Breaking

၂၀၂၅ အထွေထွေရွေးကောက်ပွဲတစ်ရပ်လုံး ဆန္ဒမဲလာရောက်ပေးမှု ၅၅ ရာခိုင်နှုန်းခန့် ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော

ရန်ကုန်၊ ဇန်နဝါရီ ၂၈
    အထွေထွေရွေးကောက်ပွဲ တစ်ရပ်လုံးတွင် မဲပေးပိုင်ခွင့်ရှိသူ ၂၄ ဒသမ ၂၂ သန်းကျော်အနက် မဲလာရောက်ပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိကာ မဲပေးသည့် ရာ ခိုင်နှုန်း ၅၅ ရာခိုင်နှုန်းခန့်ဖြစ်ကြောင်း သတင်းမီဒီယာများ၏ မေးမြန်းထားမှုအပေါ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြန်လည်ဖြေကြားချက်အရ သိရသည်။
    ဖြေကြားချက်အရ ရွေးကောက်ပွဲ  အပိုင်းသုံးပိုင်းလုံးတွင် စုစုပေါင်းဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင် ၂၄ ဒသမ ၂၂ သန်းကျော် ရှိကြောင်း၊ ရွေးကောက်ပွဲအပိုင်း(၁)တွင် ၁၁ ဒသမ ၆၉ သန်းကျော်ရှိပြီး လာရောက်ဆန္ဒ မဲပေးသူ ၆ ဒသမ ၀၉  သန်းကျော်ရှိကာ ၅၂ ဒသမ ၁၃ ရာခိုင်နှုန်း၊ အပိုင်း(၂)တွင် မဲပေးခွင့်ရှိသူ ၇ ဒသမ ၅၉ သန်းကျော်ရှိပြီး ၄ ဒသမ ၂၄ သန်းကျော် မဲလာပေးသဖြင့် မဲပေးသည့် ရာခိုင်နှုန်း ၅၅ ဒသမ ၉၅ ရာခိုင် နှုန်း၊ အပိုင်း(၃) တွင် မဲပေးခွင့်ရှိသူ ၄ ဒသမ ၉၄ သန်းကျော်ဖြစ်ပြီး ၂ ဒသမ ၇၉ သန်း ကျော် မဲပေးခဲ့ကာ မဲပေးသည့် ရာခိုင်နှုန်း ၅၆ ဒသမ ၄၈ ရာခိုင်နှုန်း ဖြစ်သည်။
    ထို့အပြင် ရွေးကောက်ပွဲအပိုင်း (၁) တွင် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအဖြစ် ရုရှား၊ ဘီလာရုစ်၊ တရုတ်၊ ကာဇက်စတန်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ ဗီယက်နမ်၊ နီကာရာဂွါနှင့် ဂျပန်-မြန်မာ အသင်းတို့က စုစုပေါင်း နိုင်ငံ ရှစ်နိုင်ငံ၊ အဖွဲ့အစည်းတစ်ခုတို့မှ ကိုယ်စားလှယ် ၃၂ ဦး လေ့လာခဲ့ပြီး အပိုင်း (၂) တွင် မြန်မာ နိုင်ငံအခြေစိုက် သံရုံးများမှ စောင့်ကြည့်လေ့လာရေးအဖွဲ့များ လေ့လာခဲ့ကြောင်း၊ အပိုင်း (၃) တွင် ဘီလာရုစ်၊ ကမ္ဘောဒီးယား၊ နီပေါ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ နီကာရာဂွါ၊ အိန္ဒိယနှင့် International Conference of Asian Political Parties (ICAPP) စသည့် နိုင်ငံခုနစ်နိုင်ငံနှင့် အဖွဲ့အစည်းတစ်ခုက စောင့်ကြည့်လေ့လာခဲ့ကြောင်း သိရသည်။
    ဆက်လက်၍ ရွေးကောက်ပွဲအပိုင်း(၁)တွင် နိုင်ငံတကာ သတင်းမီဒီယာအဖွဲ့အစည်း ၆၁ ခုက သတင်းထောက် ၂၁၅ ဦး၊ ရွေးကောက်ပွဲအပိုင်း(၂)တွင် နိုင်ငံတကာသတင်းမီဒီယာအဖွဲ့အစည်း ၃၅ ခုက သတင်းထောက် ၁၀၁ ဦး၊ အပိုင်း(၃)တွင် နိုင်ငံတကာသတင်းမီဒီယာ အဖွဲ့အစည်း ၄၁ ခုက သတင်း ထောက် ၁၃၅ ဦး လာရောက်သတင်းရယူခဲ့ပြီး ပြည်တွင်းသတင်း မီဒီယာ ၅၂ ဖွဲ့မှ သတင်းမီဒီယာသမား ၁၁၇၇ ဦးက ရွေးကောက်ပွဲတစ်ခုလုံးတွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို လေ့လာစောင့်ကြည့် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
    ရွေးကောက်ပွဲကာလအတွင်း ဒီမိုကရေစီမလိုလားသည့် အကြမ်းဖက်သောင်းကျန်းသူ အုပ်စုများက ရွေးကောက်ပွဲ အထမမြောက်စေရန်၊ မဲဆန္ဒရှင်များ မဲရုံသို့မသွားနိုင်ရန်၊ ဖွင့်လှစ်ထားသည့် မဲရုံများ ပျက်စီးဆုံးရှုံးစေရန်နှင့် မဲပေးသည့် မဲဆန္ဒရှင်များ ထိတ်လန့်တုန်လှုပ်စေရန် လက်လုပ်လက် နက်ကြီးများ၊ လက်နက်ငယ်များ၊ ရှော့ခ်တိုက်ဒုံးများ ပစ်ခတ်ခြင်း၊ အသံမိုင်းခွဲခြင်း၊ မဲရုံသို့လာသည့် ကြိုပို့ယာဉ်များကို တားဆီးခြင်း၊ ခြိမ်းခြောက်စာ ပေးပို့ပေးခြင်း၊ Drop ဗုံးချခြင်း၊ Fixed Wings  ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မဟုတ်မမှန် သတင်းများ ဖြန့်ေ၀ ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်း ဖြေကြားခဲ့သည်။ ထူးမြတ်

Total Views ~ 24

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61517

© 2022 - 2026 News. All Rights Reserved.