နေပြည်တော်၊ ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်အတွင်းရှိ မှန်ပြတောင်သို့လာရောက် လည်ပတ်သူ များပြားနေပြီး ပြည်တွင်းခရီး သွားလုပ်ငန်းများ နေ့ချင်းပြန်ခရီးစဉ်ရေးဆွဲကာ အပတ်စဉ် အစိုးရရုံးပိတ်ရက်များတွင် ပြေးဆွဲပေးနေကြောင်း သိရသည်။
ရန်ကုန်မြို့နှင့် အနီးဆုံးနေရာဖြစ်ပြီး တောတောင်ရှုခင်းများနှင့် ရေတံခွန်များ ရှိခြင်းကြောင့် သွားရောက်ခဲ့သူများက လူမှုကွန်ရက်များမှတစ်ဆင့် ပြန်လည်မျှဝေရာ လူသိများခဲ့ပြီး ခရီးသွားများလာရောက် မြင့်မားခဲ့ကြောင်း သိရသည်။ ယခုအခါ မှန်ပြတောင်ခရီးစဉ်တွင် မှန်ပြတောင်၊ ပန်းတစ်ပွင့်တောင်၊ ဆည်တော်ဦးဆည်၊ အဘိုးကျောင်း (နေ့ချင်းပြန်)ခရီးစဉ်များကို ပြည်တွင်းခရီးသွားလုပ်ငန်းများက ပို့ဆောင်ပေးနေကြောင်း သိရသည်။
"မှန်ပြတောင်က လတ်တလော ရန်ကုန်အနီးပတ်ဝန်းကျင်မှာ လူပြောများလာပြီး လူသွားအရမ်းများကြတယ်။ ပုံမှန်ဆိုရင်တော့ ရန်ကုန်ကနေ တိုက်ကြီးကို လိုင်းကားစီးပြီးရင် သုံးဘီးဆိုင်ကယ်တွေနဲ့ မှန်ပြတောင်ကိုသွားကြတာပေါ့။ ဒီလိုအခြေအနေမျိုးထက် လုံခြုံစိတ်ချရတဲ့ ခရီးစဉ်ဖြစ်ဖို့ ရန်ကုန်မြို့တွင်းက နံနက် ၅ နာရီစထွက်ပြီး နေ့ချင်းပြန်ခရီးစဉ်တွေကို စတင် ဝန်ဆောင်မှုပေးနေတာပါ"ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
မိုးရာသီ ခရီးသွားလုပ်ငန်းများ ဝန်ဆောင်ပေးရသည့် ခရီးစဉ် နည်းပါးနေချိန် တွင်ယခုကဲ့သို့ ခရီးစဉ်သစ်များ ပေါ်ပေါက်လာသည့်အတွက် ခရီးသွားလုပ်ငန်းများအတွက် အလုပ်အကိုင်အခွင့်အလမ်း တစ်ခုဖြစ်လာကြောင်း သိရသည်။ "ခုလိုခရီးသွားစရာ နေရာတစ်ခု ပေါ်လာတော့ အရင်ကဒီရာသီဆိုရင် အခြားလုပ်ငန်းခွင်သွားရတဲ့ ယာဉ်မောင်းတွေ၊ ဝန်ဆောင်မှုပေးသူတွေ အလုပ်အကိုင်အခွင့်အလမ်း ထပ်တိုးတာပေါ့လေ။ခုခရီးစဉ်ကတော့ ဝန်ဆောင်ခ တစ်ယောက်ကို ကျပ် ၅၅၀၀၀ နေ့လယ်စာ ကျွေးမွေးပြီး ၃၃ ယောက်စီးယာဉ်ကြီးများနဲ့ ပို့ဆောင်ပေးနေကြပါတယ်။ တချို့တစ်နိုင်တစ်ပိုင်ခရီး သွားလုပ်ငန်း ဝါသနာပါသူတွေကလည်း အိမ်စီးကားတွေနဲ့ ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်"ဟု အထက်ပါ ခရီးသွားလုပ်ငန်းရှင်က ပြောသည်။ ထူးမြတ်