၂၀၂၅ ၊ ဒီဇင်ဘာ ၅
တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ဇာတာစန်းလက်တက်ပုံများ လူမင်းဘုန်းကြီး နတ်မင်း မနေသာဆိုသလို ဖြစ်နေသည်။ တော်လှန်ရေး စတင်ကတည်းက ငါတို့က အိမ်ပြန်မှာ၊ ဆော်လမွန်ငါးတို့ အိမ်အပြန်၊ အိမ်ပြန်မယ့်လှိုင်းတစ်လှိုင်းပြီး တစ်လှိုင်းတို့ ကြွေးကြော်လာလိုက်တာ တော်လှန်သန္ဓေမှန်တော့ သကြားမင်းကျောက်ဖျာ တင်းရလေသည်။ မတင်းခံနိုင်ရိုးလား။ ဘုန်းကံကြီးမားသူတို့ ၂၀၂၁ ခုနှစ် လောက်ကတည်းက 'အိမ်ပြန်ချင်တဲ့စိတ်ကလေး တားမရဘူး}ဆိုပြီး အဆိုတော် ထူးအိမ်သင်သီချင်း ဆိုလာလိုက်တာ နောက်ဆုံး သိကြားမင်းရဲ့ ဗန္ဒုကမ္ဗ လာ မြကျောက်ဖျာကြီးတင်းတော့ လူပြည့်ကို ငဲ့ကြည့်ရလေတော့သည်။ ဦးမာဃတစ်ယောက် အကြောင်းရှာတော့ အမေရိကတိုင်းဌာနီက တော်လှန်ရေးခေါင်းဆောင်ကြီးတွေ အိမ်ပြန်ချင်နေရှာတာပဲဆိုပြီး အကြောင်းရှာတွေ့လေသည်။ ဒီတော့ မနေသာတော့ဘဲ အမေရိကန် ဦး သျှောင် ဒေါ်နယ်ထရမ့်ကို သိကြားမင်းတို့ရဲ့ တန်ခိုးဖြင့် စိတ်စွမ်းအင်ညို့ကာ အမေရိကန်နိုင်ငံတွင်း ခိုလှုံနေထိုင်ကြသူတွေကို ပြန်မလွှတ် လွှတ်ချင်အောင့် စေ့ဆော်လေတော့သည်။ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ စိတ်ဇောအလျင်က အင်မတန် ပြင်းပြနေတော့ ဒေါ်နယ်ထရမ့်လည်း မနေသာတော့ဘဲ မြန်မာနိုင်ငံ အပါအဝင် တတိယ ကမ္ဘာ့နိုင်ငံအားလုံးမှ ပြောင်းရွှေ့နေထိုင်သူများကို အမြဲတမ်း ရပ်ဆိုင်းမည်ဟု ကြေညာလိုက်တော့သည်။
ဒီတင်မကသေး တစ်သက်လုံး ဘားမားဆိုရင် မျက်စိဆံပင်မွေးစူးနေသော အမေရိကန်နိုင်ငံကြီး ချက်ချင်းဆိုသလို ရွှေဘုံသာအလယ်လမ်းက ယူနိုက်တက်ဗီးရှင်း မျက်မှန်ဆိုင်ကြီးရောက်သွားသလို အမြင်ရှင်းသွားခဲ့သည်။ မြန်မာနိုင်ငံကြီး နေချင်းညချင်း ဖွံ့ဖြိုးတိုးတက်သွားကြောင်း၊ ရွေး ကောက်ပွဲကြီး ခြိမ့်ခြိမ့်သဲကျင်းပတော့မှာဖြစ်ကြောင်း၊ သင်တို့ အရမ်းပြန်ချင်တဲ့ အိမ်ပြန်လို့ရပြီ ဖြစ်ကြောင်း ကြေညာပေးလိုက်တော့သည်။ တချို့ အိမ်မပြန်လိုကြသူတွေကလည်း မြန်မာနိုင်ငံကလူတွေ ပွဲလမ်းသဘင်တွေမှာ လူစည်ကားပျော်ပါးပြနေသဖြင့် အမေရိကန်ကလော်ဘီတွေက ထိုပုံတွေပြပြီး မြန်မာနိုင်ငံက အခြေအနေကောင်းသွားပြီလို့ အမေရိကားအစိုးရကိုပြလို့ ခုလိုအိမ်ပြန်ခိုင်းတာ ဘာညာဆိုပြီး ရွှေဉာဏ်တော် တစ်ထွာတစ်မိုက်ကို အသုံးချပြီး မှတ်ချက်ပေးကြသည်။ ဒါကလည်း တော်လှန်ရေးခေါင်းဆောင်ကြီးတွေရဲ့ ရှေးဘုန်းရှေးကံကို မနေသာဘဲ နတ်တွေဖန်ဆင်းတာ ဖြစ်နိုင်သည်။ ဒီလောက်မိုးတွေရွာခဲ့သည့် တန်ဆောင်တိုင်ပွဲ တော်ကာလမှာ မြန်မာပြည် အနယ်နယ်အရပ်ရပ်က ပွဲလမ်း သဘင်တွေမှာ နတ်စစ်သည်တွေကို လူယောင်ဆောင် ဖန်ဆင်းခိုင်းပြီး လည်ပတ်စေတာကြောင့် ခရီးသွား သိန်းသောင်းချီသွားတာ ဖြစ်နိုင်သည်။
