Breaking

USDP ပါတီကအများစု အနိုင်ရထားခြင်းကြောင့် အတိုက်အခံကောင်းလုပ်နိုင်မည့် ပါတီကို မဲပေးရန်လိုအပ်ကြောင်း ပြည်သူ့ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ပြော

နေပြည်တော်၊ ဇန်နဝါရီ ၇
    ရွေးကောက်ပွဲ ပထမပိုင်းတွင် USDP ပါတီမှ အများစု အနိုင်ရထားသည့်အတွက် ဒုတိယပိုင်းနှင့် တတိယပိုင်းတွင် အတိုက်အခံလုပ်နိုင်မည့် ပါတီကို မဲပေးသင့်ကြောင်း ပြည်သူ့ပါတီ ပြည်ကြီးတံခွန်မြို့ နယ်မဲဆန္ဒနယ် FPTP တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းသန်းထိုက်က ပြောသည်။
    "အခုက အဖြေမထွက်ခင်ကတည်းက အဖြေပေါ်သလောက် ဖြစ်နေပြီ။ ပထမအသုတ်မှာကတည်းက ကြံ့ခိုင်ရေးက သောင်ပြိုကမ်းပြို နိုင်သွားတာပေါ့။ တို့မျှော်လင့်ရမှာက လွှတ်တော်ထဲမှာ အတိုက်အခံတွေ အားကောင်းစွာ ရောက်ရှိသွားဖို့ပဲ။ အတိုက်အခံတွေများများ ရောက်ဖို့ဆိုရင် ပါတီကို မကြည့်ဘဲနဲ့ လူကိုကြည့်ပြီးတော့ ရွေးရတော့မယ်လေ။ နောက်ပြီး ပါတီကိုလည်းကြည့်၊ လူကိုလည်း ကြည့်ပေါ့။ ဘယ်လိုလဲ ဆိုတော့ မပြောနိုင်၊ မဆိုနိုင်တဲ့လူတွေ လွှတ်တော်ထဲ ရောက်သွားလည်း အလကားပဲ။ အခု ကြံ့ခိုင်ရေးနိုင်သွားပြီးတော့ သူတို့နဲ့ မိတ်ဖက်ပါတီတွေပဲ လွှတ်တော်ထဲ ရောက်သွားမယ် ဆိုရင်လည်း မထူးဘူးလေ။ ဒီမိုကရက်တွေကို အားစိုက်ပြီး မဲပေးရလိမ့်မယ်လို့ တော့မြင်တယ်။ ဒီမိုက ရက်ကို လက်ခံကျင့်သုံးတာလည်း ဘယ်နှပါတီရှိတယ်ဆိုတာ လူတွေက သိနေတာပဲလေ။ တစ်သီးပုဂ္ဂလဆို လုံး၀အားမကောင်းဘူး။ ကျွန်တော် တို့ပါတီ၊ တစည၊ PPP၊ တောင်သူလယ်သမားပါတီ မဲတွေပြန့်သွားတယ်။ အတိုက်အခံတွေ အားကောင်းဖို့ဆိုရင်တော့ မဲတွေ တစုတစည်းတည်း ဖြစ်ဖို့လိုတယ်။ ဘယ် ပါတီကို မဲပေးပေးပါ။ ပေးချင်တဲ့ပါတီကိုပေး။ ထိထိရောက်ရောက် အတိုက်အခံလုပ်နိုင်တဲ့ပါတီကို ပေး မယ်ဆိုရင်တော့ ပိုကောင်းမှာပါ။ တစ်ပါတီ စနစ်ဖြစ်သွားရင်တော့ Chack and Balance ပေါ့။ ပြန်ပြီး ထိန်းကျောင်းဖို့ အတိုက်အခံမရှိရင် ဒုံရင်းပဲပေါ့။ သိပ်မထူးဘူးလေ။ ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုရင် အပြန်အလှန် ထိန်းကျောင်းနိုင်မှ။ လွှတ်တော်ကလည်း အုပ်ချုပ်ရေးကို ထိန်းကျောင်းမယ်။ ဥပဒေပြုရေး၊ တရားစီရင်ရေး သူ့အပိုင်းနဲ့သူ တာဝန်ယူမယ်ဆိုရင်တော့ ပိုပြီးပွင့်လင်းမြင်သာမှုရှိမယ်။ ဒီမိုကရေစီ ခိုင်မာ အားကောင်းမယ်။ တစ်ပါတီတည်းဆိုရင်တော့ အဆိုပြုမယ်၊ ဆုံးဖြတ်မယ်၊ အတည်ပြုမယ်။ ကျန်တဲ့သူတွေက ပြောရေးဆိုခွင့်မရှိတော့ဘူး။ အဲဒီလိုတော့ ဖြစ်သွားနိုင်တယ်"ဟု ၎င်းကပြောသည်။
    ယခုရွေးကောက်ပွဲက PR စနစ် ပါရှိခြင်းကြောင့် ဆန္ဒမဲပေးခြင်းဖြင့် မိမိနှစ်သက်သည့် ပါတီများအထိုက်အလျောက် လွှတ်တော်အတွင်း ရောက်ရှိသွားနိုင်ကြောင်း ဦးစိုင်းသန်းထိုက်က ပြောသည်။
