Breaking

၅၀၅ တွေ အမှန်မြင်နိုင်ကြပါစေ

၂၀၂၅ ၊ ဒီဇင်ဘာ ၄
    လွတ်ငြိမ်းချမ်းသာခွင့်ပေးတာဟာ ထောင်ထဲမှာနေရသူတွေ၊ ပြစ်ဒဏ်ခံရမှာ ကြောက်ပြီး ထွက်ပြေးနေရသူတွေ အတွက်ကတော့ ဝမ်းမြောက်စရာပါ။ သူတို့ အတွက်ရော နိုင်ငံတော်အတွက်ပါ တကယ်လည်းအကျိုး ရှိပါတယ်။ ထောင်ဆိုတာ မနေအပ်တဲ့အရပ်ပါ။ လူကောင်းတွေအတွက် ပြော တာပါ။ အခန့်မသင့်ရင် ဘ၀ပျက်သွားနိုင်သလို အသက်ပင် ဆုံးရှုံးရနိုင်ခြေရှိတဲ့ နေရာပါ။ လူသတ်၊ ခိုး၊ ဆိုး၊ နှိုက်သမားတွေ၊ မုဒိမ်းသမားတွေအတွက်ကိုတော့  လူ့ပတ်ဝန်းကျင်မှာ ဥပဒေနဲ့အညီ လိုက်လျောညီ ထွေမနေနိုင်သေးသမျှ၊ မပြင်နိုင်သေးသမျှကတော့ ထောင်ဆိုတာ ပြု ပြင်ပေးရာနေရာဌာန၊ လူ့ပတ်ဝန်းကျင်တည်ငြိမ်အေးချမ်းရေးနဲ့ အေးချမ်းစွာနေလိုတဲ့ ပြည်သူတွေအတွက် အေးချမ်းစွာ နေထိုင်နိုင်အောင်  သွယ်ဝိုက်စောင့်ရှောက်ပေးရာဌာနလို့လည်း ဆိုနိုင်ပါလိမ့်မယ်။ 
    ထောင်ဆိုတာ လူကောင်းလူဆိုး ရောနေတဲ့နေရာတစ်ခုပါ။ ဘယ်လိုပဲဆိုဆို၊ ပြစ်မှုတစ်ခုခု ကျူးလွန်မိလို့ တရားသူကြီးက ပြစ်မှုကျူးလွန်တယ်လို့ ဆုံးဖြတ်ပြီး  ပြစ်ဒဏ်ချမှသာ ထောင်မှာ ထားရပါတယ်။ ထောင်လုပ် ထုံးလုပ်နည်းက တိကျပါတယ်။ ဘယ်လောက်ပဲ  အေးအေးချမ်းချမ်း ထားတယ်ပဲ ပြောပြော၊ ဘယ်လောက်ပဲ အစားအသောက် ကောင်းကောင်း ဂရုစိုက်ပေးတယ် ဆိုဆို လေးဖက်လေးတန် ထောင်နံရံကြီးကို နေ့ရောညပါ မြင်နေရတာနဲ့တင် လူ့စိတ်ဓာတ်ကို ထိခိုက်စေပါတယ်။ အဲ့ဒီကတစ်ဆင့် ကျန်းမာရေးပါ ချို့ယွင်းလာတာ ပဲဖြစ်ပါတယ်။ အထူး သဖြင့် ပင်ကိုရောဂါအခံရှိသူတွေ၊ အသက်အရွယ်ရလာသူတွေဆိုရင် ပိုအဖြစ်များပါတယ်။ ထောင်ကတော့ နိုင်ငံရေးသမားမို့လို့ ဘာဖြစ်လို့၊ ညာ ဖြစ်လို့ဆိုပြီး အသားလွတ် နှိပ်စက်မနေပါဘူး။ တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်တာနဲ့ လုပ်ထုံးနဲ့အညီ တစ်ခါတည်း စာရင်းသွင်းလိုက်သလို လွှတ်ပါဆိုတဲ့ အမိန့်ရလို့ ရှိရင်လည်း "ကျွန်တော်ညနေမှ ပြန်ပါရစေ၊ ဒီမှာ တစ်ညလောက်အိပ်ပြီး မနက်မှသွားပါရစေ"လို့လည်း မရပါဘူး။ 
    အခုပြန်လွှတ်ပေးလိုက်တဲ့ ရာဇသတ်ကြီး ပုဒ်မ  ၅၀၅-က အမှုတွေဟာ သာမန်အားဖြင့်ကြည့်ရင် အမှုကြီးကြီးမားမား မဟုတ်ဘူးလို့ဆိုနိုင်ပေမယ့် တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေအတွက်တော့ များစွာ တန်ဖိုးရှိပါတယ်။ ဥပဒေပါအကြောင်းအချက်တွေကို ကြည့်ရင် ကျူးလွန်သူရဲ့ ဆောင် ရွက်ချက်ဟာ နိုင်ငံတည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်ကို အနှောင့်အယှက်ဖြစ်စေတာ  အမှန်ဖြစ်တဲ့အတွက် ဒီဥပဒေ ပေါ်ပေါက်လာရတာဖြစ်တယ်လို့ ဆိုချင်ပါတယ်။ Freelance ဂျာနယ်လစ် သက်ထွေးနိုင်ရဲ့ အမြဲတမ်းဖောက်သည်၊ ဘာဖြစ်ဖြစ် တပ်မ တော်နဲ့ပတ်သက်ရင် မကောင်းပြောဝေဖန်တတ်တဲ့ ရှေ့နေဦးကြီးမြင့်ကတော့ ၅၀၅-က ကို 'သောက်မြင်ကပ်အမှု၊ သောက်မြင်ကပ်ရင် ဆွဲထည့်တာပဲ'လို့ဆိုပါ တယ်။ သူလည်း အဲဒီပုဒ်မနဲ့အမှု ဖွင့်ခံထားရလို့ ဖြစ်မယ်ထင်တယ်။ အခုတော့ လွတ်ငြိမ်းထဲမှာ သူလည်း ပါသွားပါပြီ။ 
    လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပတ်သက်ပြီး အစိုးရပိုင်းအနေနဲ့ဆောင်ရွက်တာဟာ အခုမှမဟုတ်ပါဘူး။ ခေတ်အဆက်ဆက်မှာပဲ ဖြစ်ပါတယ်။ ခေတ်စနစ်ပြောင်းလဲရေးမှာ အများပါဝင်နိုင်ဖို့ အစိုးရတိုင်းလိုလို ဂရုစိုက် ကြပါတယ်။ စနစ်ပြောင်းသွားပြီ၊ ထိုက်သင့်တဲ့ တည်ငြိမ်မှုရရင် နိုင်ငံသားအားလုံး သက်သာစေဖို့ ဂရုတစိုက်ဆောင်ရွက်ပေးကြပါတယ်။ ၁၉၈၈ ခုနှစ် အရေးအခင်းအပြီး စစ်အစိုးရလက်ထက် ၁၉၉၀ ပြည့်နှစ် ရွေး ကောက်ပွဲအတွက် ၁၉၈၈ ခုနှစ်အရေးအခင်းမှာ ပြစ်ဒဏ်ကျခံနေရသူတွေ၊ ပြည်ပရောက်နေ သူတွေပြန်လာဖို့ဖြေလျှော့ပေးခဲ့တာ တွေ့ရပါတယ်။ ထို့အတူ ဖွဲ့စည်းပုံအခြေခဲဥပဒေရေးဆွဲနိုင်ရေး အမျိုးသားညီလာခံ ကျင်းပတော့မှာဖြစ်တဲ့အတွက် ၁၁/၉၂ ကြေညာချက်ထုတ်ပြန်ပြီး နိုင်ငံရေးနဲ့ဆက်နွှယ်နေတဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တာလည်း တွေ့ရမှာဖြစ်ပါတယ်။ သို့သော် သူချမှတ်မျှော်မှန်း ထားတဲ့ လမ်းကြောင်း သွေဖည်သွား နိုင်မယ့်သူမျိုးဆိုရင်တော့ မတိုင်ခင်မှာ ချန်ထားပြီး သူမျှော်မှန်းထားတဲ့ လမ်းကိုရောက်မှ ပြန်လွှတ်တာမျိုးကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ အဓိကအရေးကြီးတာက တည်ငြိမ်အေးချမ်းစွာ ပြောင်းလဲရေးပဲဖြစ်ပါတယ်။ ဒါမှသာ ပြည်သူ့ဘဝအထိခိုက် အဆုံးရှုံးနည်းမှာ ဖြစ်ပါတယ်။ 
    ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲကာလဟာ အရေးပေါ်ကာလပဲ ဖြစ်ပါတယ်။ တည်ငြိမ်အေး ချမ်းရေးနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပ ဒေအတိုင်း ဆက်လက် ကျင့်သုံးနိုင်စေဖို့ မူလအခြေအနေကို ပြန်ရောက်ဖို့လိုပါတယ်။ မြို့တိုင်းလိုလိုမှာ ဆူပူမှုတွေ ဖန်တီးခဲ့ကြပြီး