နေပြည်တော်၊ ဇူလိုင် ၉
မူးယစ်ဆေးဝါး၏ ဘေးထွက်ဆိုးကျိုးနှင့် နောက်ဆက်တွဲ အန္တရာယ်များကို အစိုးရ စာသင်ကျောင်းများသာမက ပုဂ္ဂလိကကျောင်းများအထိ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ဟောပြောသင့်ကြောင်း မန္တလေးတိုင်းဒေသကြီး အမရပူရမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်အောင်ထက်က ပြောသည်။
"အမရပူရမှာတော့ တောက်လျှောက် သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိ သူတွေရော မူးယစ်ဆေးဝါးနဲ့ လုယက်မှုကိစ္စတွေကိုတော့ သေသေချာချာကို တင်းကျပ်ဆောင်ရွက်နေတယ်။ ပြီးခဲ့တဲ့လတွေကလည်း အုပ်ချုပ်ရေးအဖွဲ့တွေ ဦးဆောင်ပြီးတော့ သက်ဆိုင်ရာလုံ ခြုံရေးတပ်ဖွဲ့တွေနဲ့ မူးယစ်ဆေးဖမ်းဆီးတာတွေ အမရပူရမှာ ရှိတယ်ဗျ။ ကျွန်တော့် မဲဆန္ဒနယ်မှာတော့ စိတ်ပါဝင်စားစွာနဲ့ ဒီကိစ္စကို တက်တက်ကြွကြွ ဆောင်ရွက်နေတယ်။ အမရပူရမှာတော့ လုယက်မှုတွေက မရှိသလောက်ကို နည်းတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ကျောင်းတွေမှာ အသိပညာပေး ဟောပြော ပွဲတွေ လုပ်နေကြတယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်တွေလည်း သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး နယ်မြေ ကွင်းဆင်းတဲ့အချိန်မှာ တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ အသိပညာပေး အခန်းကဏ္ဍကို ထည့်သွင်းဟောပြောဖို့ စဉ်းစားထားတာ ရှိတယ်။ ကျွန်တော်တို့နဲ့အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း မူးယစ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုး၊ နောက်ဆက်တွဲအန္တရာယ်တွေကို ဟောပြောပေးဖို့ ခေါ်သွားဖို့ ရှိပါတယ်။ သူတို့ဘာသာ သီးခြားဆောင်ရွက်နေတာ ရှိပါတယ်။ မူးယစ်ဆေးဝါးဆိုတာ စမ်းသပ်သင့်တဲ့အရာ မဟုတ်ဘူး။ ထိတွေ့ရမယ့်အရာ မဟုတ်ဘူးဆိုတာကို လူတွေကို အဓိက အသိပညာပေးမှရမယ်။ အစိုးရကျောင်းတွေတင်မကဘဲနဲ့ ကိုယ်ပိုင်ကျောင်းတွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးသင့်တယ်။ သက်ဆိုင်ရာ လွှတ်တော်မှာလည်း ဝန်ကြီးတွေနဲ့ ဆွေးနွေးပါမယ်။ လူသားအရင်းအမြစ်တွေ မဆုံးရှုံးဖို့နဲ့ အညွန့်တလူလူ ထွက်နေဖို့ဆိုတာ မူးယစ်ဆေး မရှိမှ ဖြစ်မှာ။ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ ကိစ္စမှန်သမျှ ထိတွေ့စရာမလိုဘူး။ စမ်းသပ်စရာ မလိုဘူး။ စူးစမ်းစရာမလို ဘူးဆိုတာကို လူငယ်တွေ ခေါင်းထဲမှာ ရိုက်သွင်းပေးလိုက်နိုင်ပြီဆိုရင် မူးယစ်ဆေးဆိုတာ ကောင်းကျိုး တစ်စက်မှ မရှိဘူးဆိုတာ ရိုက်သွင်းပေးနိုင်ရင် ကျောင်းတွေမှာ ဘာသာရပ်တစ်ခုအနေနဲ့တောင် ထည့်သွင်းစရာ မလိုဘူးလို့ ထင်ပါတယ်။ မိဘ၊ ဆရာတွေလည်း ဝိုင်းဝန်းထိန်းကျောင်းပြီး ကျောင်းတွေမှာ အသိပညာပေး ဟောပြောတာတွေ လုပ်ဆောင်နိုင်ရင် ပိုကောင်းပါတယ်"ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ဇွန် ၂၆ ရက်တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို နေပြည်တော်ကောင်စီ နယ်မြေ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ကျင်းပခဲ့ပြီး တောင်ကြီးမြို့၊ ရန်ကုန်မြိုနှင့် မန္တလေးမြို့တို့တွင် တစ်နှစ်တာကာလအတွင်း ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများဖျက်ဆီးခြင်းကို တစ်ပြိုင်တည်း ကျင်းပခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံအထက်ပိုင်း ဒေသများနှင့် အလယ်ပိုင်း ဒေသများမှ ဖမ်းဆီးရမိသည့် ဘိန်း ၅၉၃ ကီလိုခန့်၊ ဘိန်းဖြူ ၁၆၇၁ ကီလိုကျော်၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၇၅ သန်းကျော်၊ အိုက်စ် ၂၃ ကီလိုကျော်၊ စိတ်ပြောင်းဆေးဝါး (Happy Water) ၅၃ ကီလိုကျော်၊ ကက်တမင်း ၂၆ ကီလိုကျော်၊ ဆေးခြောက် ၁၀၆ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါးအမျိုး ၂၀ နှင့် ဓာတုပစ္စည်း ခုနစ်မျိုး စုစု ပေါင်းတန်ဖိုး မြန်မာငွေကျပ် ၄၁၆ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၁၃ သန်းကျော်)အား မီးရှို့၊ မြေမြှုပ်ဖျက်ဆီးခဲ့သည်။
ယခုနှစ်တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့၊ မြေ မြှုပ် ဖျက်ဆီးခြင်း အခမ်းအနားများကို တောင်ကြီးမြို့၊ ရန်ကုန်မြို့၊ မန္တလေးမြို့တို့ တွင် ကျင်းပခဲ့ရာ ဘိန်း ၁၀၆၆ ကီလိုခန့်၊ ဘိန်းဖြူ ၂၂၄၉ ကီလိုကျော်၊ စိတ်ကြွရူးသွပ် ဆေးပြား ၃၉၁ သန်းကျော်၊ အိုက်စ် ၃၉၇၀၈ ကီလိုခန့်၊ စိတ်ပြောင်းဆေးဝါး (Happy Water) ၁၅၈ ကီလိုကျော်၊ ဘိန်းစာမှုန့် ၂၆၄ ကီလိုခန့်၊ ဆေးခြောက် ၁၁၄၈ ကီလိုခန့်နှင့် ကက်တမင်း ၈၆၁၁ ကီလို ကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း အမျိုး ၁၁၀၊ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ဘီလီယံ ၂၂၁၀ ခန့်(အမေရိကန် ဒေါ်လာ ၆၀၃ သန်းကျော်)တို့အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဇွန် ၁ ရက်မှ ၂၀၂၆ ခုနှစ် မေ ၃၁ ရက်အထိ တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၌ ငွေကျပ် ဘီလီယံ ၂၂၁၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းအချက်အလက်များအရ သိရသည်။ ကွန်းဈာန်