ရန်ကုန်၊ ဇန်နဝါရီ ၂၈
ကျန်းမာရေးကဏ္ဍတွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည့် နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးတွန်း အားပေးသည့် သုတေသနကောင်းများကို သုတေသီများက စွမ်းစွမ်းတမံကြိုး စားဆောင်ရွက်ကြရန် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ တိုက်တွန်းခဲ့သည့် (၅၄)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာ ခံဖွင့်ပွဲကို ဇန်နဝါရီ ၂၆ ရက်က ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်းရှိ ဆေးသုတေသန ဦးစီးဌာန အမှတ်(၅)၌ ကျင်းပခဲ့ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်သည် Video Massages ဖြင့် ဂုဏ်ပြုမိန့်ခွန်းပြော ကြားခဲ့သည်။
"ဆေးသုတေသနလုပ်ငန်းတွေက ရရှိလာတဲ့ ခိုင်မာတိကျတဲ့ ရလဒ်အခြေပြု သုတေသနတွေ့ရှိချက် (Evidence-based Research finding)တွေကို အသုံးပြုပြီး ရောဂါရှာဖွေရေးနည်းစနစ်များ၊ ရောဂါကာကွယ်ရေးနဲ့ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက် ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူလူထုအတွင်း ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းတွေ တိုးတက်အောင်မြင် စေဖို့နဲ့ မိမိတို့နိုင်ငံအတွက် ခေတ်နဲ့အညီ သင့်တော်တဲ့ ကျန်းမာရေးဆိုင်ရာမူဝါဒတွေ ချမှတ်အကောင်အထည်ဖော်ဖို့ကိုလည်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆေးသုတေသနဆောင်ရွက်မှုရလဒ်တွေကတစ်ဆင့် တစ်မျိုးသားလုံးရဲ့ ကျန်းမာရေးအဆင့်အတန်း မြင့်မားလာစေပြီး မိမိတို့နိုင်ငံရဲ့ မျှော်မှန်းသက် တမ်းတိုးမြင့်လာစေနိုင်မှာလည်း ဖြစ်ပါတယ်"ဟူ၍ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
၂၀၂၅-၂၆ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း၌ နိုင်ငံတော်မှ ဆေးသုတေသနဦးစီးဌာနသာမက အခြားဦးစီးဌာနများ၊ ဆေးနှင့်ဆေးနှီးနွှယ် တက္ကသိုလ်များတွင် သုတေသ နလုပ်ငန်း ဆောင်ရွက်ရန်အတွက် နိုင်ငံတော်က ဘဏ္ဍာငွေကျပ် ၁ ဒသမ ၅ ဘီလီယံ ခွင့်ပြုပေးခဲ့ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
"ယခုအချိန်မှာ အဖြစ်များပြီး ထပ်မံဦးမော့လာနိုင်တဲ့ မကူးစက်တတ်သော ရောဂါများဖြစ်တဲ့ ဆီးချိုရောဂါ၊ သွေးတိုး ရောဂါနဲ့ နှလုံးရောဂါတွေကို ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါကိုရည်ရွယ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနနဲ့ ဆေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းပြီး 'မြန်မာနိုင်ငံရှိ မကူးစက်တတ်သော ရောဂါများ၏ ဖြစ်ပွားနိုင်ခြေကို လေ့လာခြင်း သုတေသန (၂၀၂၄)ကို ဆောင်ရွက်ပြီး စီးခဲ့ပြီလို့ သိရပါတယ်။ သုတေသန တွေ့ရှိချက်တွေအရ မကူးစက်တတ်သော ရောဂါဖြစ်ပွားမှု မြင့်မား လာခြင်းကို ကာကွယ်တားဆီးခြင်းလုပ်ငန်းတွေနဲ့အတူ ပြည်သူလူထုအတွင်း အာဟာရမျှတစွာ စားသုံးတဲ့ အလေ့အထတွေ ရရှိနိုင်ဖို့အတွက် ပံ့ပိုးကူညီပေးရမှာလည်း ဖြစ်ပါတယ်"ဟူ၍ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
ဆေးကုသရေးဆိုင်ရာ သုတေသနလုပ်ငန်းများ၊ ဆေးရုံအုပ်ချုပ် စီမံခန့်ခွဲမှုဆိုင်ရာ သုတေသန လုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနရှိ ဆေးနှင့်ဆေးနှီးနွှယ် တက္ကသိုလ်များ၊ ဆေးရုံများ၊ ရောဂါတိုက်ဖျက်ရေး စီမံချက်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူလူထုအ ခြေပြုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားခဲ့သည်။
