ကျောင်းဖွင့်ရာသီ နီးကပ်လာသော်လည်း ကျေးသီးဒေသတွင် ဆရာ ဆရာမ အင်အားအလုံအလောက် မရှိ

နေပြည်တော်၊ မေ ၂၁
    ကျောင်းဖွင့်ရာသီ နီးကပ်လာပြီ ဖြစ်သော်လည်း ကျေးသီးဒေသတွင်  ဆရာ ဆရာမအင်အား လုံလုံလောက်လောက် မရှိကြောင်း ကျားဖြူပါတီ၊ ကျေးသီးမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းတင်ဦးက ပြောသည်။ 
    "ကျွန်မတို့ဒေသမှာ မြန်မာပြည်ကလာတဲ့ ဆရာမတွေ အကုန်မရောက်ကြ သေးဘူး။ ကျေးသီးမြို့ နယ်ထဲမှာ ၉၇ ကျောင်းရှိတယ်။ ဆရာမလုံးဝ မရှိတဲ့ကျောင်းက ၂၀။ ဆရာ/ဆရာမ တစ်ဦးတည်းရှိတဲ့ ကျောင်းက ၃၆ ကျောင်း ရှိတယ်။ ဆရာ၊ဆရာမ မပြည့်စုံတဲ့ ကျောင်းတွေ များတယ်။ ပြည်မကဆရာ ဆရာမတွေလည်း အကုန်မရောက်သေးဘူး။ ကျောင်းဖွင့်တဲ့ အချိန်ကျရင်တော့ ကျောင်းသားဦးရေကို သိရမယ်။ Grade-11၊ Grade-12 တွေကျတော့ ကျေးသီးမှာ မနေတော့ဘူး။ ငွေကြေးတတ်နိုင်တဲ့ မိဘတွေကျ တော့ တခြားကို ပြောင်းသွားတယ်။ ပညာရေးနဲ့ ပတ်သက်လို့က ကျောင်းဆရာ ဆရာမတွေ ပြည့်ပြည့် စုံစုံရဖို့ အဓိကလိုအပ်တယ်။ ကျောင်းသားတွေရှိပြီး ဆရာ ဆရာမတွေ လုံး၀မရှိတာ ကျောင်း ၂၀ လောက် ဆိုတော့ ဆရာအင်အား လိုအပ် တယ်။ ပညာရေးမှူးကိုလည်း တင်ပြထားတယ်"ဟု ၎င်းကပြောသည်။ 
    ထို့အပြင် ၂၀၂၄-၂၅ ဘတ်ဂျက်ဖြင့် စာသင်ကျောင်း ၃၂ ကျောင်း ပြုပြင်မွမ်းမံမှု လုပ်ငန်းများအနေဖြင့်လည်း ကြန့်ကြာမှုများ ရှိနေသည့်အတွက် ကျောင်းဖွင့်ချိန်အမီ လုပ်ဆောင်ရန် တိုက်တွန်းထား ကြောင်း နန်းတင်ဦးက ပြောသည်။
    "ပြင်ထိန်း ၃၂ ကျောင်းကပြီးတဲ့ ကျောင်းတွေရော၊ မပြီးတဲ့ ကျောင်းတွေရော ကျောင်းဖွင့်အမီ လုပ်ပေးဖို့ ပညာရေးမှူးကိုလည်း ပြောထားတယ်။ ကျွန်မက လေးရွာလောက် ဝင်ကြည့်တာ။ တစ်ရွာပဲ ပြီးသေးတယ်။ သုံးရွာလောက်က ဘာမှမလုပ်ရသေးဘူး။ ကျွန်မဖုန်းဆက်ပြောတော့ ကျောင်းဖွင့် အမီ လုပ်ပေးမယ်။ ပစ္စည်းတွေ စချနေပြီလို့တော့ ပြောတယ်။ ကျောင်းဖွင့်ပြီး တစ် ပတ်လောက်နေရင် တစ်ခါ ပြန်စစ်ဆေးမယ်။ သူတို့က ပြီးပြီလို့ ပြောထားတယ်။ တကယ်တော့ မပြီးသေးဘူး။ မျက်နှာကြက်တပ်၊ ဆေးသုတ်တာတွေက နှစ်ရက်တောင် မကြာဘူး"ဟု ၎င်းကပြောသည်။ 
    ကျေးသီးဒေသသည် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲ၍ ပညာရေးနောက်ကျသည့် ဒေသဖြစ်ကြောင်း သိရသည်။ ကွန်းဈာန်

Total Views ~ 8

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62320

© 2022 - 2026 News. All Rights Reserved.