်း ရှိဖို့လိုတယ်။ ကိုယ့်တစ်ဖက်တည်းချည်းအတွက်ပဲ မဟုတ်ဘဲနဲ့ နှစ်ဖက်လုံးက လက်ခံနိုင်တဲ့ အနေအထားရောက်အောင်ကို အစိုးရဘက်ကလည်း လမ်းဖွင့်ပေးသင့်တယ်။ ဆွေးနွေးတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ဘက်ကလည်း အဲဒီလိုမျိုး ဖြစ်သင့်တယ်"ဟု ၎င်းက ပြောသည်။
    ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အတိုင်း လူထုဆန္ဒခံယူ၍ လွှတ်တော်၌ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သွားမှသာ ရနိုင်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ အတွင်းရေးမှူး (၂) စောခွန်ကျော်ဝင်းက ပြောသည်။
    "ကျွန်တော်တို့ လေ့လာသိရှိရသလောက်တော့ တချို့တိုင်းရင်းသားတွေလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရသင့်တဲ့ တိုင်းရင်းသားတွေ ရှိတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရကတော့ လွယ်တော့မလွယ်ဘူး။ ဖွင့်ထားပေးတယ်။ ဒါပေမဲ့ မလွယ်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငါးခုကို ပြန်ကြည့်လိုက်ရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲတဲ့ ညီလာခံလုပ်တဲ့အခါမှာ ညီလာခံမှာ အခြေခံချတဲ့မူပါတယ်။ အဲဒီမူအပေါ် ဘောင်ဝင်တဲ့ တိုင်းရင်းသားတွေအားလုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခဲ့တယ်။ ဘောင်မဝင်တဲ့ တိုင်းရင်းသားတွေတော့ မရခဲ့ဘူး။ အဲဒါ ပြီးမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထွက် လာတဲ့အခါမှ လက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေ ရလာတယ်။ ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်ကြည့်တဲ့အခါမှာလည်း ပြည်နယ်အသစ်၊ ကိုယ်ပိုင်အုပ် ချုပ်ခွင့် ရဒေသအသစ် ပေါ်ထွန်းခွင့်တို့ ဖော်ပြထား တာမရှိဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရဆို ရင်တော့ မရနိုင်ဘူး။ တစ်ဖက်ကကြည့်ရင် ရသင့်ရထိုက်တဲ့ တိုင်း ရင်းသားတွေ ရှိတဲ့အခါကျတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအပေါ်သွားမယ့် လမ်းကြောင်းတော့ ရှိတယ်။ အခုက လွှတ်တော်က ရှိနေတယ်။ အခု တိုင်းရင်းသားခေါင်းဆောင်တွေ၊ NSPNC နဲ့ အစိုးရ သဘောတူညီမှုရတဲ့အခါမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေပါအတိုင်း လူထုဆန္ဒကို ခံယူပြီးတော့မှ လွှတ်တော်မှာ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သွား မယ်ဆိုရင် ရနိုင်တယ်။ နည်းနည်းတော့ ခက်ခဲမယ်၊ ကြာမယ်။ ဒါပေမဲ့ လမ်းကြောင်းတော့ရှိတယ်။ လက်ရှိကတော့ ဘယ်တိုင်းရင်းသား ဘယ်လူမျိုးကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပေးမလဲဆိုတာ လွှတ်တော်က ဒီအတိုင်းအတည် ပြုလို့မရဘူး။ တစ်ဆင့်ပြီးတစ်ဆင့် သွားရမှာ ဖြစ်တယ်"ဟု ၎င်းက ပြောသည်။
    အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နိုင်ငံရေးပါတီတို့ကြား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှ ပြင်ဆင်ရန် သဘောတူညီမှုရရှိထားသည့် အချက်များ ပြင်ဆင်ပြီးနောက်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထပ်တိုးလာနိုင်သည်ဟူသော ရေးသား မှုများ ပြည်တွင်းသတင်းမီဒီယာများတွင် ဖော်ပြလျက်ရှိနေသည်။
    လက်ရှိ အခင်းအကျင်းအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသစ် ဖြစ်ပေါ်လာနိုင်သည့် ပြည်နယ် သုံး၊ လေးခု ရှိလာနိုင်ကြောင်း၊ အထူး သဖြင့် ကချင်ပြည်နယ်တွင် ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပေါ် ထွန်းလာနိုင်သည့် အလားအလာရှိကြောင်း ပြည်တွင်းသတင်းမီဒီယာ တချို့က ရေးသားဖော်ပြလျက်ရှိသည်။ ကွန်းဈာန်

Total Views ~ 7

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63860

© 2022 - 2026 News. All Rights Reserved.