"ကျွန်တော်တို့ နိုင်ငံရဲ့တိုင်းရင်းဆေးပညာနဲ့ တိုင်းရင်းဆေးဝါး ထုတ်ကုန်များကိုလည်း နိုင်ငံတကာကို ထိုးဖောက်နိုင်ဖို့၊ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ ပြည်သူလုထုရဲ့ ကျန်းမာရေးကို တိုင်းရင်းဆေးပညာနဲ့ ပိုမိုစောင့်ရှောက်နိုင်ဖို့လည်း လိုအပ်ပါတယ်။ တိုင်းရင်းဆေးနဲ့ပတ်သက်လို့ တိကျခိုင်မာတဲ့ သုတေသနပြုထားတဲ့ အချက်အလက်တွေရရှိဖို့ လက်တွေ့အသုံးချ သုတေသနတွေကို တိုင်းရင်းဆေးပညာ ဦးစီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်း လမ်းညွှန်မှာကြားလိုပါတယ်။
မိမိတို့နိုင်ငံမှာ သုတေသနပြုလိုတဲ့စိတ် (Research Minded) ရှိတဲ့ လူငယ်လူရွယ်တွေ၊ ပညာရှင် တွေများစွာ ပေါ်ထွက်လာပြီး သုတေသနလုပ်ငန်းတွေကို နည်းစနစ်၊ ကျင့်ဝတ်နဲ့အညီ ဆောင်ရွက်နိုင်ဖို့လို အပ်ပါတယ်။ ဒီအတွက်လည်း သုတေသနနည်း ပညာသင်တန်းတွေ၊ သုတေသနကျင့်ဝတ်ဆိုင်ရာ သင်တန်းတွေကို စဉ်ဆက်မပြတ်ဖွင့် လှစ်သင်ကြားပေးရမှာ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့ သုတေသနပြုလုပ်ခြင်းက အရေးကြီးကြောင်း နားလည်သဘောပေါက်ပြီး သုတေသနဆိုင် ရာ ယဉ်ကျေးမှုတစ်ရပ် (Research Culture)တစ်ခု တိုးတက်ဖြစ်ထွန်း ရှင်သန်လာစေရေး လေ့ကျင့်ဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်"ဟူ၍ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောကြားခဲ့သည်။
နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် ဆေးသုတေသန ဦးစီးဌာနကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ငှက်ဖျားရောဂါ သုတေသနနှင့်ရောဂါရှာဖွေကုသရေးအတွက် ပူးပေါင်းဆောင်ရွက်သည့်ဌာန WHO Collaborating Centre for Research & Training on Malaria - (WHO-CC) အဖြစ် ၂၀၀၃ ခုနှစ် စက်တင်ဘာ ၂၅ ရက်ကစပြီး ၂၀၂၈ ခုနှစ်အထိ အသိအမှတ်ပြုထားသည်ဟု သိရကြောင်း၊ ဆေးသုတေသ နဦးစီးဌာန၏ ငှက်ဖျားရောဂါ၊ ကိမိလဗေဒနဲ့ ပိုးသတ်ဆေးယဉ်ပါးမှုတို့နှင့် ပတ်သက်သည့် သုတေသန၊ လေ့ကျင့်ရေးနဲ့ ပညာရေး၊ သတင်း အချက်အလက်စုဆောင်းခြင်းနှင့် ပေါင်းစပ်ခြင်းလုပ်ငန်းများတွင် (WHO-CC)အနေဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိသည်ဟုသိရ၍ နိုင်ငံ့ကျန်းမာရေးကဏ္ဍ တိုးတက်မှုအတွက်များ စွာဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်ကို တည်ဆောက်ရာမှာ လူငယ်တွေ အသိပညာ၊ အတတ်ပညာ မြင့်မားရေးနဲ့ တိုင်းရင်းသားပြည်သူအားလုံး ကျန်းမာကြံ့ခိုင်ဖို့ လိုအပ်ကြောင်း သိရှိနားလည်ထားပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော်တို့ရဲ့ ဦးတည်ချက်တွေထဲမှာ 'နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ခိုင်မာစေရေးအတွက် အမျိုးသား ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး' ဆိုပြီး ချမှတ်အကောင်အထည်ဖော်လျက်ရှိပါတယ်။ ဒီလိုကျန်းမာ ရေးကဏ္ဍကို မြှင့်တင်ရာမှာ သုတေသနလုပ်ငန်းများနဲ့ ခုလိုကျင်းပတဲ့ သုတေသနညီလာခံတွေဟာများစွာ အထောက်အကူဖြစ်စေပြီး အောင်မြင်တိုးတက်မှုတွေ ရရှိမယ်လို့ ယုံကြည်ပါကြောင်း ပြောကြားလိုပါတယ်"ဟူ၍ ယာယီသမ္မတ နိုင်ငံ တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြော ကြားခဲ့သည်။
(၅၄)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ၏ ဦးတည်ချက်အဖြစ် 'ဆေးသုတေသနဆောင် ရွက်မှုများမှသည် ပြည်သူလူထု၏ ကျန်းမာရေး ပိုမိုကောင်းမွန်စေရေး ''Better Health Through Medical Research"ဆိုတဲ့ဆောင်ပုဒ်နှင့် သတ်မှတ်ကျင်းပခဲ့ကြောင်း သိရသည်။ နဒီ