မဲတောင်းတဲ့ အချိန်ကျ ဒီမျက်နှာတွေ တွေ့ရတယ်၊ ပြီးတဲ့အခါကျရင် ငါးနှစ်လောက် ဒီကိုယ်စားလှယ်ကို မမြင်ရတော့ဘူးဆိုတဲ့ဟာကို ကိုယ်ချင်းစာတယ်ဟု USDP ပါတီ ကိုယ်စားလှယ်လောင်း ပြော

ရန်ကုန်၊ နိုဝင်ဘာ ၂၄
    ရွေးကောက်ပွဲ အဆက်ဆက်၊ ဖြတ်သန်းခဲ့ဖူးသည့် ပြည်သူလူထုကို လျှော့တွက်၍ မရသလို လိမ်ညာ၍လည်း မရကြောင်း ညောင်လေးပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ သန့်ဇော်လွင်က ပြောသည်။
    "လွှတ်တော်တွေနဲ့ ဒီမိုကရေစီ အစိုးရနှစ်ဆက် ဖြတ်သန်းဖူးတော့ လူတွေကသိတယ်ဗျ။ လူတွေကို သွားပြီးလျှော့တွက်လို့မရသလို၊ လိမ်ညာလို့လည်း မရပါဘူး။ သူတို့ဘာပြောလဲဆိုရင် မဲတောင်းတဲ့ အချိန်ကျတော့ ဒီမျက်နှာတွေနဲ့ တွေ့ရတယ်။ ပြီးတဲ့ အခါကျရင် ငါးနှစ်လောက် ပျောက်သွားပြီး တော့ ဒီကိုယ်စားလှယ်ကို မမြင်ရတော့ဘူး ဆိုတဲ့ဟာကို အမြဲတမ်းပြောတယ်။ အဲဒီဟာကို ကျွန်တော်ကိုယ်တိုင် ကိုယ်ချင်းစာတယ်။ ကျွန်တော်တို့က ဘယ်လိုစီမံထားလဲဆိုတော့ ကိုယ့်ရဲ့ပါတီမှာလည်း ရပ်/ကျေးအဆင့် ဥက္ကဋ္ဌတို့၊ အတွင်းရေးမှူးတို့ ရှိသလိုမျိုး ရပ်ကွက်၊ ကျေးရွာတွေအထိ ရပ်မိရပ်ဖတွေကို စုဖွဲ့ခိုင်းထားပါ တယ်။ ကျွန်တော်ဝင်တဲ့ ပြည် သူ့လွှတ်တော်ဆိုရင် ကြီးမားတဲ့စီမံကိန်းတွေ ပေါ့၊ တိုင်းဒေသကြီး ဘတ်ဂျက်နဲ့ လုပ်လို့မရတဲ့ ဟာမျိုးတွေဆိုရင်၊ လမ်းခင်းမယ်ဆိုရင် စည်ပင်အပိုင်လမ်းလား။ ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ တောင်းရမယ့် လမ်းလား၊ ကျေးလက်နဲ့ ဖွံ့ဖြိုးရေးမှာ တောင်းရမယ့်လမ်းလား ဒါတွေရှိတယ်။ အဲဒါကို ကိုယ့်ဘာသာ စုဖွဲ့ထားပြီးတော့ ကော်မတီဖွဲ့၊ ကျွန်တော့်ကို ကြိုပေးထားပါ။ အိမ်စာတောင်းပြီး စုထားတဲ့အခါကျတော့ ကျွန်တော် လွှတ်တော်ထဲရောက်ရင် ချပြတောင်းဆိုဖို့ အဆင်သင့်ဖြစ်မယ်။ တချို့နေရာမှာ ပြည်ထဲရေး မပေါက်တဲ့ ရွာတွေရှိတယ်။ အဲဒါတွေလည်း လေ့လာမှတ်သားပြီးသား ဖြစ်တယ်။ ပြည်ထဲရေးပေါက်ဖို့ ကြိုးစားမယ်။ မြို့ပေါ်ရပ်ကွက်တွေမှာ တချို့တိုးချဲ့ရပ်ကွက်တွေက လန (၃၉) မပေါက်ဘူး။ သူတို့ နေလာတာ နှစ်ပေါင်း ၃၀ လောက်ရှိနေပြီ။ သူတို့မှာ ပိုင်ဆိုင်မှု ဂရန်ဆိုတာ မရှိဘူး။ အဲဒါတွေကို ဦး စားပေးလုပ်ဖို့ ရည်ရွယ်ပါတယ်။ ဒါမှသာလျှင် လူပေါင်းများစွာရဲ့ ပျော်ရွှင်မှုကိုရမယ်။ ပညာရေးနဲ့ ပတ်သက်ရင်လည်း ခရိုင်မြို့ဖြစ်သွားပြီ ဖြစ်တဲ့အတွက် စိုက်ပျိုးမွေးမြူရေး၊ သိပ္ပံကောလိပ် တစ်ခုခု ဖြစ်မြောက်ဖို့ တွန်းအားပေးပြီးလုပ်ဆောင်မယ်လို့ အစီအစဉ် ချထားပါတယ်"ဟု ၎င်းက ပြောသည်။
    ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်တွင် အင်အားကြီး ပါတီငါးခု ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း ဒေါက်တာသန့်ဇော်လွင်က ပြောသည်။
