Breaking

အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကရင်ပြည်နယ်အတွင်းက EAOs များ တစ်ဖွဲ့ချင်း မဟုတ်ဘဲ အစုအဖွဲ့အနေဖြင့် တွေ့ဆုံမည့် အလားအလာရှိဟုဆို

နေပြည်တော်၊ ဇူလိုင် ၂
    အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များ တစ်ဖွဲ့ချင်းမဟုတ်ဘဲ အစုအဖွဲ့အနေဖြင့် တွေ့ဆုံမည့် အလားအလာရှိကြောင်း  ကရင်အမျိုးသားငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ နာယကဖြစ်သူ မန်းအောင်ပြည်စိုးက ပြောသည်။ 
    "ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့က ကရင်အဖွဲ့အစည်းတွေအားလုံး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရော၊ ပါတီတွေရော၊ ဘာသာရေးအဖွဲ့အစည်းတွေရော ပါဝင်တဲ့အဖွဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ အဲဒီအဖွဲ့ကနေအစိုးရနဲ့ စကားပြောမှာပေါ့။ တစ်ဖွဲ့ချင်းပြောဖို့ အစီအ စဉ်သိပ်မရှိဘူး။ အစီအစဉ်က သဘောတူညီချက်ထဲမှာမပါဘူး။ အကုန်လုံး ညှိနှိုင်းတိုင်ပင်ပြီးတော့မှ အကုန်လုံးရဲ့ သဘောထားကိုပဲ ဆွေးနွေးတိုင်ပင်ကြမယ်။ ပြောကြဆိုကြမယ်။ စားပွဲဝိုင်းမှာ တွေ့ဆုံကြမယ်ဆိုတဲ့ သဘောမျိုးပဲ။ တစ်ဖွဲ့ချင်း အစီအစဉ် မရှိတဲ့အတွက် KNU ကတော့ ထားပါတော့။ PC တို့၊ DKBA တို့ကတော့ တစ်ဖွဲ့ချင်း တွေ့မယ့် သဘောမရှိဘူး။ 7 EAOS Alliance ကတော့ စုပေါင်းတဲ့ အဖွဲ့သဘောမျိုးလို့ ပြောလို့ရတာပေါ့။ အခု အဖွဲ့တွေကတော့ တစ်ဖွဲ့ချင်းတွေ့ဖို့ အစီအစဉ်မရှိဘူးလို့ ပြောရမှာပေါ့။ စုပေါင်းထားတဲ့ ကိုယ်စားလှယ် တွေနဲ့ သွားမှာပေါ့။ လက်နက်ကိုင်ကိုယ်စားလှယ်တွေ၊ ပါတီကိုယ်စားလှယ်တွေ၊ ဘာသာရေးကိုယ်စား လှယ်တွေလည်းပါမယ်။ တွေ့ဆုံညှိနှိုင်းရေး ကော်မတီဆိုတာလည်း ဖွဲ့ထားတယ်။ အဖွဲ့အစည်း အစုံပါပါတယ်"ဟု ၎င်းကပြောသည်။ 
    ကရင်အမျိုးသားငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီတွင် EAOs များ၊ နိုင်ငံရေးပါတီများနှင့် ဘာသာရေးခေါင်းဆောင်များလည်းပါဝင်ပြီး ဒေသတွင်းအချင်းချင်း တွေ့ဆုံဆွေးနွေးကြသည်မှာ နှစ်ကြိမ်ရှိ ခဲ့ပြီဖြစ်ကြောင်း မန်းအောင်ပြည်စိုးက ပြောသည်။ 
    "ကျွန်တော်တို့ နှစ်ခါ ဆွေးနွေးပြီးပြီ။ ဆွေးနွေးပြီးတော့ ကော်မတီဖွဲ့ကြတယ်။ နောက်ဆုံး ဒုတိယအကြိမ်ဆွေးနွေးပြီးတော့ သုံးပတ်ကြာရင် တစ်ခေါက်ပြန် အစည်းအဝေးခေါ်မယ်ဆိုပြီးတော့ ဆုံးဖြတ် ထားကြတာ။ ဒါပေမဲ့ အခု တစ်လကျော်သွားပြီ အစည်းအဝေး ပြန်မခေါ်ဖြစ်သေးဘူး။ တတိယအကြိမ် အခုထက်ထိ မခေါ်ဖြစ်သေးဘူး။ အစည်းအဝေးခေါ်စေချင်တယ်။ သိချင်တယ်။ အခုထိတော့ ဘာမှမကြားရသေးဘူး"ဟု ၎င်းကပြောသည်။ 
    နိုင်ငံတော်အစိုးရအနေဖြင့် ငါးနှစ်တာကာလအတွင်း တိုင်းပြည်တည်ငြိမ် အေးချမ်းအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းရင်းသားလက် နက်ကိုင် မည်သည့်အဖွဲ့အစည်းမဆို ကြိုတင်ကန့်သတ်ချက်မထားဘဲ ငြိမ်းချမ်းရေးအတွက် လာရောက်ဆွေးနွေးရန် တရားဝင်ဖိတ်ခေါ်ထားသည်။ 
    အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအနေဖြင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ အစည်းများ၊ 7 EAOs Alliance နှင့် အခြားသော EAOs များနှင့်လည်း တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်ခဲ့သည်။    
ကွန်းဈာန်

Total Views ~ 19

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63862

© 2022 - 2026 News. All Rights Reserved.