နှစ်နိုင်ငံကုန်သွယ်မှုစင်တာများ အပြန်အလှန်ဖွင့်လှစ်နိုင်ရေး အပါအဝင် မြန်မာ-ရုရှား စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေး

ရန်ကုန် ဒီဇင်ဘာ ၅
    နှစ်နိုင်ငံကုန်သွယ်မှုစင်တာများ အပြန်အလှန်ဖွင့်လှစ်နိုင်ရေးအပါအဝင် မြန်မာ-ရုရှား စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များဆွေးနွေးခဲ့ကြောင်း သိရသည်။
     ဒီဇင်ဘာလ ၄ရက်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရက်စ်နောဂေါ့စ်ခ်မြို့အခြေစိုက် မော်စကိုခရိုင်ဆိုင်ရာ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်နှင့် ရော့စ်ကွန်ဂရက်ဖောင်ဒေးရှင်း၏ ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင်၊ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (Fund RC-Investment) ၏ အရှေ့တောင်အာရှစီမံကိန်းများ ညှိနှိုင်းရေးမှူး မစ္စတာဆာဂေးရှတီရော့ဗ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော် ရုံးအမှတ်(၃) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၁)၌ လက်ခံတွေ့ဆုံရာတွင် အထက်ပါကိစ္စရပ်များဆွေးနွေးခဲ့ခြင်းဖြစ်သည်။
  တွေ့ဆုံစဉ် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ပိုမိုမြင့်တက်လာစေရန်အတွက် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းများအပါ အဝင် အဓိကပို့ကုန်များကို ရုရှားနိုင်ငံ၌ ဈေးကွက်ပိုမိုရရှိနိုင်ရေး၊ ရုရှားနိုင်ငံထုတ် ဓာတ်မြေဩဇာများ မြန်မာနိုင်ငံသို့တင်ပို့နိုင်ရေး၊ နှစ်နိုင်ငံအကြား ကုန်စည်ပြပွဲများကျင်းပကာ စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း ရင်းနှီးမှုရှိစေရေးနှင့် ကုန်ပစ္စည်းများ ပါဝင်ပြသနိုင်ရေးအတွက် အပြန်အ လှန်ဖိတ်ကြားသွားနိုင်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုစင်တာများ အပြန်အလှန်ဖွင့်လှစ်နိုင်ရေး၊ နေပြည်တော်ကောင်စီနယ်မြေတွင်တည်ဆောက်မည့် သဘာဝမြေဩဇာစက်ရုံအတွက် လိုအပ်သည့်စက်ပစ္စည်းများတင်သွင်းနိုင်ရေးနှင့်စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကိုဆွေးနွေးခဲ့ကြောင်းသိရသည်။
   တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား‌ရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ HM

Total Views ~ 7

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58644

© 2022 - 2025 News. All Rights Reserved.