Breaking

လျှပ်စစ်သုံးစွဲသူများ အခက်အခဲရှိပါက ဖြေရှင်းဆောင်ရွက်ပေးမည်ဟု လင်းသီဟ ကုမ္ပဏီတာဝန်ရှိသူပြော

နေပြည်တော်၊ ဇူလိုင် ၉
    ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နှင့် အေးသာယာမြို့များတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ဆောင်ရွက်နေသော လင်းသီဟ ကုမ္ပဏီအနေနှင့်တရား မဝင်မီဒီယာများနှင့် အမည်မသိရေးသားသူများ၏ နှောင့်ယှက်မှုကြုံတွေ့နေရပြီး လျှပ်စစ်ဓာတ်အားသုံးစွဲသူများ အမှန်တကယ်နစ်နာမှုများရှိပါက တိုက်ရိုက်တိုင်တန်းနိုင်ပြီး ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း လင်းသီဟလျှပ်စစ်နှင့်အထွေထွေဝန်ဆောင်မှု ကုမ္ပဏီလီမိတက်၏ အမှုဆောင်ဒါရိုက်တာ ဦးနေမျိုးအောင်က ပြောကြားသည်။
    မကြာသေးမီရက်ပိုင်းက အဆိုပါ ကုမ္ပဏီလီမိတက်မှ တာဝန်ယူလုပ်ကိုင် ဆောင်ရွက်လျက်ရှိသော လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းနှင့် လက်လီရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ဖြစ်စေ ကုမ္ပဏီ၏ပုံရိပ်ကို ထိခိုက်နစ်နာစေရန် မဟုတ်မမှန်သတင်းအမှားများ ပြောဆိုခြင်းကို လည်းကောင်း၊ လူမှုကွန်ရက်စာမျက်နှာများတွင်ဖြစ်စေ၊ အခြား Electronic Device တစ်ခုခုကို အသုံးပြု၍ဖြစ်စေ မဟုတ်မမှန် ရေးသားဖော်ပြခြင်း၊ Post တင်ခြင်း၊ Like ပေးခြင်း၊ Comment များရေးသားခြင်း၊ Share ခြင်းများအား လည်း ကောင်း ခွင့်မပြုကြောင်းနှင့် ထိုသို့ပြုလုပ်ခဲ့ပါက လင်းသီဟလျှပ်စစ်နှင့် အထွေထွေဝန်ဆောင်မှု ကုမ္ပဏီလီမိတက်မှ တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
    အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ တာဝန်ရှိသူ အမှုဆောင်ဒါရိုက်တာ ဦးနေမျိုးအောင်ကို ဆက်သွယ်မေးမြန်းရာ "ကျွန်တော်တို့ ဝန်ဆောင်မှု ပေးရတာက တောင်ကြီးမြို့မှာဆိုရင် လျှပ်စစ်သုံးစွဲသူပေါင်း ငါးသောင်းဝန်းကျင် ရှိပါတယ်။ အေးသာယာမြို့မှာဆိုရင် လျှပ်စစ်သုံးစွဲသူပေါင်း သုံးသောင်းဝန်းကျင် ရှိပါတယ်။ လတ်တလော ကြုံတွေ့ရတာက တရားမဝင် သတင်းမီဒီယာတွေနဲ့ လူမှုကွန်ရက် Group အချို့မှာ အမည်ထုတ် ဖော်ခြင်းမရှိတဲ့သူတွေက ကုမ္ပဏီနဲ့ပတ်သက်လို့ မမှန်သတင်းတွေ ရေးသား ဖြန့်ဝေနေကြတာပါ။ တကယ်တမ်း သုံးစွဲသူတွေ ဘာအခက်အခဲရှိလဲလို့ မေးရင်ရေရေရာရာ အဖြေမရဘူး။ ဒီတော့ ဒီလို မဟုတ်မမှန် ရေးသားမှုတွေအောက်မှာ ကျွန်တော်က ဘယ်သူပါ၊ ဖုန်းနံပါတ်က ဘယ်လောက်ပါလို့ ရေးသားပြီး အခက်အခဲရှိရင် ဖုန်းဆက်ပါလို့ ပြောကြပေမယ့် သုံးစွဲသူတွေက ဆက်သွယ်တာ မရှိပါဘူး။ ဒါကြောင့် တရားမဝင်မီဒီယာတွေ၊ အမည်မသိ ရေးသားသူတွေဘက်က ဆက်လက်ဆောင်ရွက်မယ်ဆိုရင် တရားဥပဒေအရ အရေးယူမယ်လို့ ထုတ်ပြန်တာပါ။ သုံးစွဲသူတွေရဲ့ အခက်အခဲ တင်ပြမှုနဲ့ အကြံပြုမှုတွေကိုတော့ ကျွန်တော့်အနေနဲ့ ဖြေရှင်းဆောင်ရွက်ပေးဖို့ရှိပါတယ်"ဟု ပြောကြားသည်။
    အဆိုပါ လင်းသီဟ လျှပ်စစ်နှင့် အထွေထွေဝန်ဆောင်မှု ကုမ္ပဏီလီမိတက်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းနှင့်  ပဋိညာဉ်စာချုပ်စာတမ်းများအရ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ တောင်ကြီးမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းနှင့် လက်လီရောင်းချခြင်းလုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်နေကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 7

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63860

© 2022 - 2026 News. All Rights Reserved.