နေပြည်တော်ဘိုးဘိုးကြီး

သတင်းအချက်အလက်များကြားက အမှန်တရားနှင့် မီဒီယာအသိပညာ
    ယနေ့ခေတ်သည် ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများကို လက်ကိုင်ဖုန်းတစ်လုံးဖြင့် အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်သည့်အပြင် မိမိသိရှိထားသည့် အကြောင်းအရာများကိုလည်း လူအများထံ အလွယ်တကူ ပြန်လည်မျှဝေနိုင်ပြီ ဖြစ်သည်။ သို့သော်သတင်းအချက် အလက်များ အလွယ်တကူ ရရှိလာခြင်းသည် ကောင်းကျိုးများသာမက ဆိုးကျိုးများကိုပါ တစ်ပါတည်း သယ်ဆောင်လာသည်။
    အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် သတင်းအချက်အလက်များကို လေ့လာကြည့်လျှင် အမှန်တကယ် ဖြစ်ပျက်ခဲ့သည့် သတင်းများရှိသကဲ့သို့ လုပ်ကြံဖန်တီးထားသည့် သတင်းများလည်း ရှိနေသည်။ ထို့ကြောင့် သတင်းအချက်အလက်များကို ရရှိရုံမျှဖြင့် မလုံလောက်တော့ဘဲ မှန်ကန်မှု ရှိ၊ မရှိ ကိုယ်တိုင် ဝေဖန်ပိုင်းခြားနိုင်သည့် အသိပညာသည် လူတိုင်းအတွက် မရှိမဖြစ် လိုအပ်လာပြီ ဖြစ်သည်။
    မျက်မှောက်ခေတ်တွင် သတင်းအချက်အလက် သိနားလည်မှု (Information Literacy) သည် ပညာရှင်များ၊ သတင်းသမားများနှင့် သုတေသီများအတွက်သာ သက်ဆိုင်သည့် အကြောင်းအရာ မဟုတ်တော့ဘဲ လူတိုင်းနှင့် သက်ဆိုင်လာပြီ ဖြစ်သည်။ သတင်းအချက်အလက် သိနားလည်မှုဆိုသည်မှာ မိမိအတွက် မည်သည့်သတင်းအချက်အလက် လိုအပ်သည်ကို သိရှိခြင်း၊ လိုအပ်သည့် အချက်အလက်များကို ထိရောက်စွာ ရှာဖွေစုဆောင်းခြင်း၊ ရရှိလာသည့် အချက်အလက်များ၏ မှန်ကန်မှုနှင့် ယုံကြည်စိတ်ချရမှုကို ဝေဖန်ဆန်းစစ်ခြင်း၊ ထို့နောက် သင့်လျော်မှန်ကန်စွာ ပြန်လည်အသုံးပြုနိုင်ခြင်းတို့ ပါဝင်သည့် စွမ်းရည်တစ်ရပ်ဖြစ်သည်။
    သတင်းတစ်ပုဒ်ကို မြင်တွေ့ရုံဖြင့် ချက်ချင်းယုံကြည်ခြင်း၊ မစဉ်းစားမဆင်ခြင်ဘဲ အခြားသူများထံ ပြန်လည်မျှဝေခြင်းတို့ကို ရှောင်ကြဉ်သင့်သည်။ 
    သတင်းအချက်အလက်ကို မှန်ကန်စွာ သိနားလည်နိုင်သူသည် အွန်လိုင်းပေါ်ရှိ သတင်းမှား၊ သတင်းတုနှင့် လုပ်ကြံသတင်းများ၏ လှည့်စားမှုကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်သည်။ ထို့ပြင် မိမိ၏ ကိုယ်ရေးကိုယ်တာ၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များကိုလည်း မှန်ကန်ခိုင်လုံသည့် အချက်အလက်များအပေါ် အခြေခံ၍ ချမှတ်နိုင်မည် ဖြစ်သည်။ ယင်းစွမ်းရည်သည် ကိုယ်ပိုင်တွေးခေါ် မြော်မြင်မှုရှိပြီး အသိ ပညာကြွယ်ဝသည့် နိုင်ငံ့သားကောင်းတစ်ဦး ဖြစ်လာစေရန်လည်း အထောက်အ ကူပြုသည်။
