ရန်ကုန် ၊ မေ - ၂၁
မြိတ်ကျွန်းစု လန်ပိအဏ္ဏဝါအမျိုး သားဥယျာဉ်အတွင်းရှိ ဝါးအလယ်ကျွန်း အပန်းဖြေစခန်းမှ လာမည့် ခရီးသွားရာသီ ကာလအတွက် ကြိုတင်စာရင်းများအား ယခုအခါ စတင်လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"ဒီလကစပြီး လာမယ့် ခရီးသွားရာသီအတွက် ကြိုတင်စာရင်းလက်ခံနေပါပြီ။ သဘာဝအလှ ကြွယ်ဝတဲ့ ဝါးအလယ်ကျွန်း အပန်းဖြေစခန်းက ကြိုဆိုနေပါတယ်"ဟု ဝါးအလယ်ကျွန်း အပန်းဖြေစခန်း၏ အထွေထွေမန်နေဂျာက ပြောသည်။
ဝါးအလယ်ကျွန်း အပန်းဖြေစခန်းကို ပုံမှန်အားဖြင့် သြဂုတ်လမှစ၍ ခရီးသွား လက်ခံလေ့ရှိသော်လည်း ယခုခရီးသွားရာသီ ၌ ခရီးသွား ပိုမို ဝင်ရောက်ခဲ့ခြင်းကြောင့် လာမည့် ခရီးသွားရာသီကာလအတွက် ယခု မေလမှစတင်၍ ကြိုတင်စာရင်းလက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရီးသွားများအနေဖြင့် ဝါးအလယ်ကျွန်းအပန်းဖြေစခန်းကို နိုဝင်ဘာလမှ ဧပြီလကုန်ပိုင်းအထိ လာရောက်လည်ပတ်လေ့ရှိကြောင်း သိရ သည်။
ခရီးသွားရာသီကာလတွင် ဝါးအလယ်ကျွန်း အပန်းဖြေစခန်းသို့ ဂျာမနီ၊ ရုရှား၊ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ အီတလီ၊ ချက်ပြည်သူ့သမ္မတနိုင်ငံနှင့် အခြား ဥရောပနိုင်ငံအချို့မှ နိုင်ငံခြားသားခရီးသွားများ အများဆုံး လာရောက်လည်ပတ်ခဲ့ကြကြောင်း သိရသည်။
ပင်လယ်ပြင်သဘာဝအလှ၊ သစ်တောသစ်ပင်၊ ရှားပါးမျိုးစိတ်၊ ငါး၊ ပုစွန်ပေါက်ပွားရာ သစ်တော နှင့် သန္တာကျောက်တန်းများ သဘာဝအတိုင်းတည်ရှိမှုကို သဘာ၀ဂေဟစနစ်အား ချစ်မြတ်နိုးကြသည့် ဥရောပခရီးသွားများ လာရောက်လေ့လာ အပန်းဖြေလည်ပတ်ခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။
ဝါးအလယ်ကျွန်းအပန်းဖြေစခန်းအနေဖြင့် တစ်ရက်လျှင် ခရီးသွား ၄၀ ကျော် လက်ခံပြီး ပင်လယ်အစားအစာနှင့် သဘာဝသစ်သားအိမ်များဖြင့် ဝန်ဆောင်မှုပေးထားကြောင်း သိရသည်။
ဝန်ဆောင်ခနှုန်းထားများအဖြစ် ခရီးသွားဝင်ရောက်မှုများသည့် ဒီဇင်ဘာလ၊ ဇန်နဝါရီလတို့တွင် တစ်ဦးလျှင် အမေရိ ကန်ဒေါ်လာ ၈၅၀ နှင့် ကျန်သောလများ၌ အမေရိကန်ဒေါ်လာ ၈၀၀ သတ်မှတ်ထား ကြောင်း သိရသည်။ PHYU