Breaking

တစ်တိုင်းပြည်လုံး လုံး၀ ငြိမ်းချမ်းသွားမယ့် ငြိမ်းချမ်းရေးကို မျှော်လင့်တယ်ဟု နိုင်ငံရေးလေ့လာသုံး သပ်သူ ဦးစောသန်းမြင့် ပြော

နေပြည်တော် ဇူလိုင် ၂၃
    NSPNC နှင့် EAOs များ တွေ့ဆုံဆွေးနွေးမှုက ကောင်းမွန်သည့် လက္ခဏာရပ်ဖြစ်ပြီး အရွေ့တစ်ခုရောက်ခြင်း၊ မရောက်ခြင်းက ရရှိလာမည့် ရလဒ်များအပေါ်တွင်မူတည်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးစောသန်းမြင့်က ပြောသည်။ 
    "ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုတွေကတော့ ကောင်းတဲ့လက္ခဏာလို့ မြင်ပါတယ်။ လက်ရှိအစိုးရက ငြိမ်းချမ်းရေးကို တော်တော် ထဲထဲဝင်ဝင် ကြိုးစားဆောင်ရွက်နေတယ်ဆိုတာကို သိရတာပေါ့။ ပြည်သူတွေရော၊ ကျွန်တော်တို့ပါ အားလုံးက သိပါတယ်။ ငြိမ်းချမ်းရေးအတွက် ကောင်းတဲ့ လက္ခဏာ ပါပဲ။ အရွေ့ရောက်တယ်ဆိုတာက အလုပ်ဖြစ်မှ အရွေ့ဖြစ်တာကိုး။ အခုကတော့ ညှိနှိုင်းဆွေးနွေးနေ ဆဲဆိုတော့ ကောင်းတဲ့ လက္ခဏာတော့ ပြပြီ။ အရွေ့ရောက်ခြင်း၊ မရောက်ခြင်းကတော့ ရလဒ်အပေါ်ပဲ မူတည်မှာပါ။ လွတ်လပ်ရေးနဲ့အပြိုင် လက် နက်ကိုင် ပဋိပက္ခတွေက မျိုးစုံဖြစ်ခဲ့တာ ကိုး။ နိုင်ငံရေးအရ သဘောထား ကွဲလွဲမှုတွေ မျိုးစုံဖြစ်ခဲ့တယ်။ သဘောမတူတဲ့ အဖွဲ့တွေကတော့ ပုန်ကန်ခဲ့ကြတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ပထမဆုံး ပုန်ကန်ခဲ့တာက ဗမာပြည်ကွန်မြူနစ်ပါတီပေါ့။ ဗမာအမျိုးသားတွေ ဦးဆောင်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ လွတ်လပ်ရေးနဲ့ အပြိုင်ပေါ်ပေါက်ခဲ့တာပဲ။ နောက်ပိုင်းမှာ ပြည်နယ်အသီးသီးမှာ တိုင်းရင်းသားတွေကလည်း နိုင်ငံရေးအရတောင်းဆိုတာ၊ လိုချင်တာတွေကို လက်နက်ကိုင် တောင်းဆိုလာတယ်။ အဲဒီတော့ ဒီနေ့အထိတော့ ငြိမ်းချမ်းတဲ့နိုင်ငံက မဖြစ်လာသေးဘူး။ အစိုးရကလည်း ငြိမ်းချမ်းချင်တယ်။ ပြည်သူလူထုကလည်း ငြိမ်းချမ်းချင်တယ်။ ဒါပေမဲ့ ဒီနေ့အထိတော့ ငြိမ်းချမ်းရေးကို အပြီးတိုင် မလုပ်နိုင်သေးဘူး။ လက်ရှိအစိုးရက ငြိမ်းချမ်းရေးကို ကြိုးကြိုးစားစား ဆောင်ရွက်နေတာ တွေ့တယ်။ ခေတ်အဆက်ဆက် အစိုးရတွေလည်း ငြိမ်းချမ်းရေးကိစ္စကို လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဖြစ်ချင်တာက တစ်တိုင်းပြည်လုံး၊ တစ်နိုင်ငံလုံး ငြိမ်းငြိမ်းချမ်းချမ်း လွတ် လွတ်လပ်လပ်သွားလာ လုပ်ကိုင်ဆောင်ရွက်လို့ရတဲ့ အနေအထားမျိုး ရောက်ချင်တာ။ ကျွန်တော်တို့ မျှော်လင့်တာပါ။ ပန်းတိုင်တော့ မရောက်သေးဘူး"ဟု ၎င်းကပြောသည်။ 