    ယနေ့ လူမှုကွန်ရက် အသုံးပြုသူများအနေဖြင့် နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသည့် ပြဿနာတစ်ခုမှာ ကြည့်ရှုသူအရေအတွက်(Views) နှင့် ငွေကြေးအမြတ် အစွန်းကိုသာ ဦးတည် ဖန်တီးထားသည့် အကြံအဖန် သတင်းများ (Clickbait) ဖြစ်သည်။
    အကြံအဖန်သတင်း ဆိုသည်မှာ သတင်းအချက်အလက်များကို တိကျခိုင်လုံစွာ တင်ပြခြင်းထက် ကြည့်ရှုသူများ၏ စိတ်ဝင်စားမှုကို အတင်း အကျပ် ဆွဲဆောင်ရန်၊ လူပြောသူပြောများလာစေရန်နှင့် ကြည့် ရှုသူအရေအတွက် တိုးပွားလာစေရန် ရည်ရွယ်၍ ခေါင်းစဉ်များကို ချဲ့ကားခြင်း၊ အကြောင်းအရာများကို ပုံကြီးချဲ့ခြင်း၊ မမှန်ကန်သည့် အချက်အလက်များကို ရောနှောဖော်ပြခြင်းတို့ဖြင့် ဖန်တီးထားသည့် အကြောင်းအရာ များဖြစ်သည်။
    အဆိုပါအကြောင်းအရာများတွင် သတင်းနှင့်မအပ်စပ်သည့် ခေါင်းစဉ်ဆန်းဆန်းများ၊ ထိတ်လန့်ဖွယ် ခေါင်းစဉ်များကို အသုံးပြုလေ့ရှိသည်။ သတင်းရင်းမြစ်များကို တိကျစွာ ဖော်ပြခြင်းမရှိဘဲ တစ်ဆင့်စကားများကို အတည်ပြုချက်မယူဘဲ ရေးသားခြင်း၊ အခြားမီဒီယာများ၏ သတင်းများကို မူရင်း ရင်းမြစ် မဖော်ပြဘဲ ကူးယူဖော်ပြခြင်းတို့လည်း ရှိတတ်သည်။
    ထို့ပြင် စာဖတ်သူများ ဒေါသထွက်စေရန်၊ ကြောက်ရွံ့စေရန်၊ သနားစရာ ဖြစ်စေရန် စသည့် လူတို့၏ စိတ်ခံစားချက်များကို အသုံးချသည့် ရေးသားမှုမျိုးကိုလည်း တွေ့ရသည်။ အများပြည်သူအတွက် အကျိုးရှိမည့် သတင်းများထက် အနုပညာရှင်များ၊ နာမည်ကြီးပုဂ္ဂိုလ်များ၏ ကိုယ်ရေး ကိုယ်တာကိစ္စများနှင့် အတင်းအဖျင်း သတင်းများကို အကျယ်တဝင့်ဖော်ပြခြင်း၊ သာမန်ဖြစ် ရပ်တစ်ခုကိုပင် ပုံကြီးချဲ့၍ လူထုအကြား ထိတ်လန့်မှုနှင့် စိုးရိမ်မှုများ ဖြစ်ပေါ်လာစေခြင်းတို့ကိုလည်း ပြုလုပ်တတ်ကြသည်။
    ကြော်ငြာဝင်ငွေ ရရှိရေးအတွက် အချို့သော စာမျက်နှာများနှင့် ချန်နယ်များသည် သတင်း၏ မှန်ကန်မှုထက် လူအများ စိတ်ဝင်စားလာစေရန်ကိုသာ ဦးစားပေးလာကြသည်။ ယင်းအခြေအနေသည် သတင်းမီဒီယာ၏ အဓိကတာဝန်ဖြစ်သည့် အများပြည်သူအား မှန်ကန်သည့် သတင်း အချက်အလက်ပေးရေးနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
    သို့ဖြစ်ရာ မိမိတို့ဖတ်ရှုနေသည့် သတင်းသည် ယုံကြည်စိတ်ချရသည့် သတင်းရင်းမြစ်မှ လာခြင်းဟုတ် မဟုတ်၊ ခေါင်းစဉ်နှင့် အကြောင်းအရာ ကိုက်ညီမှု ရှိ၊ မရှိ၊ သက်ဆိုင်ရာ သက်သေအထောက်အထားများ ပါဝင်မှု ရှိ၊ မရှိကို ဆန်းစစ်နိုင်ရန် အရေးကြီးသည်။
