ရွေးကောက်ခံအစိုးရပေါ်ပေါက်လာပါက အဖျက်အမှောင့်အကြမ်းဖက်သမားများ ရှေ့ဆက်ရပ်တည်ရန် ခက်ခဲမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

ရန်ကုန် ဒီဇင်ဘာ ၄
ရွေးကောက်ပွဲတွင် ပြည်သူ့ဆန္ဒမဲဖြင့် ရွေးကောက်တင်မြှောက်သည့် အစိုးရတစ်ရပ်ဖြစ်ပေါ်လာပါက လက်ရှိနိုင်ငံတော်အစိုးရကို ဆန့်ကျင်နေ သည့် အဖျက်အမှောင့်အကြမ်းဖက်သမားများ ရှေ့ဆက်ရပ်တည်ရန် ခက်ခဲလာနိုင်ခြင်းကြောင့် ရွေးကောက်ပွဲကို အနှောင့်အယှက်ဖြစ်စေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် ကပြောသည်။
  စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၇) သင်တန်းဆင်းပွဲအခမ်းအနားတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်းတွင်ထည့်သွင်းပြောဆိုခဲ့သည်။
"နိုင်ငံတော်အစိုးရအနေနဲ့ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို လွတ်လပ်ပွင့်လင်းပြီး တရားမျှတတဲ့ရွေးကောက်ပွဲ၊ သိက္ခာရှိတဲ့ ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ဘက်ပေါင်းစုံက ကြိုးပမ်းလုပ်ဆောင်နေချိန်မှာ နိုင်ငံတော်အစိုးရကို ဆန့်ကျင်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအချို့က ရွေးကောက်ပွဲကို အဟန့်အတားဖြစ်စေရေး နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်နေကြတာကို သတိပြုကြရမှာဖြစ်တယ်။ ရွေးကောက်ပွဲမှာ ပြည်သူ့ဆန္ဒမဲနဲ့ ရွေးကောက်တင်မြှောက်တဲ့ အစိုးရတစ်ရပ်ဖြစ်ပေါ်လာခဲ့ရင် လက်ရှိနိုင်ငံတော်အစိုးရကို ဆန့်ကျင်နေတဲ့ အဖျက်အမှောင့်အကြမ်းဖက်သမားတွေအနေနဲ့ သူတို့ရှေ့ဆက်ရပ်တည်ဖို့ ခက်ခဲလာနိုင်တာကြောင့် ရွေးကောက်ပွဲကို အနှောင့် အယှက်ဖြစ်အောင် အခုလိုလုပ်ဆောင်နေကြခြင်းဖြစ်တယ်။ ဒါကြောင့် အဲဒီ အဖျက်အမှောင့်သမားတွေရဲ့ လုပ်ဆောင်ချက်တွေကို တားဆီးကာကွယ်ပြီး ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် ရဲဘော်တို့အနေနဲ့ ပြည်သူလူထုနဲ့ လက်တွဲပြီး ကျရာကဏ္ဍ အသီးသီးကနေ ကြိုးပမ်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားလိုတယ်။"ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် ကပြောသည်။
   ထို့အပြင်"ယခုကျင်းပမယ့် ရွေးကောက်ပွဲကြီးမှာ ဥပဒေနဲ့အညီ မဲပေးခွင့်မရှိသူများမှအပ ကျန်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး လွတ်လပ်စွာ ဆန္ဒမဲပေးကြရမှာဖြစ်တယ်။ မိမိတို့ရွေးချယ်မယ့် ရွေးကောက်ခံကိုယ်စားလှယ်များဟာ နိုင်ငံရဲ့အကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို အမှန်တကယ်ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်သူနဲ့ နိုင်ငံကောင်းအောင်ဆောင်ရွက်နိုင်မယ့်သူတွေဖြစ်ဖို့ လိုအပ်တယ်။ ပါတီစုံဒီမိုကရေစီဖြစ်တာနဲ့အညီ နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများအနေနဲ့ တရားမျှတစွာ ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ အသိပေးပြောကြား လိုတယ်။"ဟုဖြည့်စွက်ပြောကြားခဲ့သည်။ HM

Total Views ~ 7

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58581

© 2022 - 2025 News. All Rights Reserved.