နေပြည်တော် ဧပြီ ၇
ဦးသိန်းစိန်၊ NLD အစိုးရ နှစ်ဆက်ထက် သာလွန်သော အစိုးရတစ်ရပ်အဖြစ် ယခု အစိုးရသစ်က တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း USDP ပါတီ ၊ မိထ္ထီလာမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ပြောသည်။
ဖြစ်မယ်လို့ ယုံကြည်လားမဟုတ်ဘူး။ ယုံကြည်ပြီးတော့ကိုပဲ ရွေးကောက်ပွဲဝင်ခဲ့ ကြတာ။ ဘယ်လိုအစိုးရမျိုး ဖြစ်မလဲဆိုတော့ တိုင်းပြည်ကို ခေတ်တစ်ခေတ်ကို ပြောင်းလဲနိုင်စွမ်းရှိအောင် လုပ်နိုင်မယ့် အစိုးရမျိုး ဖြစ်လိမ့်မယ်လို့လည်း ယုံကြည်တယ်။ လက်ရှိ ကြုံတွေ့နေရတဲ့ အကြပ်အတည်းက ကဏ္ဍတွေ အများရှိတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အကူအညီနဲ့ အောက်ခြေမှာရှိနေတဲ့ ပြဿနာတွေတွေကို အစိုးရက နားထောင်ပေးရမယ်။လွှတ်တော်က တဆင့်ဆိုတာက Legitimacy ဖြစ်တယ်။ သီးခြားအကူအညီလာတောင်း တာတွေရှိတယ်။ တစ်ဖက်က ဥပဒေစည်းမျဉ်းစည်းကမ်းတွေရှိတယ်။ အဲဒီဥပဒေ စည်းမျဉ်း၊စည်းကမ်းတွေနဲ့ ညီအောင် ကောင်းအောင် လုပ်ရမယ်။ အစိုးရကော လွှတ်တော်ရော သူတို့ခံယူချက်က ဘာတွေရှိလဲဆိုတာ သူတို့နှစ်ဖွဲ့က တာဝန်တွေသာ မတူတာ ထိပ်ဆုံးရည်မှန်းချက်ကတော့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးပဲ။ အဲဒီအချက်အပေါ် မူတည်ပြီးတော့ ဟိုဘက်ဒီဘက် အပြန်အလှန်နားလည်မှု လေးစားမှု၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်သွားဖို့လိုပါတယ်။ အဲဒါဆိုရင် ပွတ်တိုက်မှုတွေ မရှိနိုင်တော့ဘူး။ အားလုံးက နိုင်ငံတော်အတွက်ဆိုတာကိုပဲ ဦးတည်နေမှာပဲ။ အရင်နှစ်ခေါက် ပေါ်ပေါက်ခဲ့ဖူးတဲ့ အစိုးရထက်တော့ ကျွန်တော်တို့က အချင်းအချင်း ယုံကြည်မှုနဲ့ လုပ်ဆောင်သွားမယ်ဆိုရင် အစိုးရနှစ်ဆက်ထက် ပိုမိုသာလွန်တဲ့ အစိုးရမျိုး တည်ဆောက်နိုင်မယ်လို့ ယုံကြည်တယ်ဟု ၎င်းကပြောသည်။
ဧပြီ ၃ရက်နေ့က တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ပထမ ပုံမှန် အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်ပြီး ဒုတိယသမ္မတများအဖြစ် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး တို့အား ရွေးချယ်တင်မြှောက်ခဲ့ကြသည်။
ယခုအခါ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြသည့် အစိုးရဝန်ကြီးဌာန အရေအတွက် ၃၁ ဌာနသတ်မှတ်လိုက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးရေ ၃၀ ဦးဖြင့်သတ်မှတ်ခြင်းကို လွှတ်တော်က ဆက်လက်ဆောင်ရွက်လျက်ရှိသည်။