    သတင်းမှားများ၏ အန္တရာယ်သည် လူ့အဖွဲ့အစည်းတစ်ခုလုံးအပေါ်ပါ သက်ရောက်မှု ရှိနိုင်သည်။ အထူးသဖြင့် အမုန်းစကားများ၊ လုပ်ကြံသတင်းများနှင့် အထင်အမြင်လွဲမှားစေသည့် အကြောင်းအရာများသည် လူအချင်းချင်း ယုံကြည်မှုကို ပျက်ပြားစေနိုင်သည်။ ထို့အပြင် လူမှုအသိုက်အဝန်းအတွင်း သဘောထားကွဲလွဲ မှုများကို ပိုမိုကြီးထွားစေပြီး မလိုလားအပ်သည့် ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။
    ထို့ကြောင့် သတင်းအချက်အလက်တစ်ခုကို ဖတ်ရှုသည့်အခါ မူရင်းသတင်းရင်းမြစ်ကို စစ်ဆေးခြင်း၊ သတင်းထုတ်ပြန်သည့် ရက်စွဲကို ကြည့်ရှုခြင်း၊ အခြားယုံ ကြည်စိတ်ချရသည့် သတင်းဌာနများ၏ ဖော်ပြချက်များနှင့် တိုက်ဆိုင် စစ်ဆေးခြင်းတို့ကို ပြုလုပ်သင့်သည်။ မသေချာသည့် သတင်းတစ်ပုဒ်ကို အခြားသူများထံ အလျင်စလို ပြန်လည်မျှဝေခြင်းကိုလည်း ရှောင်ကြဉ်သင့်သည်။ အမှန်တကယ် အကျိုးရှိသည့် သတင်းအ ချက်အလက်များကိုသာ ရွေးချယ်ဖြန့်ဝေခြင်းဖြင့် မိမိတို့၏ လူမှုအသိုက်အဝန်းကို သတင်းမှားများ၏ သက်ရောက်မှုမှ ကာကွယ်နိုင်မည်ဖြစ် သည်။
    ဒစ်ဂျစ်တယ်ခေတ်တွင် မိမိအသုံးပြုနေသည့် နည်းပညာမှတစ်ဆင့် ရရှိလာသည့် သတင်းအချက် အလက်များကို မှန်ကန်စွာ ရွေးချယ်နိုင်ရန် လိုအပ်သည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် အရေးကြီးသည့် အခွင့်အရေးတစ်ရပ် ဖြစ်သော်လည်း ထိုအခွင့်အရေးကို အသုံးချရာတွင်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် အခြားသူများ၏ အခွင့်အရေးကို လေးစားမှုတို့ ရှိရမည်ဖြစ်သည်။
    အချက်အလက်များ ပေါများလာသည့်ခေတ်တွင် အမှန်တရားကို ရှာဖွေနိုင်ခြင်းသည် လူတိုင်းအတွက် အရေးကြီးသည်။ သတင်းတစ်ပုဒ်ကို ဖတ်ရှုရုံဖြင့် မယုံကြည်ဘဲ စဉ်းစားဆန်းစစ်တတ်သည့် အလေ့အကျင့်ကို မွေးမြူကြရမည်ဖြစ်သည်။ သတင်းမှားများကို မဖြန့်ေ၀ခြင်း၊ အမုန်းစကားများကို အားမပေး ခြင်းနှင့် မှန်ကန်ခိုင် လုံသည့်သတင်းအချက်အလက်များကိုသာ အများပြည်သူအကျိုးအတွက် မျှဝေခြင်း တို့သည် လူတိုင်း၏ တာဝန်ဖြစ်သည်။ အမှန်တရားကို တန်ဖိုးထားသည့် နိုင်ငံသားများ များပြားလာမှသာ အသိပညာကြွယ်ဝပြီး ယုံကြည်မှုရှိသည့် လူ့အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။

ငြိမ်းချမ်းရေး ဒရုန်းများ ဝဲပျံနိုင်ပါစေ
    အမေရိကန်နိုင်ငံသား တီထွင်သူနှင့် အင်ဂျင်နီယာတစ်ဦး ဖြစ်သည့် Charles F. Kettering သည် ၁၉၁၇ ခုနှစ်တွင် လူမောင်းသူ မပါသော လေယာဉ်ငယ်တစ်မျိုးကို တီထွင်ရန် အမေရိကန်စစ်တပ်၏ တာဝန်ပေးအပ်မှုကို လက်ခံခဲ့သူ ဖြစ်သည်။
    ၁၉၁၇ ခုနှစ်တွင် စတင်တီထွင်ခဲ့ပြီး Kettering Bug ဟု အမည်ပေးခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် စမ်း သပ်ပျံသန်းမှုများ ပြုလုပ်နိုင်ခဲ့သည်။ 
