နေပြည်တော်၊ ဧပြီ ၂၄
နိုင်ငံတော်အစိုးရအဖွဲ့၏ ရက် ၁၀၀ အတွင်း ဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များအနက် တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ချေးငွေများကို တိုးမြှင့်ရေးစီမံချက်အရ ချေးငွေများတိုးမြှင့်ထုတ်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ဧပြီလ ၂၀ ရက်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး အထက်ပါကိစ္စရပ်ကို ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတက ပြောကြားရာတွင် "အစိုးရအဖွဲ့သည် ယနေ့မှစ၍ ရက်ပေါင်း ၁၀၀ အတွင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေဖြင့် တောင်သူလယ်သမားများကို ချေးငွေနှုန်းထား တိုးမြှင့်ရေး စီမံချက်အနေဖြင့် ချေးငွေများ တိုးမြှင့်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် စပါး၊ ဂျုံ၊ ချည်မျှင်ရှည် ဝါတို့နှင့် ပတ်သက်၍ သုံးသိန်းအထိ လည်းကောင်း၊ အခြားသီးနှံ ၁၈ မျိုးကို နှစ်သိန်းခွဲအထိလည်းကောင်း၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊ ဂုန်လျှော်တို့နှင့်ပတ်သက်၍ တစ်သိန်းခွဲအထိ လည်းကောင်း တိုးမြှင့်ချေး ပေးသွား မည်ဖြစ်ကြောင်း၊ အလားတူ လယ်ယာသုံး စက်ကိရိယာချေးငွေနှင့်ပတ်သက်၍ ကျပ်သိန်း ၃၀၀၀ အထိ တစ်ကဏ္ဍပေးမည်ဖြစ်ပြီး ကျပ်သိန်း ၃၀၀၀ အထက်ဖြစ်ပါက တစ်ကဏ္ဍပေးမည်ဖြစ်ကြောင်း"ထည့်သွင်း ပြောကြားခဲ့သည်။
ထို့အပြင် လမ်းပန်းဆက်သွယ်ရေးနှင့်ပတ်သက်၍ အနီးစခန်းလေဆိပ်အဆင့်မြှင့်တင်ခြင်းကို ပြီးပြတ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပို့ကုန်နှစ်ဆတိုးမြှင့် ရေးနှင့်ပတ်သက်၍ ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့် သိုလှောင်ရုံများကို ဦးစားပေးအနေဖြင့် တည် ဆောက်သွားမည်ဖြစ်ကြောင်း၊ အလားတူ ရထားလမ်းများ ကောင်းမွန်ရေးအတွက် ရထားလမ်းများအား လုံးကို တတ်နိုင်သရွေ့ အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ပြီး လတ်တလောတွင် ရန်ကုန်-မန္တလေးလမ်း၊ ရန်ကုန်-မော်လမြိုင်လမ်း၊ ရန်ကုန်-ပြည်လမ်းတို့ကို အဆင့်မြှင့်တင် ပေးသွားမည် ဖြစ်ကြောင်း၊ မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း ရထားလမ်း၌လည်း တံတားပြင်ဆင်ခြင်းများ၊ လမ်းပြင်ဆင်ခြင်းများ ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး ရထားလမ်းများအပြင် ရထားစက်ခေါင်းများ၊ တွဲများ၊ စက်ရုံများ အဆင့်မြှင့်တင်ခြင်းများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဆက်သွယ်ရေးကဏ္ဍနှင့်ပတ်သက်၍ မိုဘိုင်းစခန်းအသစ် ၂၇ ခုကို ယခုရက် ၁၀၀ အတွင်း တိုးချဲ့ပေးသွားမည်ဖြစ်ကြောင်း၊ မိုဘိုင်း စခန်းကိုးခု၌ 4G LTE အဆင့်သို့ မြှင့်တင်ပေးသွားမည်ဖြစ် ကြောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေဖြင့် ကျေးလက်ရေရရှိရေး လုပ်ငန်း၊ ဆိုလာရေတင်စနစ်ဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းတို့ကို ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် သုတေသနစွမ်း ရည်မြှင့်တင်သည့် ရှေ့ပြေးတက္ကသိုလ်များကို တည်ဆောက်ပေး သွားမည်ဖြစ်ပြီး အဓိကအားဖြင့် Nay Pyi Taw State Academy ၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တို့တွင် Research and Activation များကို ရှေ့ပြေးတက္ကသိုလ်များအဖြစ် သတ်မှတ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ အလယ်တန်း ပညာအဆင့်တွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များကို ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူ့နီတိနှင့် စာရိတ္တ ပညာရပ်များကိုလည်း အခြေခံပညာကျောင်းများတွင် အဓိကအနေဖြင့် လူငယ်များ အကျင့်စာရိတ္တ မြင့်မားစေရေးအတွက် ထည့်သွင်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြော ကြားသည်။
ထို့အပြင် ဗလငါးတန်နှင့် ပြည့်၀သည့် ကျောင်းများဖြစ်စေရေးအတွက် အခြေခံပညာကဏ္ဍတွင် Smart School နှင့် Football for School Program ကိုလည်း အားကစားရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့နှင့်ပေါင်းစပ်၍ ရက်ပေါင်း ၁၀၀ အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အတွင်းရှိ ကျောင်းများ၌ Pilot Project အနေ ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မူကြိုကျောင်းများကို အဆင့်မြှင့်တင်ပေးသွား မည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ၅၀ တွင် ဒုတိယကျန်းမာ ရေးဦးစီးမှူးများခန့်အပ်၍ ကျန်းမာရေးမြှင့်တင်မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တို့ရှိ နှလုံးဆေးကုသရေးဌာနများတွင် လူနာတစ်သိန်းအတွက် နှလုံးရောဂါ ကာကွယ်ရေး အန္တရာယ်အကဲဖြတ်ပေးသည့် ဆေးကုသမှုများကို တရုတ်နိုင်ငံနှင့်ပူးပေါင်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သူနာပြုကျောင်းများကိုလည်း သူနာပြု သိပ္ပံများအဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ အခြားကဏ္ဍပေါင်းစုံ တိုး တက်ရေးအတွက်လည်း မိမိတို့အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထူးမြတ်