Breaking

KNU မှလွဲ၍ ကရင်လက်နက်ကိုင်များ NSPNC နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆွေးနွေးသွားရန် အစီအစဉ်ရှိ

နေပြည်တော်၊ ဇူလိုင် ၂၃
    KNU မှလွဲ၍ ကရင်လက်နက်ကိုင်များ NSPNC နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆွေးနွေးရန် အစီအစဉ်ရှိထားပြီးဖြစ်ကြောင်း ကရင်အမျိုးသားငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ၏ နာယကဖြစ်သူ မန်းအောင်ပြည်စိုးက ပြောသည်။ 
    "ကျွန်တော်တို့ ဖွဲ့ထားတဲ့ကော်မတီအနေနဲ့ အစိုးရရဲ့ NSPNC နဲ့ တွေ့ဖို့ ရည်မှန်းထားတာ ရှိပါတယ်။ ဆုံးဖြတ်ချက်ချပြီးမှ ရှိလာမယ်။ ကျွန်တော်တို့က တစ်စုတစ်ဖွဲ့တည်း မသွားဘူး။ သွားပြီးတွေ့မယ် ဆိုရင် ကော်မတီအနေနဲ့သွားမယ်။ အဲဒီလို သဘောထားလေးတော့ ညှိနှိုင်းထားကြတာ ရှိတယ်။ အဲဒီဟာကို အသေးစိတ် ဘယ်သူတွေသွားမယ်။ ဘာတွေပြောမယ်ဆိုတာကတော့ ကျွန်တော်တို့ကော်မတီ သုံးကြိမ် မြောက်တွေ့မယ့် အစီအစဉ်မှာတော့ သိရမယ်။ တာဝန်ရှိသူတွေက မအားလပ်ကြဘူး ဖြစ်နေတယ်။ အစိုးရနဲ့တွေ့မယ်ဆိုရင် KNU ကလွဲပြီးတော့ ကျန်တဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်း BGF အပါအဝင် ပါတီတွေ၊ ဘာသာရေးအဖွဲ့တွေ ပါမယ်။ KNU က အနားယူလိုက်တဲ့ ပဒိုစောရွှေမောင်းတို့၊ အဘိုး မူတူးတို့လည်း ပါတယ်။ အဲဒီပုဂ္ဂိုလ်တွေပါတဲ့အဖွဲ့နဲ့ သွားမှာပေါ့။ နောက်တစ်ခု အလုပ်မှုဆောင် ကော်မတီအပြင်ကို ညှိနှိုင်းရေးကော်မတီဆိုတာ ရှိသေးတယ်။ အလုပ်မှုဆောင် ကော်မတီနဲ့ ညှိနှိုင်းရေးနဲ့ သဘာပတိ၊ နာယက၊ အဖွဲ့နဲ့ တိုင်ပင်ပြီး ဘယ်တော့သွားမလဲ၊ ဘာတွေဆွေးနွေးမလဲဆိုတာ ဆုံးဖြတ်မယ်။ အဲဒီလိုလုပ်ဖို့ တတိယအကြိမ် မတွေ့နိုင်သေးဘူး။ ကော်မတီအနေနဲ့ အဓိကတော့ ငြိမ်းချမ်းရေးပေါ့။ တိုက်ပွဲရှောင်ကိစ္စ၊ တိုက်ပွဲတွေ လျှော့ချဖို့ကိစ္စ အဲဒါတွေလည်းပါမယ်။ တိုက်ပွဲရှောင်တွေကို ကူညီရေးကိစ္စ၊ လမ်းပန်းဆက်သွယ်ရေး ကိစ္စတွေလည်း ပါမယ်။ အဲဒီအထဲမှာ PC က လူတွေလည်းပါတယ်"ဟု ၎င်းကပြောသည်။ 
    ကရင်အမျိုးသားငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီတွင် ကရင်ပြည်နယ် အတွင်းရှိ EAOs များ၊ နိုင်ငံရေးပါတီများနှင့် ဘာသာရေးခေါင်းဆောင်များလည်း ပါဝင်ပြီး ဒေသတွင်းအချင်းချင်း တွေ့ဆုံဆွေးနွေးကြသည်မှာ နှစ်ကြိမ် ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ 
    ကနဦးလျာထားချက်အရ ကရင်အမျိုးသားငြိမ်းချမ်းရေး ဖော်ဆောင်မှုကော် မတီအနေဖြင့် အမျိုး သားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် တွေ့ဆုံဆွေးနွေးသည့် အခါတွင် ငြိမ်းချမ်းရေး၊ တိုက်ပွဲရှောင်များကို ကူညီရေး၊ လမ်းပန်းဆက်သွယ်ရေး ကိစ္စရပ်များ ထည့်သွင်းဆွေးနွေးသွားရန် လျာထားကြောင်း သိရသည်။ 
    ပြီးခဲ့သည့် ဇူလိုင် ၆ရက်က KNU/KNLA-PC နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး၊ ဒေသတွင်း တိုက်ပွဲများ မဖြစ်ပွားအောင် ကြိုးပမ်းဆောင်ရွက်ရေး ကိစ္စရပ်များ ပါဝင်ကြောင်း သိရသည်။ ကွန်းဈာန်

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63859

© 2022 - 2026 News. All Rights Reserved.