    ထို့ကြောင့် ဒရုန်းသည် ၂၁ ရာစုမှ စတင်ပေါ်ပေါက်လာသော နည်းပညာမဟုတ်ဘဲ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက စတင်ဖွံ့ဖြိုးလာခဲ့သည့် နည်းပညာတစ်ခုဖြစ်သည်။ အစောပိုင်းတွင် စစ်ရေးရည်ရွယ်ချက်ဖြင့် ဖန်တီးခဲ့သော်လည်း ယနေ့တွင် လူမှုစီးပွားရေးနှင့် နည်းပညာကဏ္ဍများစွာအ တွက် အသုံးဝင်သော ကိရိယာတစ်ခု ဖြစ်လာခဲ့သည်။
    မကြာသေးမီက အိန္ဒိယနိုင်ငံနှင့်ပတ်သက်သည့် နိုင်ငံတကာသတင်းတစ်ပုဒ်ကို ဖတ်ရှုမိသည်။ ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသများရှိ ပြည်သူများအတွက် ဒရုန်းနည်းပညာကို အသုံးပြုကာ ဆေးဝါးများ၊ ဆေးစစ်နမူနာများနှင့် ဆေးဘက်ဆိုင်ရာ အထောက် အထားများကို ပို့ဆောင်ပေးနေသည့် အကြောင်း ဖြစ်သည်။
    အမှန်တကယ်ပင် အိန္ဒိယနိုင်ငံသည် ဒရုန်းနည်းပညာကို ကျန်းမာရေးကဏ္ဍတွင် အသုံးချရန် ကြိုးပမ်းနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အိန္ဒိယဆေးသု တေသနကောင်စီ (ICMR) ၏ i-DRONE အစီအစဉ်အရ မဏိပူရနှင့် နာဂလန်းပြည်နယ်တို့ရှိ တောင်တန်းများ၊ ကျွန်းဒေသများနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် နေရာများသို့ ကာကွယ်ဆေးများ၊ ဆေးဝါးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုအပ်သည့် ဆေးဘက်ဆိုင် ရာပစ္စည်းများကို ဒရုန်းဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ 
    ထိုသတင်းများကို ဖတ်ရှုရသည့်အခါ နည်းပညာ၏ အကျိုးကျေးဇူးကို မြင်တွေ့ရသကဲ့သို့ လူသားတို့၏ အသက်ကို တန်ဖိုးထားသည့် အတွေးအခေါ်ကိုလည်း တွေ့မြင်ရသည်။ လမ်းခရီးကြမ်းတမ်း၍ ဆေးရုံသို့ အချိန်မီမရောက်နိုင်သည့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအတွက် ဒရုန်းတစ်စင်းသည် မျှော်လင့်ချက် တစ်ခုဖြစ်လာနိုင်သည်။ အချိန်မီရောက်ရှိလာသည့် ဆေးဝါးတစ်ထုပ်၊ သွေးတစ်ယူနစ်သည် မိခင်တစ် း၏ အသက်နှင့် ရင်သွေးငယ်တစ်ဦး၏ အနာဂတ်ကို ကာကွယ်ပေး နိုင်သည်။
    ဤနေရာတွင် မေးခွန်းတစ်ခု ပေါ်လာသည်။ ဒရုန်းဆိုသည်မှာ လူသားတို့၏အသက်ကို ကယ်တင်ရန် အသုံးပြုနိုင်သည့် နည်းပညာလား၊ သို့မဟုတ် လူသားတို့၏ အသက်အန္တရာယ်ကို ဖြစ်စေရန် အသုံးပြုသည့် နည်းပညာလား။ အဖြေမှာ နှစ်မျိုးလုံး ဖြစ်နိုင်သည်။ အဓိကကွာခြားချက်မှာ နည်းပညာမဟုတ်ဘဲ လူသားတို့၏ ရည်ရွယ်ချက်ပင်ဖြစ်သည်။
    အခြားနိုင်ငံများတွင် ဒရုန်းများကို ဝေးလံခေါင်သီသည့် ကျေးရွာများသို့ ဆေးဝါးပို့ဆောင်ရန်၊ ဆေး စစ်နမူနာများ သယ်ယူရန်နှင့် ကျန်းမာရေးဝန် ဆောင်မှုများ ပိုမိုလက်လှမ်းမီစေရန် အသုံးချနေကြချိန်တွင် မြန်မာနိုင်ငံ၌မူ ဒရုန်းနည်းပညာသည် လက်နက်ကိုင်ပဋိပက္ခများနှင့် ဆက်စပ်နေသည့် အခြေအနေ များ ကိုလည်း တွေ့မြင်နေရသည်။
