ရှမ်းပြည်နယ်(တောင်ပိုင်း) နောင်တဗန်ကျေးရွာတွင် GAP စနစ်ဖြင့် ဆန်းသစ်တီထွင်စိုက်ပျိုးသည့် ကြက်သွန်ဖြူ ပြည်တွင်းဈေးကွက်အတွင်း မကြာမီ ဖြန့်ချိမည်

ရန်ကုန်၊ ဇူလိုင် ၂
    ရှမ်းပြည်နယ်(တောင်ပိုင်း) နောင်တဗန်ကျေးရွာတွင် (GAP) စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ထားသည့် ကြက်သွန်ဖြူများနှင့် အခြားဆန်းသစ်တီထွင်ထားသော ထုတ်ကုန်များကို မကြာမီပြည်တွင်းဈေးကွက်တွင် ဖြန့်ချိသွားမည်ဖြစ်ကြောင်း Genius မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။
    "Genius က GAP စနစ်နဲ့ ထုတ်လုပ်ထားတဲ့ ကြက်သွန်ဖြူတွေကို တန်ဖိုးမြင့် ထုတ်ကုန်အနေနဲ့ စတင်ထုတ်လုပ်ရောင်းချပြီးတော့ ဈေးကွက်အတွင်း မိတ်ဆက်တာဖြစ်ပါတယ်။ ကြက်သွန်ဖြူက ရှမ်းပြည်နယ်ကနေပြီး စိုက်ပျိုးတဲ့တန်းဖိုးမြင့်ထုတ်ကုန်တွေ ဖြစ်စေချင်တယ်။ တောင်သူတွေကိုလည်း အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးစေချင်တယ်။ Genius နဲ့ တောင်သူတွေအနေနဲ့ နှစ်ဦးနှစ် ဖက် ပူးပေါင်းပြီးတော့ ရလာတဲ့အကျိုးအမြတ်တွေကို တောင်သူတွေကိုလည်း အကျိုးခံစားခွင့် ရရှိစေချင်ပါတယ်။ GAP ဆိုတာကတော့ ဓာတုဓာတ်မြေ သြဇာကိုမသုံးစွဲဘဲနဲ့ သဘာဝဓာတ်မြေသြဇာ နည်းအတိုင်း စိုက်ပျိုးတဲ့အတွက်ကြောင့်မို့ ကျန်းမာရေးအတွက်လည်း ပိုမိုကောင်းမွန်ပါတယ်"ဟု Genius တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
    ဉာဏ်ကြီးရှင် ရှမ်းကုန်းမြင့် ကြက်သွန်ဖြူထုတ်လုပ်ရေး (အောင်နေလင်းထွန်း ကုမ္ပဏီလီမိတက်) နှင့် နောင်တဗန် GAP ကြက်သွန်ဖြူထုတ်လုပ်သူများ အစုအဖွဲ့တို့မှ အကျိုးတူပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုးခြင်း အစီအစဉ်ကိုလည်း AgriTek Myanmar 2026 ပြပွဲကြီးတွင် ပြုလုပ်ခဲ့သည်။
    ဉာဏ်ကြီးရှင် ရှမ်းကုန်းမြင့် ကြက်သွန်ဖြူထုတ်လုပ်ရေး (အောင်နေလင်းထွန်း ကုမ္ပဏီလီမိတက်) နှင့် နောင်တဗန် GAP ကြက်သွန်ဖြူ ထုတ်လုပ်သူများ၏ ပထမဆုံး ခြေလှမ်းဖြစ်ပြီး ရှမ်းကုန်းမြင့်မှ စိုက်ပျိုး ထုတ်လုပ်သူတောင်သူများကို နည်းပညာမျှဝေရန်၊ ပြည်တွင်းထုတ်ကုန်များကို ပိုမိုအားပေးလာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ သက်မှူး

Total Views ~ 8

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63356

© 2022 - 2026 News. All Rights Reserved.