Breaking

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်လကျော်အတွင်း မြန်မာ့ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော်ထိ ဖြစ်ပေါ်

 

2023 ဇွန် ၂၆

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ရက်မှ ဇွန်လ ၁၆ ရက်အထိ ကာလအတွင်း မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု ကဏ္ဍမှာ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော်ထိဖြစ်ပေါ်နေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

ကုန်သွယ်ရေးလိုငွေဆိုတာဟာ မြန်မာနိုင်ငံကတင်ပို့ရတဲ့ တင်ပို့ကုန်ဝင်ငွေထက် ပြည်ပနိုင်ငံတွေက တင်သွင်းရတဲ့ တင်သွင်းကုန်ပမာဏ တန်ဖိုးက ပိုများနေတာကို ဆိုလိုတာဖြစ်ပါတယ်။

အခုဘဏ္ဍာနှစ်အစ နှစ်လကျော်အတွင်း ပြည်ပသို့ ပို့ကုန်တန်ဖိုးဒေါ်လာ ၂၇၃၄ ဒသမ ၃၁၄ သန်းနဲ့  သွင်းကုန်တန်ဖိုး ဒေါ်လာ ၄၀၁၆ ဒသမ ၆၉၂၈ သန်း ရှိခဲ့ပြီး ကုန်သွယ်မှု စုစုပေါင်းပမာဏ ၆၇၅၁ ဒသမ ၀၀၆ သန်း ရှိခဲ့တယ်လို့ သိရပါတယ်။

ကုန်သွယ်မှုစာရင်းတွေအရ သွင်းကုန်တင်သွင်းမှုက ပို့ကုန်တင်ပို့မှုထက်ပိုများတဲ့အတွက်ကြောင့် ကုန်သွယ်မှုလိုငွေဒေါ်လာ ၁၂၈၂ ဒသမ ၃၇၈ သန်း ဖြစ်ပေါ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ တရုတ်နိုင်ငံကို မူဆယ်နယ်စပ်ကတစ်ဆင့် ဆန်နဲ့ဆန်ကွဲတင်ပို့မှုဟာဆိုရရင် ပို့ကုန်ရငွေကို ၆၅ ရာခိုင်နှုန်း ဗဟိုဘဏ်သတ်မှတ်ငွေလဲနှုန်းနဲ့ လဲလှယ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့် ဆန်တင်ပို့မှု ရပ်ဆိုင်းလုနီးဖြစ်နေတဲ့အတွက် ပို့ကုန်တင်ပို့နိုင်မှု လျော့နည်းခဲ့တာလည်းဖြစ်ပါတယ်။

အလားတူ ဘင်္ဂလားဒေ့ရှ်နဲ့ကုန်သွယ်မှုဟာလည်း ဘင်္ဂလားဒေ့ရှ်ဘဏ်တွေဘက်က ဒေါ်လာပြတ်လပ်မှုတွေကြောင့် မြန်မာ့ဘက်ကတင်ပို့တဲ့ ပို့ကုန်တွေကို ဝယ်ယူမှု ရပ်ဆိုင်းနေတာ တစ်လကျော်ကြာမြင့်နေပြီဖြစ်တဲ့အတွက် ပို့ကုန်တင်ပို့မှု လျော့ကျလျက်ရှိတယ်လို့ ပို့ကုန်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

Total Views ~ 526

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61517

© 2022 - 2026 News. All Rights Reserved.