    လက်ရှိသွားနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အားလုံးပါဝင်လာပြီး တစ်တိုင်းပြည်လုံး ငြိမ်းချမ်းရေးအတွက် မျှော်လင့်ထားကြောင်း ဦးစောသန်းမြင့်က ပြောသည်။ 
    "နိုင်ငံ မငြိမ်းချမ်းရင် တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ဖို့က အလှမ်းဝေးပါတယ်။ အစိုးရအဆက်ဆက် အစိုးရနဲ့ ဝန်ကြီးဌာနတွေက ဘယ်လောက်ပဲလုပ်လုပ်၊ လမ်းတွေ တံတားတွေလုပ်တယ်၊ ခက်ခက်ခဲခဲနဲ့ ငွေကြေးအမြောက်အမြား အကုန်ခံပြီးတော့လုပ်တယ်။ ဒါပေမဲ့ မိုင်းတစ်လုံးစာပဲရှိတယ်လေ။ ဒါက ဘာလဲဆိုတော့ တိုင်းပြည်မငြိမ်းချမ်းမှုရဲ့ အရသာပေါ့။ အဲဒီတော့ တစ်နေရာ တည်းမဟုတ်ဘူး။ တစ်နိုင်ငံလုံး ငြိမ်းချမ်းစေချင်တယ်။ တစ်တိုင်းပြည်လုံး လုံး၀ငြိမ်းချမ်းတဲ့ ငြိမ်းချမ်းရေးကို မျှော်လင့်တယ်။ အာလုံးပါဝင်ရေးလို့ အားလုံးက လိုလားတယ်။ ဒါပေမဲ့ ခက်ခဲပါတယ်။ အားလုံးက မျှော်လင့် တောင့်တနေပါတယ်"ဟု ၎င်းက ပြောသည်။ 
    ဇူလိုင် ၂၀ ရက်က 7 EAO Allia-nce (NCA-S EAO) ခုနစ်ဖွဲ့နှင့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) တို့မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ပြန်လည် သုံးသပ်ခြင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲသို့ အဖွဲ့ခေါင်းဆောင်အဖြစ် ဗိုလ်မှူးကြီး စိုင်းငင်းဦးဆောင်သည့် အဖွဲ့ဝင်ရှစ်ဦးပါ 7 EAO Alliance ၏ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့က တက်ရောက်ဆွေး နွေးခဲ့ကြောင်း သိရသည်။ 
    ထို့အပြင် ဇူလိုင် ၁၉ ရက်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး  အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေး ကော်မတီဝင်များ၊ ပလောင် ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ဒုတိယ ဥက္ကဋ္ဌ(၁) တားဂျူတ်ဂျား၊ အထွေထွေအုပ် ချုပ်ရေးဌာနဌာနမှူး တားဂူးဂျား၊ မဟာ မိတ်ဆက်ဆံရေးဌာနဌာနမှူး တားမိုးဟိန်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် တားမိုင်းမိုင်း၊ တားညီနောခရိုး၊ တားကူးနောတို့ ပါဝင်သည့် ကိုယ်စား လှယ်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။ 
    ယခင်က ရှမ်းပြည်နယ်(မြောက်ပိုင်း)လက်နက်ကိုင်ပဋိပက္ခ ဖြစ်စဉ်များတွင် ပါဝင်ခဲ့သည့် TNLA အနေဖြင့် ယခုအခါ အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ ရှိလာပြီဖြစ်သည်။

ကွန်းဈာန်

Total Views ~ 5

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63859

© 2022 - 2026 News. All Rights Reserved.