ရန်ကုန် ဒီဇင်ဘာ ၆
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ဒီဇင်ဘာလ ၅ရက်က ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာအနီးရှိ ရတနာပုံမြို့သစ်စီမံကိန်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ရတနာပုံမြို့သစ်စီမံကိန်းရှိ ရတနာပုံတယ်လီပို့ အဆောက်အဦးသို့ရောက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ရတနာပုံမြို့သစ်စီမံကိန်းဆိုင်ရာအချက်အလက်များ၊ စီမံကိန်းအတွင်း ဆောင်ရွက်ထားရှိမှု၊ လူနေအိမ်ရာများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု၊ ရတနာပုံတယ်လီပို့ဆိုင်ရာ အဆောက်အဦများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု၊ စီမံကိန်းနယ်မြေအတွင်း လမ်းဖောက်လုပ်ခြင်း၊ ရေရှိရေး၊ လျှပ်စစ်မီးရရှိရေးနှင့် အခြေခံအဆောက်အဦများ ဆောင်ရွက်ထားရှိမှု၊ စီမံကိန်းဆောင်ရွက်ရန် Expression Of Interest EOI ဖိတ်ခေါ်ဆောင်ရွက်ထားရှိမှု၊ နည်းပညာစက်မှုဇုန်အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လုပ်ငန်းများလည်ပတ်လျက်ရှိမှုနှင့် စီမံကိန်း ဆက်လက် ဆောင်ရွက်နိုင်မည့်အခြေအနေများကို လည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ရတနာပုံမြို့သစ် စီမံကိန်းဆိုင်ရာအချက်အလက်များ၊ စီမံကိန်းအဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းပိုင် အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများဆိုင်ရာ အချက်အလက်များ၊ ရတနာပုံတယ်လီပို့ကုမ္ပဏီ လီမိတက်ပိုင် အဆောက်အဦများဆိုင်ရာ အချက်အလက်များ၊ Soft Base Factories Area ရှိစက်ရုံများ ဆိုင်ရာအချက်အလက်များနှင့်ပတ်သက်၍ လည်း ကောင်း ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ယခု ရတနာပုံဆိုက်ဘာစီးတီးအား နိုင်ငံတော်၏ ဆက်သွယ်ရေးနည်းပညာများတိုးတက်ရေးအတွက် Silicon Village အဖြစ် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ သို့သော် ဒီမိုကရေစီဒုတိယအစိုးရ (၂၀၁၅ - ၂၀၂၀ ခုနှစ်) လက်ထက်တွင် New Mandalay Resort City စီမံကိန်းအဖြစ် ပြောင်းလဲလုပ်ဆောင် ခဲ့ခြင်းကြောင့် ရတနာပုံဆိုက်ဘာစီးတီး၏ လုပ်ငန်းများရပ်တန့်သွားခဲ့ရကြောင်း၊ ယနေ့ ခေတ်သည့် IT ခေတ်ဖြစ်သဖြင့် မိမိတို့နိုင်ငံတွင် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို မဖြစ်မနေအားပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခင်ဆိုက်ဘာစီးတီး မူလရည် မှန်းချက်များအပြင် ဉာဏ်ရည်တု (AI) နည်းပညာ တိုးတက်ရေးအတွက်လည်း ရည်မှန်းဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုစီမံကိန်းအားနိုင်ငံတော်၏ IT နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အီလက်ထရောနစ်ဆိုင်ရာပစ္စည်းများအား အဓိကထုတ်လုပ်ရန် အတွက်ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာ စီးတီး)အနီးတွင်တည်ရှိသကဲ့သို့ မန္တလေးမြို့၊ မိတ္ထီလာမြို့၊ ကျောက်ဆည်မြို့တို့ရှိနည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာက္ကသိုလ်များနှင့်ချိတ်ဆက်၍လည်း ဆောင်ရွက်နိုင်ပြီး လိုအပ်သည့် လူသားအရင်းအမြစ်များကို ရရှိနိုင်မည်ဖြစ်ကြောင်းပြောကြားသည်။
ထို့အပြင်မိမိတို့အနေဖြင့် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း လုပ်ငန်းပြန်လည်စတင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း လာရောက်ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းအမှန်တကယ်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံသူများ အတွက်လိုအပ်သည့်မြေနေရာများကို ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ စီမံကိန်း နယ်မြေအတွင်း လုပ်ကိုင်ခွင့်ချထားပေးသည့် မြေနေရာများ၌ လုပ်ငန်းဆောင်ရွက်ခြင်း မရှိသည့် မြေနေရာများ၊ နေထိုင်ရန်ချထားပေးသည့် မြေနေရာများ၌ လူနေထိုင်မှုများ မရှိသည့် မြေနေရာများအား စည်းကမ်းနှင့်အညီဖြစ်စေရေး စိစစ်ဆောင်ရွက်သွားရန် လိုကြောင်း၊ ရတနာပုံဆိုက်ဘာစီးတီးအား အစိုးရမှ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက် သကဲ့သို့ ရတနာပုံမြို့သစ်အိမ်ရာဖွံ့ဖြိုးတိုးတက်စေရေး အတွက်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ ရတနာပုံမြို့သစ် စီမံကိန်းဧရိယာအတွင်း လူအပြည့်နေထိုင်မည်၊ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်မည် ဆိုပါက သောက်သုံးရေများ လုံလောက်စွာရရှိရေး ကြိုတင်စီမံဆောင်ရွက်ထားရှိရန်နှင့် လျှပ်စစ်မီးလိုအပ်ချက်အား ကြိုတင်တွက်ချက်၍ အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်းမှ ဖြည့်တင်းဆောင်ရွက် သွားနိုင်ကြောင်း၊ စီမံကိန်းမြေနေရာများ၌ အဆောက်အဦများ ထပ်မံဆောက်လုပ်ရာတွင်လည်း ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများဖြစ်အောင် စနစ်တကျဆောက်လုပ်သွားရန်လိုကြောင်း၊ ရတနာပုံမြို့သစ်စီမံကိန်း ဖွံ့ဖြိုးတိုးတက် လာရေး အတွက်သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းဆောင်ရွက်သွား ကြရန်လိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်းသိရသည်။ HM