ရန်ကုန် ဒီဇင်ဘာ ၃
၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်းအနေဖြင့် အုပ်စု (ဂ) တွင် ကျရောက်လျက်ရှိပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ အသင်းနှင့်လည်းကောင်း၊ ဒီဇင်ဘာလ ၁၂ ရက်တွင် အင်ဒိုနီးရှားနိုင်ငံအသင်းနှင့်လည်းကောင်း ချင်းမိုင် မြို့ရှိ ချင်းမိုင်မြို့တည် နှစ် (၇၀၀) ပြည့် အထိမ်းအမှတ် အားကစားကွင်းတွင် ယှဉ်ပြိုင်သွားမည်ဖြစ်ရာ ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ရောက်ရှိနေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် @seagames (Line Application) နှင့်https://seagames2025.org ဝက်ဘ်ဆိုက်များမှတဆင့် ဝင်ရောက်မှတ်ပုံတင်၍ မြန်မာဘောလုံးအသင်းအား ဝင်ကြေးအခမဲ့ဖြင့် အားပေးနိုင်ပါကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပပြုလုပ်သည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (ဂ) ဘောလုံးပွဲစဉ်များအဖြစ် ဖိလစ်ပိုင်အမျိုးသား လက်ရွေးစင်ဘောလုံးအသင်း(ယူ-၂၂)နှင့် ဒီဇင်ဘာလ ၅ ရက်တွင်လည်းကောင်း၊ အင်ဒိုနီးရှား အမျိုးသားလက်ရွေးစင်အသင်း(ယူ-၂၂)နှင့် ဒီဇင်ဘာလ ၁၂ ရက်တွင်လည်းကောင်း ယှဉ်ပြိုင်ကစား ရန် ရောက်ရှိလာသည့် အသင်းအုပ်ချုပ်သူ ဦးစိုးမြတ်မင်း ဦးဆောင်သည့် မြန်မာ့အမျိုးသားလက်ရွေးစင် ဘောလုံးအသင်း(ယူ-၂၂)အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းနှင့်အတူ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ရုံးအဖွဲ့ဝင်များ၊ ချင်းမိုင်မြို့တွင် ဖွင့်လှစ်ထားရှိသော CI စခန်း ဖွင့်လှစ်ထားသော KMK ကုမ္ပဏီမှ တာဝန်ခံနှင့် အဆိုပါစခန်းမှ ဝန်ထမ်းများနှင့် ချင်းမိုင်မြို့တွင် နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာ နိုင်ငံသားများက ယနေ့တွင် မြန်မာဘောလုံးအသင်း တည်းခို နေထိုင်မည့် Chiang Mai Hall Hotel ၌ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ခဲ့ပါသည်။
ကောင်စစ်ဝန်ချုပ်က မြန်မာဘောလုံးအသင်းအုပ်ချုပ်သူ ဦးစိုးမြတ်မင်းနှင့်တာဝန်ရှိသူများအား မြန်မာဘောလုံးအသင်း၏ နေထိုင်စားသောက်ရေးကိစ္စအပါအဝင် အုပ်ချုပ်မှုကိစ္စရပ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကိုဆွေနွေးခဲ့ကြောင်းသိရသည်။
ထိုင်းနိုင်ငံမြောက်ပိုင်းမှ မြန်မာနိုင်ငံသားများအား မြန်မာဘောလုံးအသင်း ယှဉ်ပြိုင်ကစားမှုများကို တခဲနက်ပါဝင်အားပေးနိုင်ပါရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးကဖိတ်ခေါ်ထားသည်။
HM
⚽️Football Match Tickets INFO📣
https://seagames2025.com/events
အဆင့်(၁) အထက်ပါ Link သို့ဝင်ရောက်ပါ။
အဆင့်(၂) ဖုန်းနံပါတ် ထည့်သွင်း၍ OTP နံပါတ် စောင့်ယူ ဖြည့်သွင်းပါ။
အဆင့်(၃) မိမိကြည့်ရှုမည့် ပွဲစဉ်ရွေးချယ်ပြီးနောက် မိမိကြည့်မည့်ပွဲကြည့်စင် (အရောင်များဖြင့် ပြသထား) ရွေးပါ။
အဆင့်(၄) မိမိ အမည်၊ ID/Passport ဖြည့်သွင်း၍ Confirmed ပြုလုပ်ပြီးပါက QR ကျလာပါလိမ့်မည်။
(ပွဲသို့လာရောက်သည့်အခါ ID သို့မဟုတ် Passport မူရင်း ယူဆောင်လာရပါမည်။)