နောက်ထပ် တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ဘုန်းကံတက်ပုံက အမေရိကားအစိုးရ မျက်လုံးပြူး မျက်ဆန်ပြူးရသည်အထိ ဖြစ်ခဲ့ရသည်။ အကြောင်းအရင်းမှာ မြန်မာပြည် နွေဦးကာလမြူထသော အချိန်က တော်လှန်ရေးခေါင်းဆောင်ကြီးတွေ အမေရိကားမှာလူ သူလက်နက် စုဆောင်းဖို့ စစ်ပညာသင်ဖို့ အဝတ်တစ် ထည်ကိုယ်တစ်ခုနဲ့ သွားကြတော့သည်။ ဟိုရောက်တော့ နတ်တို့ ဖန်ဆင်းသည့်အလား ရေကန်အသင့်၊ ကြာကန်အသင့်ဖြစ်ရသည်။ ကြာကန်ရွာသူ တော်လှန်ရေး ဦးသျှောင်မကြီးဆိုရင် နတ်တို့ ဖန်ဆင်းသလို စတိုးဆိုင်တစ်ဆိုင်ကနေ နောက်တစ်ဆိုင်ဖြစ်၊ အိမ်ပိုင်ရာပိုင်တွေဖြစ်ကုန်သည်။ ဒါတင်မကသေး ရောင်နီလာချိန် ခဏလေးအတွင်း အမေရိကားမှာ ဒေါ်လာသန်းချီတန် အိမ်တွေ ဝယ်ခဲ့ကြသူတို့ကြောင့် အမေရိကားအစိုးရက မြန်မာပြည်ကလာတဲ့လူတွေ အတော်ပြေလည်ကြတာပဲ၊ ငါတို့ နိုင်ငံကို ခက်ခက်ခဲခဲလာကြပြီး ပါလာတဲ့ ငွေလေးတွေနဲ့ အိမ်တွေခြံတွေတောင် ဝယ်နိုင်သေးတာပဲ၊ သူတို့နိုင်ငံက ငါတို့ထက်ချမ်းသာတယ်ဟဆိုပြီး တွေးမိကုန်ကြသည်။ ဒါကြောင့်လည်း အိမ်ပြန်ချင်ကြတဲ့ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေဆန္ဒ ဖြည့်ပေးလိုက်တာ ဖြစ်နိုင်သည်။
ဒါတင်လားဆိုတော့မဟုတ်ခြေ။ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ အိမ်ပြန်ချင်ရင် ပြန်လာနိုင်အောင် ရာဇဌာနီမင်းကြီးကလည်း မင်းကျင့်တရားဆယ်ပါးနှင့်အညီ တိုင်းသူပြည်သားအချို့ မင်းပြစ်မင်းဒဏ်မသင့်အောင် ၅၀၅ တည်းဟူသော အမှုတွေကို ပိတ်သိမ်းပေးခဲ့သည်။ တော်လှန်ရေးခေါင်းဆောင် ကြီးတွေအဆင်းကို ဘီးလေးနဲ့ အဆင်ပြေပြေ လှိမ့်ဆင်းလိုက်ရုံ ပင်ဖြစ်သည်။ အခုဆိုရင် တော်လှန်ရေးခေါင်း ဆောင်ကြီးတွေ အမိမြေကို လွမ်းတဲ့စိတ်နဲ့ အပြေးလေးပြန်လာချင်မှာ သေချာလှသည်။ ပြည်ပနိုင်ငံတွေမှာ ခက်ခက်ခဲခဲ တော်လှန်နေကြပြီး မကြာခဏ အိမ်ပြန်ချင်တယ်ဟု ညည်းတွားနေရသည့်ဘေးမှ ကင်းသွားပြီ ဖြစ်သည်။ အရင်လိုတစ်လှိုင်းပြီး တစ်လှိုင်းလည်း ကြွေးကြော် စရာမလိုတော့သလို နောက်ဆုံးလှိုင်း၊ အိမ်ပြန်မယ့်လှိုင်းလည်း အော်စရာမလိုတော့ဘဲ လေယာဉ်လက်မှတ်လေး ဖြတ်လိုက်ရုံဖြင့် အိမ်ပြန်ရတော့မည် ဖြစ်သည်။ တော်လှန်ရေးခေါင်းဆောင်ကြီးတွေရဲ့ အိမ်အပြန်ခရီးက ပျော်စရာကောင်းလှသည်။ တော်လှန်ရေးခေါင်းဆောင်ကြီး တွေရဲ့ ဘက်တော်သားတွေလည်း အိမ်ပြန်ချင်လို့ အရင်ကလို သံရုံးတွေရှေ့မတ်တတ်ရပ် ဆန္ဒပြ၊ အိမ်ဖြူတော်ရှေ့ ဆိုင်းဘုတ်တွေကိုင်ကာ သွားအော် ဟစ် စရာမလိုတော့ဘဲ သာသာယာယာ အိမ်ပြန်လာလို့ရပြီဖြစ်သည်။ လေယာဉ်ပေါ်ကနေ ခေါင်းမော့ရင်ကော့ပြီး ဆင်းလာလို့ရသည့် အခွင့်အ ရေးပင် ဖြစ်သည်။
