Breaking

သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဆွေးနွေး

၂၀၂၃ စက်တင်ဘာ ၁၁
    တောင်သူလယ်သမားများအတွက် သီးနှံပေါ်ချိန်တွင် သိုလှောင်မှုအခက်အခဲ၊ ငွေကြေးလိုအပ်မှု အခြေအနေများရှိသည့်အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ယင်းအခက်အခဲကို ဖြေရှင်းနိုင်ရန် သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ခဲ့သည်။
    အဆိုပါ သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကိုအခြေပြုသည့် ငွေကြေးထောက် ပံ့မှုစနစ် (Warehouse Receipt Financing Syetem) အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့ (Task Force) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို UMFCCI တွင်ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။
    သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေး ထောက်ပံ့မှုစနစ်သည် တောင်သူလယ်သမားများအတွက် သီးနှံပေါ်ချိန်တွင် သိုလှောင်မှုအခက်အခဲ၊ ငွေကြေးလိုအပ်မှု အခြေအနေများကြောင့် သီးနှံဈေးနှုန်းအနိမ့်ဖြင့် ရောင်းချခြင်းမပြုဘဲ သတ်မှတ်ထားသည့် သိုလှောင်ရုံများတွင် လာရောက်အပ်နှံပြီး ချေးငွေရယူနိုင်သည့် အစီအစဉ်ဖြစ်ပြီး သီးနှံဈေးကောင်းချိန်တွင်မှ ပြန်လည်ရောင်းချပြီး ချေးငွေပြန်လည် ပေးဆပ်သည့် စနစ်ဖြစ်ကြောင်း၊ အဆိုပါစနစ်ကို အကောင်အထည်ဖော်ခြင်းဖြင့် သီးနှံစိုက်ပျိုး ထုတ်လုပ်သည့် တောင်သူလယ်သမားများ၊ မျိုးစေ့ထုတ်လုပ်သူများအနေဖြင့် အကျိုးကျေးဇူးကောင်းစွာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
    အစည်းအဝေးတွင် Task Force အဖွဲ့ခေါင်းဆောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေးတွင် သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်နှင့်ပတ်သက်၍ စားသုံးသူ ရေးရာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ တို့က ရှင်းလင်းဆွေးနွေး တင်ပြကြကာ ဒုတိယဝန်ကြီးနှင့် ပါဝင်တက်ရောက်လာသည့် Task Force အဖွဲ့ဝင် ဌာနဆိုင်ရာ အကြီးအကဲများက ဖြည့်စွက်ဆွေးနွေး အကြံပြုခဲ့ကြောင်း သိရသည်။

Total Views ~ 337

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.