Breaking

ပဲတီစိမ်းဈေး  တရုတ်နယ်စပ်မှ အဝယ်လိုက်နေ၍ အနည်းငယ် ပြန်တက်လာ

၂၀၂၃ ဇူလိုင် ၂၅

ပြည်ပပို့ကုန် ပဲတီစိမ်း ဈေးများကျနေရာမှ မြန်မာ - တရုတ်နယ်စပ်၊ ကျယ်ဂေါင်ဘက်မှ အဝယ်လိုက်လာသည့်အတွက် အနည်းငယ်ပြန်တက်လာကြောင်း ကုန်သည်များထံမှ သိရသည်။

အခြားပဲများသည် ငွေကြေးဈေးကွက်ပေါ်မူတည်ပြီးဈေးအတက်အကျရှိနေသော်လည်း ပဲတီစိမ်းသည် တရုတ်အဝယ်မရှိ၍ (၂)လ နီးပါး ဈေးငြိမ်နေခဲ့ရာမှ ယခု ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

ရာသီပေါ်စတွင် ပဲတီစိမ်းထိပ်စ သုံးတင်းဝင် တစ်အိတ်လျှင် နှစ်သိန်းကျပ်၊ အညံ့စား ပဲတီစိမ်း သုံးတင်းဝင် တစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်မှ ၁၆၀၀၀၀ ကျပ် ပေါက်ဈေးရှိရာမှ အညံ့စား ပဲတီစိမ်း သုံးတင်း ဝင်တစ်အိတ်လျှင် ၁၃၅၀၀၀ ကျပ်၊ ထိပ်စ ၁၇၁၀၀၀ ကျပ်ထိ ဈေးကျဆင်းခဲ့ကြောင်း ပဲတီစိမ်းကုန်သည်များထံမှ သိရသည်။

လက်ရှိ မန္တလေး ပဲတီစိမ်းဈေးကွက်တွင် တရုတ်ဝယ်လက်ရှိလာသဖြင့် ပဲတီစိမ်း ထိပ်စ သုံးတင်းဝင် တစ်အိတ်လျှင် ၁၇၃၀၀၀ ကျပ်၊ အညံ့စား ပဲတီစိမ်း သုံးတင်းဝင်တစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်သို့ ဈေးတက်လာခြင်းဖြစ်ပြီး ၄၀၀၀ ကျပ် မှ ၁၀၀၀၀ ကျပ်အကြား ဈေးမြင့်တက်လာခြင်းဖြစ်သည်။

ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးကွက်တွင် ဇူလိုင်လ (၁၈) ရက် ပေါက်ဈေးအရ ပဲတီစိမ်း ပခုက္ကူ အသစ်၊ တစ်ပိဿာလျှင် (၂၅၀၀) ကျပ်မှ (၂၆၇၀) ကျပ်အကြား၊ ပဲတီစိမ်း ခရမ်းရွှေဝါ (ထိပ်စ) တစ်ပိဿာလျှင် ၃၇၀၀ ကျပ်၊ ပဲတီစိမ်း ပဲခူးရွှေဝါ တစ်ပိဿာလျှင် ၃၄၁၅ ကျပ်၊ ပဲတီစိမ်း ဝါးခယ်မ တစ်ပိဿာလျှင် ၂၆၆၅ ကျပ် မှ ၂၉၇၀ ကျပ်အကြား ပေါက်ဈေးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပဲတီစိမ်းကို အထက်မြန်မာပြည်၊ အောက်မြန်မာပြည် ဒေသနှစ်ခုလုံးတွင် စိုက်ပျိုးကြပြီး တစ်နိုင်ငံအတိုင်းအတာဖြင့် ဟတ်တာ ၁ ဒသမ ၂၄ သန်းကျော် စိုက်ပျိုးထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Total Views ~ 409

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59704

© 2022 - 2026 News. All Rights Reserved.