နေပြည်တော် ၊ ဧပြီ ၃
မြန်မာနိုင်ငံ၏ ၁၁ ဦးမြောက် နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ယနေ့ (ဧပြီလ ၃ ရက်) ကျင်းပ
သည့် တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ပထမ ပုံမှန် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်လိုက်သည်။
ယနေ့ကျင်းပသည့် တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ပထမ ပုံမှန် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက က နိုင်ငံတော်သမ္မတရွေးချယ် တင်မြှောက်ပွဲ ကျင်းပရန် စီစဉ်ထားရှိမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။
နိုင်ငံတော်သမ္မတရွေးချယ် တင်မြှောက်ပွဲအစီအစဉ်အရ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်များအစုအဖွဲ့က ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ အမျိုးသားလွှတ်တော်ကိုယ် စားလှယ်အစုအဖွဲ့က ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ထားသည့် ကရင်ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒ နယ်အမှတ်(၁)မှ ဒေါ်နန်းနီနီအေး၊တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ထားသည့် ကိုကိုးကျွန်းမဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးညိုစောတို့အား နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့ဝင်များက ဆန္ဒမဲလက်မှတ်ဖြင့် လျှို့ဝှက်ဆန္ဒမဲပေး ရွေးချယ်တင်မြှောက်ခဲ့သည်။
နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ရာတွင် ဆန္ဒမဲလက်မှတ်ပေါင်း ၅၈၄ ခုဖြင့် လျှို့ဝှက်ဆန္ဒမဲပေးခဲ့ကြရာ
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ထောက်ခံဆန္ဒမဲ(၄၂၉ ) မဲ ၊ ဦးညိုစော မှ ထောက်ခံဆန္ဒမဲ (၁၂၆ ) မဲ ၊ဒေါ်နန်းနီနီအေး မှ ထောက်ခံဆန္ဒမဲ
(၂၉ ) မဲ အသီးသီးရရှိခဲ့သည်။
ဆန္ဒမဲလက်မှတ်ဖြင့် ရေတွက်ပြီးနောက် ထောက်ခံဆန္ဒမဲ အများဆုံးရရှိသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက အသိပေးကြေညာခဲ့သည်။
ထို့နောက် ထောက်ခံဆန္ဒမဲ အများအနည်းအလိုက် ဒုတိယသမ္မတ(၁)အဖြစ် ဦးညိုစော ၊ ဒုတိယသမ္မတ (၂) အဖြစ် ဒေါ်နန်းနီနီအေး တို့ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ကြေညာခဲ့သည်။