    "ဒုတိယအသုတ်မှာလည်း ပထမအသုတ်ထက်မနည်း မဲလာပေးကြပါ။ ကိုယ့်ရဲ့ မဲတစ်ပြားက ကိုယ်တင်မြှောက်မယ့် အစိုးရအပေါ် အများကြီး သက်ရောက်မှုရှိမှာပဲ။ ကိုယ်မဲမပေးခြင်းက ကိုယ်မကြိုက်တဲ့ သူတွေကိုယ့်ကိုလာပြီး အုပ်ချုပ်မှာကို ခံရမှာပဲ။ ကိုယ်မဲပေးလိုက်တဲ့အတွက် PR စနစ် ရှိတာ ကြောင့် အထိုက်အလျောက်တော့ ကိုယ်နှစ်သက်တဲ့ပါတီတွေက လွှတ်တော်ထဲ ရောက်သွားမှာပဲ။ အဲဒီလို ဆိုရင်တော့ ဒီမိုက ရေစီက ပိုပြီးတော့ ခိုင်မာအားကောင်းမှာပေါ့။ ဒုတိယပိုင်း၊ တတိယပိုင်းတွေမှာ အင်တိုက်အားတိုက် မဲလာပေးကြပါလို့ ပြောချင်ပါတယ်။ ရွေးကောက်ပွဲ ပထမပိုင်းကတော့ ကျွန်တော်တို့ ရှုံးပါတယ်။ နံပါတ်သုံး နေရာ မှာပေါ့။ နံပါတ်တစ်ကတော့ ကြံ့ခိုင်ရေးပေါ့။ ပြည်သူ့ လွှတ်တော်တွေရော၊ အမျိုးသားလွှတ် တော်တွေရော၊ တိုင်းဒေသကြီးရော။ ဒုတိယကတော့ တစည။ ကျွန်တော်တို့ ပါတီက တတိယ။ ကျွန်တော်က ရွေးကောက်ပွဲ ဒုတိယပိုင်းမှာ ပါမယ်။ ဒုတိယပိုင်းမှာ နည်း နည်းတော့ ပိုကောင်း လာမယ်လို့ မျှော်လင့်တယ်။ ပထမပိုင်းမှာ မဲမပေးတဲ့လူတွေက ဒုတိယပိုင်းမှာ ပိုပြီးတော့ တက်တက် ကြွကြွ မဲပေးမယ်လို့ မျှော်လင့်တယ်။ မြေပြင်မှာ ကွင်းဆင်းပြီး စည်းရုံးရေးတွေ လုပ်နေပါတယ်။ အလား အလာကောင်းတွေရမယ်လို့ မျှော်လင့်တယ်။ ရွေးကောက်ပွဲ ပထမပိုင်းမှာ တော်တော်များများ မဲပေးကြ တယ်။ လူတွေ က ဘယ်လိုဖြစ်လဲဆိုတော့ ဒီအခြေအနေကို ငြီးငွေ့နေကြတာ။ ရွေးကောက်ပွဲ ပြီးရင်တော့ ထွက်ပေါက်တစ်ခု ရလာမလား။ အပြောင်း အလဲတစ်ခု ရလာမလား။ လူတွေက မျှော်လင့်လို့ မဲပေးကြတာပေါ့။ နိုင်ငံရေး၊ စစ်ရေးကလည်း အီလည်လည်ကြီး ဖြစ်နေတာကြာပြီလေ။ အဲဒီတော့ ဒီအခြေအနေကို ပြည်သူတွေက လွန်မြောက်ချင်တာပေါ့။ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင်စား သောက်ချင်လို့ မဲပေးကြတယ်။ ရွေးကောက်ပွဲပြီးရင် ဘယ်ပါတီပဲနိုင်နိုင် အရပ်သားအစိုးရ ဖြစ်လာမယ်။ လွှတ်တော်တွေ ပေါ်လာမယ်။ အထိုက်အလျောက်တော့ နိုင်ငံရေးက ပိုပြီးတော့ ပွင့်လင်းမြင်သာမှု ရှိ လာမှာပေါ့။ ဒုတိယပိုင်းမှာလည်း ပထမပိုင်းထက် ပိုပြီးတော့ ပေးကြလိမ့်မယ်လို့ မျှော်လင့်တယ်"ဟု ၎င်းက ပြောသည်။
    ၂၀၂၅ ရွေးကောက်ပွဲ အပိုင်း(၁) အဖြစ် ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့ပြီး USDP ပါတီက အများစု အနိုင်ရထားသည်။ ရွေးကောက်ပွဲ ဒုတိယပိုင်းကို ဇန်နဝါရီ ၁၁ ရက် နှင့် တတိယအကြိမ်ကို ဇန်နဝါရီ ၂၅ ရက်တွင် ပြုလုပ်သွားမည် ဖြစ်သည်။
ကွန်းဈာန်

Total Views ~ 5

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.