နေပြည်တော်၊ ဇွန် ၁၆
တစ်လလျှင် မတ်ပဲ တန်ချိန် ၂၀၀၀၀ ခန့်၊ တစ်နှစ်လျှင် တန်ချိန်နှစ်သိန်းခန့်နှင့် အခြားဒေသထွက် ကုန်ပစ္စည်းများကို ပုသိမ်ဆိပ်ကမ်းမှ အိန္ဒိယနိုင်ငံ ချန်နိုင်းဆိပ်ကမ်းသို့ တင်ပို့သွားမည်ဟု ဧရာဝတီတိုင်းဒေသကြီးမှ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေးကိစ္စနှင့် စပ်လျဉ်းပြီး ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခြင်း အစည်းအဝေး၏ ပြောကြားချက်များအရ သိရသည်။
ဇူလိုင် ၁၃ ရက်က ဧရာဝတီတိုင်းဒေသကြီးမှ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှု မြှင့်တင်ရေးကိစ္စနှင့် စပ်လျဉ်းပြီး ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးကျင်းပရာ သက်ဆိုင်ရာကုမ္ပဏီများက တင်ပြရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံရှိ Green Rise Company Limited နှင့် အိန္ဒိယနိုင်ငံရှိ Super Power Trading Company Private Limited တို့ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသော မတ်ပဲ (Raw) များကို ဝယ်ယူကြိတ်ခွဲသန့်စင် (Gravity Cleaned) ပြုလုပ်ပြီး ထွက်ရှိသော Black Matpe(SQ,FAQ) များကို အိန္ဒိယနိုင်ငံသို့ တင်ပို့ ရောင်းချခြင်းနှင့် ငါးအစာကုန် ကြမ်းဖြစ်သော ပဲပုပ်ဖတ် (Soybean Meal)များကို တင်သွင်းပြီး ငါး အစာတောင့်များ ထုတ်လုပ်ကာ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ငါးမွေးမြူရေးကန်များသို့ ဖြန့်ဖြူးမည့် အစီအစဉ်များ၊ မတ်ပဲတစ်လလျှင် တန်ချိန် ၂၀၀၀၀ ခန့်၊ တစ်နှစ်လျှင် တန်ချိန် နှစ်သိန်းခန့်နှင့် အခြား ဒေသထွက်ကုန် ပစ္စည်းများကို ပုသိမ်ဆိပ်ကမ်းမှ အိန္ဒိယနိုင်ငံ ချန်နိုင်းဆိပ်ကမ်းသို့ တင်ပို့သွားမည့် အခြေအနေများ၊ စီမံကိန်း မတည်ရင်းနှီးငွေ၊ လုပ်ငန်းစတင်မည့်ကာလ၊ ပို့ကုန်ရငွေ၏ ရာခိုင်နှုန်း ၅၀ တန်ဖိုးရှိ ပြည်တွင်း လိုအပ်ချက်ရှိသော အိန္ဒိယ နိုင်ငံထွက်ကုန်များကို ပြန်လည်တင်သွင်းမည့် အခြေအနေများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ကုန်သွယ်မှုဆောင်ရွက်ရန် မြန်မာ-အိန္ဒိယ ကုမ္ပဏီများ Joint Vent-ure Partnership အဖြစ် အကျိုးတူပူးပေါင်းကာ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက် မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် အိန္ဒိယ-မြန်မာ ကုန်သည်လုပ်ငန်းရှင်များအသင်း(IMCC)တို့နှင့် ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များ၊ ကုန်သွယ်ရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် သွင်းကုန် နှင့်ပို့ကုန်ရငွေပေးချေမှုကို အိန္ဒိယငွေ ကြေး ရူပီး(INR)ဖြင့် တိုက်ရိုက်ပေးချေခြင်းစနစ် အသုံးပြုပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံတော်ပိုင် ဘဏ်များ၊ ပုဂ္ဂလိကပိုင် ဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်က "တိုင်းဒေသကြီးမှထွက်ရှိသည့် ဆန်၊ ပဲ၊ ပြောင်း စသည့် ထွက်ကုန် များကို ပြည်ပနိုင်ငံများသို့ အဓိကထား တင်ပို့လျက်ရှိပါကြောင်းနှင့် အခြားကုန်စည်များ တင်ပို့နိုင်ရေးကိုလည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုန်စည်များ တိုးချဲ့တင်ပို့နိုင်ပါက တိုင်းဒေသကြီး၏ GDP လည်း တိုးတက်လာ မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ ပြည်ပပို့ကုန်များကို ကုန်းလမ်းသာမက ရေလမ်းခရီးကို အဓိကထား တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုသိမ်ဆိပ်ကမ်းမှ တိုက်ရိုက် တင်ပို့နိုင်ပါက တောင်သူများနှင့် Exporter လုပ်ငန်းရှင်များအတွက် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုစရိတ်များ သက်သာမည်"ဟု ပြောကြားခဲ့ကြောင်း သိရသည်။ ထူးမြတ်