    နိုင်ငံတစ်နိုင်ငံတွင် နည်းပညာတိုးတက်လာခြင်းသည် ဝမ်းမြောက်ဖွယ်ရာဖြစ်သော်လည်း ထိုနည်းပညာ၏ အသုံးချမှုသည် လူ့အသက် အန္တရာယ်နှင့် ပဋိပက္ခများကို ပိုမို တိုးပွားစေပါက တိုးတက် မှု၏ အဓိပ္ပာယ်ကို ပြန်လည်စဉ်းစားရမည် ဖြစ်သည်။
    မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နည်းပညာများစွာ လိုအပ်နေသည်။ တောင်ပေါ်ဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသများနှင့် လမ်းပန်း ဆက်သွယ်ရေးခက်ခဲသည့် နယ်မြေများတွင် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့များ အချိန်မီရရှိရေးသည် အရေးကြီးသည့် လိုအပ်ချက်တစ်ခုဖြစ်သည်။
    ကျေးလက်ဒေသတစ်ခုတွင် ကိုယ်ဝန်ဆောင် မိခင်တစ်ဦး ဆေးကုသမှုခံယူရန် မြို့ပေါ်ဆေးရုံသို့ သွား ရောက်ရသည့်အခါ လမ်းခရီးကြောင့် အခက်အခဲများစွာ ကြုံတွေ့ရနိုင်သည်။ အရေးပေါ်ဆေးဝါးများ လိုအပ်လာသည့်အခါလည်း အချိန်မီမရရှိခြင်းသည် စိုးရိမ်စရာဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေများတွင် နည်းပညာကို လူသားအကျိုးပြုလုပ်ငန်းများအတွက် အသုံးချနိုင်ပါက မည်မျှအကျိုးရှိမည်နည်း။
    သို့သော် ယနေ့မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံး လိုအပ်ချက်မှာ နည်းပညာတစ်ခုတည်း မဟုတ်ပေ။ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးတို့ပင် ဖြစ်သည်။
    စစ်ပွဲများကြောင့် လူငယ်များ၏ ပညာရေး အခွင့်အလမ်းများ ထိခိုက်လာသည်။ စီးပွားရေးလုပ်ငန်းများ ရပ်တန့်လာသည်။ မိသားစုများ ကွဲကွာကြရသည်။ ကျန်းမာရေးစောင့်ရှောက်မှုများလည်း အခက်အခဲများနှင့် ရင်ဆိုင်လာရသည်။ အနာဂတ်အတွက် ရည်မှန်းချက်များရှိနေကြသည့် လူငယ်များစွာသည်လည်း မိမိတို့၏ ဘဝတိုးတက်ရေးထက် နေ့စဉ်ဘ၀ လုံခြုံရေးကိုသာ ပိုမို စိုးရိမ်နေရသည့် အခြေအနေများ ရှိလာသည်။
    နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာတတ်လူငယ်များ၊ ကျန်းမာသန်စွမ်းသည့် ပြည်သူများ၊ ခိုင်မာသည့် စီးပွားရေးနှင့် တည်ငြိမ်သည့် လူမှုအသိုက်အဝန်းတို့ လိုအပ်သည်။ ထိုအရာများအားလုံး ဖွံ့ ဖြိုးတိုးတက်လာရန် ငြိမ်းချမ်းရေးသည် အခြေခံအုတ် မြစ်ဖြစ်သည်။
    မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းပါစေ။

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 19

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

68579

© 2022 - 2026 News. All Rights Reserved.