ခုတလော တော်လှန်ရေးခေါင်းဆောင်ကြီးတွေရဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွေကို လိုက်လေ့လာမိသည်။ အစိုးရက တရားစွဲထားသော ၅၀၅ တွေ အမှုတွေပိတ်ပေးတဲ့အထဲ ငါ့နာမည်လေးများ ပါသလားဆိုပြီး စတေးတပ်တွေရေးပြီး တင်နေကြသည်။ ဒါကိုကြည့်ရုံဖြင့် ပြန်လာချင်နေတာ သိ သာသည်။ ပြန်လာဖို့ကလည်း အခါအခွင့် သင့်နေသည်။ အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယ်တိုင်က ပြန်လာသူတွေကို ကြိုဆိုမှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲမှာ မဲလာထည့်လို့ရကြောင်း ပြောဆိုထားသည်။ အားကျဖို့ ကောင်းလှသည်။ အမေရိကားကအပြန် မဲရုံကိုမဲပေးပြီးမှ သာသာယာယာ အိမ်ပြန်ရုံပဲဖြစ်သည်။ ထူးမြတ်တို့ကတော့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ အပြန်ခရီး အိုးစည်ဒိုးပတ်နဲ့ ကြိုဆိုဖို့တောင် စဉ်းစားမိသေးသည်။
တော်လှန်ရေးခေါင်းဆောင်ကြီးတွေ တင်ဆောင်လာသော လေယာဉ်ကြီးဆိုက်ရောက်လာရင် လေယာဉ်တံခါးပေါက်ကနေ အောက်ကိုမဆင်းသေးဘဲ တော်လှန်ပြည်သူတွေကို လက်ပြနှုတ်ဆက်၊ အိုးစည်ဗုံမောင်းတွေကလည်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြိုကြ၊ ငြိမ်းချမ်းရေး သင်္ကေတကားအပြာရောင်ကြီးတွေနဲ့ လာကြိုသည့်မြင်ကွင်းလေး တွေးမိရုံဖြင့် ကြည်နူးစရာကောင်းလှသည်။
တော်လှန်ရေးခေါင်းဆောင်ကြီးတွေအနေနဲ့ မကြာမီအိမ်ပြန်ရတော့မည်ဆိုတော့ အမေရိကားက အိမ်တွေ ကြိုရောင်းထားဖို့လိုသည်။ မြန်မာပြည်က မြေဈေးတွေ၊ အိမ်ဈေးတွေတက်နေတာဆိုတော့ မြန်မာပြည်မှာ လုံခြုံအောင် ချိတ်ပိတ်ပေးထားသည့် တော်လှန်ရေးခေါင်း ဆောင်ကြီးတွေရဲ့ အိမ်တွေ လည်း ဈေးတက်နေလောက် ပြီဖြစ်သည်။ အမေရိကန်က တော်လှန်စံအိမ်တွေကို ရသလောက်ဈေးဖြင့် ရောင်းချပြီး ပြန်လာရင် မြန်မာပြည်မှာ သာသာယာယာနေလို့ရသည်။ မကြာမီ ရွေးကောက်ပွဲကြီး စတင်ပြီး မင်္ဂလာနှစ်သစ်ကို ကူးပြောင်းတော့မည် ဖြစ်သည်။ တော်လှန်ခေါင်းဆောင်ကြီးတွေ ကြွေးကြော် ခဲ့သည့် သက္ကရာဇ် နှစ်များစွာအနက် အဓိပ္ပာယ်ရှိသော နှစ်သစ်ကို ရောက်တော့မည်ဖြစ်သည်။
ဒါကြောင့် "ငါတို့ ပြန်ရောက် ၂၀၂၆"ဆိုပြီး ကမ်ပိန်းလေးလုပ်ကာ တော်လှန်လေယာဉ်လက် မှတ်ဖိုးလေးတွေ အလှူခံရင်ဖြင့် တော်လှန်ရေးခေါင်းဆောင်ကြီးတွေ အပြန်ခရီးကို တော်လှန်ပြည်သူတွေ အလှူငွေဖြင့် စင်းလုံးငှားစီးလို့ပင်ရနိုင်သည်။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၄၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )