ဒီမိုကရေစီ နောက်ပြန်ဆွဲခြင်းသည် လက်နက်ကိုင်လမ်းစဉ်ကြောင့်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောကြား

ရန်ကုန် ဒီဇင်ဘာ ၄
ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းသည် လက်နက်ကိုင်လမ်းစဉ်ကြောင့်ဖြစ်သည်ကို အမှန်တိုင်းရှုမြင်ရန် အချိန်ကျပြီဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည်။
စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၇) သင်တန်းဆင်းပွဲအခမ်းအနားတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က "၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဆိုးရွားစွာ ပြုလုပ်ခဲ့တဲ့ မဲမသမာမှုတွေကြောင့် တပ်မတော်က အမျိုးသားနိုင်ငံရေးတာဝန်တွေကို ထမ်းဆောင်ခဲ့ရချိန်မှာ အကြမ်းဖက် NUG၊ CRPH အဖွဲ့တွေက တပ်မတော်အနေနဲ့ ဒီမိုကရေစီ နောက်ပြန်ဆွဲ လုပ်ဆောင်နေသယောင် ဝါဒမှိုင်းတိုက်ပြီး လူငယ်၊ လူရွယ်တွေကို လွဲမှားတဲ့ မျှော်လင့်ချက်တွေနဲ့အတူ အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်ဆီ တွန်းပို့ခဲ့ကြတယ်။ လက်နက်ကိုင် လမ်းစဉ်တွေကြောင့် မျှော်မှန်းတည်ဆောက်နေတဲ့ ပြည်ထောင်စုကြီးအတွက် လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရတယ်။ ဒီလိုလက်နက်ကိုင်လမ်းစဉ်နဲ့ ဖြေရှင်းတဲ့ ကြိုးပမ်းမှုဟာ နှစ်ပေါင်း ၇၀ ကျော်ကြာတဲ့အထိ မည်သည့်ရလဒ်မျှ မထွက်ခဲ့တာကို သင်ခန်းစာယူဖို့လိုသလို ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းဟာ လက်နက်ကိုင်လမ်းစဉ်ကြောင့် ဖြစ်တယ်ဆိုတာ အမှန်တိုင်းရှုမြင်ဖို့ အချိန်ကျနေပြီဖြစ်တယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို ရည်မှန်းချက်တူကြရင် ပြည်ထောင်စုအကျိုးကို ရှေးရှုပြီး PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာဖို့ နိုင်ငံတော်က ကြိုဆိုဖိတ်ခေါ်ထားပြီးဖြစ်ကြောင်း ထည့်သွင်းပြောကြားလိုတယ်။"ဟုပြောကြားသည်။
ထို့အပြင် "တစ်ဖက်မှာလည်း ဒီနိုင်ငံရေးဖြစ်စဉ်အကြောင်းတရားတွေကို လက်ညှိုးထိုးပြီး NCA မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ဟာ ရှိထားပြီးသား ကတိကဝတ်တွေကို ချိုးဖောက်ပြီး ငြိမ်းချမ်းရေးလမ်းကြောင်းကို သွေဖည်မှု ပြုလုပ်ခဲ့ကြတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေအပေါ် အခြေခံပြီး တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးမူဝါဒ ၆ ချက်ကို ရှင်းလင်းတိ ကျစွာ ပြဋ္ဌာန်းထားပြီးဖြစ်တယ်။ ငြိမ်းချမ်းရေးဆိုတာ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာမှသာ ရရှိနိုင်မှာဖြစ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါဖြစ်ချင်တာတွေကို ပြောဆိုနေမယ့်အစား ဖြစ်သင့်တာတွေကိုပြောဆိုပြီး ဖြစ်နိုင်တာတွေကို ညီညီညွတ်ညွတ် ပူးပေါင်းလုပ် ဆောင်သွားကြရမှာဖြစ်တယ်။ လက်တွေ့ကျပြီး အောင်မြင်ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူလူထုရဲ့ ကောင်းကျိုးကို ရှေးရှုဆောင် ရွက်နိုင်မှာဖြစ်ကြောင်း အသိပေးပြောကြားလိုတယ်။"ဟုဖြည့်စွက်ပြောကြားခဲ့သည်။ HM

Total Views ~ 5

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58581

© 2022 - 2025 News. All Rights Reserved.