    "ကျွန်တော်က ၂၀၂၀ တုန်းကလည်း ပြိုင်ခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ လူတွေက နာမည်ကြီးတဲ့အပေါ်လိုက်ပြီး မဲပေးကြတာ။ ကျွန်တော်ကလည်း ဒေသအစုံ နှံ့နှံ့စပ်စပ်ရောက်တယ်။ အခုအခြေအနေက ၂၀၂၀ တုန်းက လုပ်ခဲ့တဲ့ အကျိုးအမြတ်လေးတွေနဲ့ အထူးတလည် မိတ်ဆက် ပေးစရာမလိုတော့တဲ့ အနေအထားဖြစ်တဲ့အတွက် လူထုက ယုံကြည်မှုရှိပြီးသားပါ။ အသစ်အနေနဲ့လာတဲ့သူ မဟုတ်တဲ့အတွက် သူတို့သိပါတယ်။ ကျွန်တော်က ပြည်သူ့လွှတ်တော်ကပြိုင်တဲ့အတွက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာတော့ ကျွန်တော်တို့ပါတီအပါအဝင် ငါးပါတီယှဉ်ပြိုင်ရမယ်။ ပြည်ခိုင်ဖြိုး ရှိမယ်။ PPP ? PP ၊ တစညနဲ့ ကျားဖြူပါတီ ရှိမယ်။ တစညတစ်ခုပဲ လူဟောင်းပါတယ်။ ကျန်တဲ့လူတွေကတော့ လူသစ်တွေဖြစ်တယ်။ တစ်မြို့နယ်လုံးသိဖို့တော့ အားနည်းကောင်း နည်းပါလိမ့်မယ်။ သိပ်ပြီးအား ကောင်းနေတာတော့ မရှိပါဘူး"ဟု ၎င်းက ပြော သည်။
    ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းတွင် မြို့နယ် ၁၄ မြို့နယ်ရှိပြီး စစ်တောင်း မြစ်နှင့် ကပ်လျက်နေရာ ဒေသများတွင် လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံနှင့် အကြမ်းဖက်မှုများရှိခြင်းကြောင့် ညောင်လေးပင်မြို့ ရပ်/ကျေးအုပ်စု ၆၁ အုပ်စုအနက် ၄၆ အုပ် စုသာ ရွေးကောက်ပွဲ ပြုလုပ်နိုင်ကြောင်း သိ ရသည်။
    ညောင်လေးပင် ခရိုင်အတွင်းရှိ ပြည်သူလူထု၏ အဓိက လိုလားတောင့်တချက်မှာ လုံခြုံရေးနှင့် တည်ငြိမ်ရေးဖြစ်ပြီး ရွှေကျင်နှင့်ညောင်လေးပင် မြို့နယ်ကိုထိ စပ်သည့် စစ်တောင်းမြစ်အနီးရှိ ကျေးရွာ များ မငြိမ်းချမ်းသေးကြောင်း သိရသည်။
    မဲဆွယ်စည်းရုံးခွင့်ကာလကို UEC က အောက်တိုဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၂၆ ရက်အထိ ရက်ပေါင်း ၆၀ ခွင့်ပြုပေးထားပြီး အပိုင်းလိုက်ကျင်းပမည့် ရွေးကောက်ပွဲအားလုံးအတွက် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
    ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကို အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး အပိုင်း(၁)အဖြစ် ပထမဆုံးအကြိမ် ရွေး ကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်၌ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင် စတင် ပြုလုပ်သွား မည် ဖြစ်သည်။  ကွန်းဈာန်

Total Views ~ 14

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58449

© 2022 - 2025 News. All Rights Reserved.