မြို့ပေါ်မှာပင် ဆူပူဆန္ဒပြသူတွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အကြမ်းဖက်ခဲ့ကြတာ၊ အပြစ်မဲ့ဝန်ထမ်းနဲ့ ပြည်သူတချို့ကို ကားတာယာကွင်း စွပ်ပြီး မီးရှို့သတ်ဖြတ်ခဲ့ကြတာ၊ ဝန်ထမ်းတွေကို CDM လုပ်ဖို့ ဖိအားပေးခဲ့ကြတာတွေကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီကမှတစ်ဆင့် လက်နက်ကိုင်တော် လှန်ရေးလုပ်ခဲ့ကြတာကို မူလအခြေအနေပြန်ရောက်ဖို့ ဘယ်လိုလုပ်မလဲ။ တစ်ဖက်က လုံခြုံရေး၊ စစ်ရေး၊ အကြမ်းဖက်နှိမ်နင်းရေးတွေ လုပ်ရသလို၊ တစ်ဖက်ကလည်း သူ့အဆင်နဲ့သူ ဥပဒေကြောင်းအရ အရေးယူထိန်းသိမ်းမှုတွေ လုပ်ရတာ ပဲဖြစ်ပါတယ်။ ဒီလို ဥပဒေအရ ထိန်းသိမ်းထားတာဟာ ပြဿနာတွေရှုပ်ထွေးနေချိန်မှာ နိုင်ငံတော်အတွက် လည်းကောင်း သလို ကာယကံရှင်အတွက်လည်း ကြီးမားတဲ့အန္တရာယ် မကျရောက်စေမှာဘဲ ဖြစ်ပါတယ်။ 
    အခုချိန်ခါဟာ ရွေးကောက်ပွဲကတစ်ဆင့်စနစ်ကို ပြန်လည်အသက်သွင်းတော့မှာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲအောင်မြင်ဖို့က အရေးကြီးပါတယ်။ ဥပဒေအရ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ကိုယ်စားလှယ် လောင်းလိုသလို ထိုကိုယ်စားလှယ်လောင်းကို ကိုယ်စားလှယ် အဖြစ်ရွေးချယ်ပေးမယ့် မဲဆန္ဒရှင်တွေ လည်းလိုပါတယ်။ ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်တာ၊ မပြိုင်တာက သူ့ကိစ္စ။ ဥပဒေနဲ့အညီ ဝင်ပြိုင်ဖို့ လမ်းဖွင့်ပေးရမှာက သက် ဆိုင်ရာ အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်။ ထို့အတူ လုံခြုံလွတ်လပ်စွာမဲပေး နိုင်ရေးနဲ့ ပြည်သူ့အခွင့်အရေးအရ ပေးလို့ရနိုင်သလောက် မဲပေးနိုင်စေဖို့ အခွင့်အရေး စီစဉ်ဖန်တီးပေးရမှာက အစိုးရနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ။ မဲလာပေးခြင်း၊ မပေးခြင်းက မဲဆန္ဒရှင်ရဲ့သဘောထား။ လက်ရှိကာလကိုကြည့်ရင် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေလည်း ပေါ်ထွက်လာပြီဖြစ်သလို လာရောက်မဲပေးနိုင်တဲ့ မဲစာရင်းတွေလည်း ဒုတိယအကြိမ် ကြေညာနေပြီ ဖြစ်ပါတယ်။ မဲစာရင်းမှာ မပါရင်လည်း ကုစားရမယ့်နည်းလမ်းတွေကို ချပြဆောင် ရွက်ပေးပြီးလည်း ဖြစ်ပါတယ်။ ထောင်ဒဏ်ကျခံနေရသူတွေဟာ မဲပေးလို့ မရတဲ့အတွက် လုံခြုံရေး၊ အခြေခံအခွင့်အရေးတွေကိုချိန်ဆပြီး ၅၀၅-ကအရ ထောင်ဒဏ်ကျ ခံနေရသူတွေကို မဲပေးနိုင်အောင် ဖြေလျှော့ပေးတာ မှန်ကန်တဲ့လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ထို့အတူ အမှုဖွင့်ထားတဲ့အတွက် မဲပေးချင်သော်လည်း မဲလာပေးရမှာ စိုးရိမ်နေ သူတွေကိုပါ ဖြေလျှော့ပေးတာဟာ ကောင်းတဲ့ကိစ္စလို့ပဲ ဆိုချင်ပါတယ်။ 
