နေပြည်တော်၊ ဇူလိုင် ၁၆
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ၏ အမှတ်စာရင်းများကို အွန်လိုင်းမှတစ်ဆင့် ကြိုတင်ရက်ချိန်း ရယူပြီးမှသာ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနရုံး (နေပြည်တော်၊ ရန်ကုန်) တွင် ထုတ်ယူနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။
အမှတ်စာရင်းများ ထုတ်ယူရန် ၂၀၂၆ ခုနှစ် ဇူလိုင် ၁၄ ရက်မှ၍ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ DME Online Service Portal ဖြစ်သော https://osp.dme.gov.mm/ တွင် ကြိုတင်ရက်ချိန်းရယူနိုင်ပြီး ကြိုတင်ရက်ချိန်း ရယူချိန်တွင် အမှတ်စာရင်း သုံးစောင်ထိ လျှောက်ထားနိုင်ကြောင်း သိရသည်။ DME Online Service Portal က ထုတ်ပေးသည့် QR Code နှင့် လုပ်ငန်းစဉ်နံပါတ်ပြသ၍ ဇူလိုင် ၁၆ ရက်မှစပြီး မိမိ လျှောက်ထားခဲ့သော မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနရုံးချုပ်၊ ရုံးအမှတ်(၅၂) နေပြည်တော် (သို့) မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနရုံးခွဲ၊ ၁၂ ရပ်ကွက်၊ ပါရမီလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင် ထုတ်ယူနိုင်ကြောင်း သိရသည်။
အမှတ်စာရင်း ထုတ်ယူရာတွင် လုပ်ငန်းစဉ် QR အပြင် နိုင်ငံသားစိစစ်ရေး ကတ်၊ ယာဉ်မောင်းလိုင် စင် မူရင်းယူဆောင်သွား၍ ရက်ချိန်းရယူစဉ်က ဖြည့်သွင်းခဲ့သည့် ခုံအမှတ်များအတိုင်းသာ အမှတ်စာရင်း ထုတ်ပေးမည်ဖြစ်သောကြောင့် မှန်ကန်အောင် ဖြည့်သွင်းရမည်ဟု သိရသည်။
လူကိုယ်တိုင် ထုတ်ယူရန် အခက်အခဲရှိသူများအနေဖြင့် DME Online Service Portal တွင် လျှောက်ထားပါက မြန်မာ့စာ တိုက်လုပ်ငန်း၏ စာပို့စနစ်ဖြင့် ပို့ဆောင်ပေးနိုင်ရန် စီစဉ်ထားပြီး ၂၀၂၆ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲအောင်မြင်သူများ၏ အမှတ်စာရင်းများကိုသာ ကနဦး ထုတ်ပေးမည်ဖြစ်ပြီး ကျရှုံးအမှတ်စာရင်းများ ထုတ်မပေးသေးကြောင်း ထုတ်ပြန်ကြေညာထားသည်။ ထူးမြတ်