    ဒါ့အပြင် ဘီလာရုစ်သမ္မတနဲ့အတူလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က "အမေရိကန်နိုင်ငံ အမိမြေ လုံခြုံ ရေးဝန်ကြီး ဌာနက ထုတ်ပြန်ကြေညာခဲ့တဲ့ ယာယီခိုလှုံခွင့် (Tem-porary Protected Status- TPS) ရုပ်သိမ်းတဲ့ မြန်မာနိုင်ငံသား ၄၀၀၀ ခန့်ကိုလည်း လက်ခံဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ သူတို့မဲစာရင်းမှာ ပါလို့ရှိရင်လည်း မဲပေးခွင့်ရှိအောင် ဆောင်ရွက် ပေးပါမယ်။ အလားတူစွာပဲ နိုင်ငံရေး သဘောထားကွဲလွဲမှုအပြင် အခြားအကြောင်းအမျိုးမျိုးနဲ့ ပြည်ပကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားများကိုလည်း ဒီမိုကရေစီရေးမှာ ငြိမ်းချမ်းစွာ လက်တွဲဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံကို ပြန်လာဖို့ ကြိုဆိုကြောင်းလည်း ပြောလိုပါတယ်"လို့ပြော သွားတာတွေ့ရပါတယ်။ ဒါဟာ လက်ရှိ တိုင်းပြည်ကို တာဝန်ယူထားတဲ့ အကြီးအကဲတစ်ဦးရဲ့ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲအပေါ်ထားတဲ့ သဘော ထားနဲ့ ကိုယ့်ပြည်သူတွေအပေါ် ထားတဲ့စေတနာပဲ ဖြစ်ပါတယ်။ 
    ရွေးကောက်ပွဲအတွက် ရည်ရွယ်ပြီး ပြန်လွှတ်ပေးခဲ့တဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ကိစ္စနှင့်ပတ် သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် အပြစ်ဆိုတဲ့ ဝေဖန်မှုမျိုး မတွေ့ရပါဘူး။ ထုံးစံအတိုင်း ဧရာဝတီ၊ ခေတ်သစ်တို့ကတော့ မကောင်းမြင်ဝါဒနဲ့သာ သတင်းထုတ်ပါတယ်။ ခေတ်သစ်က '၅၀၅-ကနဲ့ လွတ်ငြိမ်း ချမ်းသာပေးခြင်းဟာ အမေရိကန်က ကြေညာတဲ့ TPS ရုပ်သိမ်းမှုအပေါ် အမေရိကန်အကြိုက် လိုက်လုပ်ခြင်းသာ ဖြစ်တယ်'လို့ ဆိုပါတယ်။ ဦးကြီးမြင့်ကတော့ "ပြည်တွင်းပြည်ပ နှစ်ခုလုံးကို ဦးတည်တာဖြစ်ကြောင်း၊ ပြည်တွင်းရေးနဲ့ပတ်သက်ပြီး ငါတို့ကတော့ နိုင်ငံရေးအတွက် Open လုပ်လိုက်ပြီ မင်းတို့ ဘာလုပ်ကြမလဲဆိုတာနဲ့ နိုင်ငံတကာအတွက်လည်း ၎င်းတို့ ပြောပြောနေတဲ့ All Inclusive ဖြစ်ဖို့ ဖြေလျှော့ ပေးနေတာ ဖြစ်တယ်ဆိုတာကို ပြသခြင်းဖြစ်ကြောင်း၊ ထပ်မံဖြေလျှော့မှုတွေ လာနိုင်သေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို ရွေးကောက်ပွဲမတိုင်မီ ပြန်လွှတ်ပေးမှာ မဟုတ်ကြောင်း "ပြောကြားခဲ့ တာတွေ့ရပါတယ်။ ပြည်သူ့ပါတီက ဦးကိုကိုကြီးကတော့ "၅၀၅(က) ပြန်လွှတ်ပေးခြင်းနှင့် ပတ်သက်ပြီး အကောင်းဘက်က ရှုမြင်တာ၊ ပြန်လွတ်လာသူတွေ မဲပေးခွင့်ရပြီး မဲလာပေးမှာကို ကြိုဆို တဲ့သဘောနဲ့ ပြန် လာသူတွေ လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ဖို့ စီမံထားသင့်ကြောင်း" ပြောသွားတာ တွေ့ရပါတယ်။ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမယ့် နိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး ဦးသိန်းစိန် ခေတ်ကလို ဖြေလျှော့မှုထက် လုံခြုံရေးအပိုင်းကို ပိုဂရုစိုက်ဖို့ လိုလိမ့်မယ်ထင်ကြောင်းလည်း သုံးသပ် သွားတာ တွေ့ရပါတယ်။ 
    လာမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး NUG က ပြည်ပနိုင်ငံတွေကို ထောက်ခံမှု မပြုအောင် နည်းမျိုးစုံသုံးအပုပ်ချနေတာ တွေ့ရပါတယ်။ သူတို့ရဲ့ဆောင်ရွက်ချက်တွေကို ကြည့်ရင်လည်း တိုင်းပြည်အတွက်၊ ဖက်ဒရယ်အတွက် လောက်လောက်လားလား အကျိုးရှိနိုင်တာ ဘာမှမတွေ့ရပါဘူး။ သူတို့ရဲ့လေ သံကိုလိုက်ပြီး အာဆီယံတချို့နိုင်ငံတွေနဲ့ ဥရောပသမဂ္ဂရဲ့ အပြောတွေကိုကြည့်ရင် တိုင်းပြည်အတွက် ပိုဆိုးသွားနိုင်မှာကို သတိပြုဖို့လိုပါတယ်။ သူ့နိုင်ငံမဟုတ်လို့သာ လေပွားနေကြတာပါ။ သူ့နိုင်ငံ သူဆောင်ရွက်ရတော့မယ်ဆိုရင် ဒီလိုပြောနိုင်ပါ့မလား။ အားလုံးပါဝင် ဆွေးနွေးညှိနှိုင်း အဖြေရှာပြီးမှ ရွေးကောက်ပွဲလုပ်ပါဆိုတာအပြောက တော့လွယ်ပါတယ်၊ နားထောင်လို့လည်း ကောင်းပါ တယ်။ တကယ့်လက်တွေ့ မှာ ဖြစ်နိုင်ခြေဘယ်လောက်ရှိ မယ်ထင်လဲ။ အတော်မလွယ်တဲ့ကိစ္စပါ။ အချိန်အကြာ ကြီးပေးရမှာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ ပြဿနာပိုပိုကြီးလာမှာကို မတွက်ထားလို့မရပါဘူး။ 
    ကိုယ့်နိုင်ငံ ကိုယ့်အခြေအနေကို ကိုယ်သာအသိဆုံးပါ။ လုပ်သင့်လုပ်ထိုက်တာ ဆက်လုပ်ရမှာပဲ ဖြစ်ပါတယ်။ အပြောင်းအလဲကိုလိုချင်ရင် ပြည်သူတွေ များများပါဖို့ လိုပါမယ်။ အခုပြန်လွှတ်ပေးလိုက်တဲ့ သူတွေအနေနဲ့လည်း မှန်ကန်စွာရှုမြင်ပြီး ရွေးကောက်ပွဲမှာ ပါဝင်ကြပါလို့ တိုက် တွန်းပါရစေ။ 
(ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၄၆ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 8

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58567

© 2022 - 2025 News. All Rights Reserved.