ဖားကန့်မြို့ကို မြေစာပုံအန္တရာယ်တွေကြားမှာ စိုးရိမ်ကြောက်ရွံ့စွာ နေထိုင်ရတဲ့မြို့ မဖြစ်စေချင်ဘူး

ဖားကန့်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်ထူး အား ဆက်သွယ်မေးမြန်းခြင်း

    ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်မှုတွေကို နိုင်ငံတော်က ပိတ်ထားပေမယ့် တရားမဝင် တူးဖော်မှုတွေကတော့ ရပ်တန့်သွားခြင်းမရှိဘဲ စက်ယန္တရားကြီးတွေ အသုံးပြုပြီး အလွန်အကျွံ တူးဖော်နေကြဆဲဖြစ်သလို တစ်ဖက်မှာလည်း တရားဝင်လုပ်ကိုင်လိုသူတွေက တူးဖော်ခွင့် မရရှိကြကြောင်း သိရပါတယ်။ ဒီလို စည်းကမ်းမဲ့ တူးဖော်မှုတွေနဲ့ မြေစာစွန့်ပစ်မှုတွေကို အချိန်မီ မတားဆီးနိုင်ရင် လာမယ့်မိုးရာသီမှာ ဖားကန့်မြို့ဟာ မြေစာပုံတွေအောက် ရောက်သွားနိုင်တဲ့အထိ စိုးရိမ်ရတယ်လို့ ဖားကန့်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်ထူးက နိုဝင်ဘာ ၆ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တရားမဝင် တူးဖော်မှုတွေကို ထိရောက်စွာ မတားဆီး နိုင်ပါက သယံဇာတတွေကိုလည်း  ထိန်းသိမ်းနိုင်မှာမဟုတ်သလို  နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန်ဘဏ္ဍာငွေတွေလည်း ဆုံးရှုံးနေရတယ်လို့ ပြောကြားခဲ့ပါတယ်။ ဖားကန့်ဒေသမှာ အကြီးစားနဲ့ အလတ်စား တူးဖော်မှုတွေကိုခွင့်မပြုဘဲ အသေးစားနဲ့ လက်လုပ်လက်စား တူးဖော်မှုတွေကို စည်းကမ်းနဲ့အညီ ခွင့်ပြုပေးဖို့ အစီအစဉ် ရှိ၊ မရှိကိုလည်း မေးမြန်းခဲ့ပါတယ်။ ယင်းအခြေအနေများကို ဦးသက်ပိုင်ထူး အား ဆက်သွယ်မေးမြန်းထားပါတယ်။

TREND ။        ။ အကြီးစားနဲ့ အလတ်စားတူးဖော် မှုတွေကို ခွင့်မပြုဘဲ အသေးစားနဲ့ လက်လုပ်လက်စား တူးဖော်မှုတွေကို စည်းကမ်းနဲ့အညီ ခွင့်ပြုပေးခြင်းက ဒေသခံပြည်သူတွေအတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေမလဲ။ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ထပ်မံမဖြစ်ပေါ်စေဖို့ ဘယ်လိုထိန်းချုပ်သင့်ပါသလဲ။
UTPH    ။    ။
ဒီအကြောင်းအရာကို ကျွန်တော်လွှတ်တော်မှာလည်း မေးခွန်းမေးမြန်းတင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ ဖားကန့်ဒေသမှာ ကျောက်စိမ်းလုပ်ငန်းကို မှီခိုပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြတဲ့ ပြည်သူတွေ အများကြီးရှိပါတယ်။ ကျောက်စိမ်းတူးဖော်မှုတွေကို လုံး၀ပိတ်ထားတဲ့အခါ ဒေသခံပြည်သူတွေအတွက် တရားဝင်အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးလာပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ကို ကြီးမားစွာ ထိခိုက်ပျက်စီးစေတဲ့ အကြီးစားနဲ့ အလတ်စား တူးဖော်မှုတွေကို ခွင့်မပြုဘဲ ဒေသခံပြည်သူတွေကို အသေးစားနဲ့ လက်လုပ်လက်စားတူးဖော်ခွင့်တွေကို စည်းကမ်းနဲ့အညီ ခွင့်ပြုပေးနိုင်ဖို့ ကျွန်တော်တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် ဒေသခံပြည်သူ တွေအတွက် တရားဝင်အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာနိုင်မယ်၊ မိသားစုစားဝတ်နေရေး အထောက်အကူ ဖြစ်လာနိုင်မယ်၊ နိုင်ငံတော်အတွက်လည်း စနစ်တကျ  အခွန်ဘဏ္ဍာ ရရှိနိုင်မယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ အသေးစားနဲ့ လက်လုပ်လက်စားဆိုတာနဲ့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ဘူးလို့တော့ မဆိုလိုပါဘူး။ တူးဖော်ခွင့်ပြုမယ့် ဧရိယာတွေကို သတ်မှတ်ပေးရမယ်၊ အန္တရာယ်ရှိတဲ့ မြေစာပုံနဲ့ လူနေ ရပ်ကွက်အနီးတွေမှာ တူးဖော်ခွင့် မပြုရပါဘူး။ သတ်မှတ်ထားတဲ့ အတိုင်းအတာထက် ကျော်လွန်ပြီး စက်ယန္တရားကြီးတွေ အသုံးပြုတာမျိုးကိုလည်း တားမြစ်ရပါမယ်။ မြေစာစွန့်ပစ်မှု၊ ရေစီးကြောင်း ထိန်းသိမ်းမှု၊ သဘာဝပတ်ဝန်းကျင် ပြန်လည်ထူထောင်မှုနဲ့ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့အတွက် စည်းကမ်းသတ်မှတ်ချက်တွေ တိတိကျကျထားရှိပြီး လိုက်နာမှု ရှိ၊ မရှိ စစ်ဆေးရမှာ ဖြစ်ပါတယ်။ ကျွန်တော်လိုချင်တာက ဒေသခံပြည်သူတွေ အလုပ်အကိုင်ရရှိဖို့တင် မဟုတ်ပါဘူး။ သယံဇာတကိုလည်း ထိန်းသိမ်းနိုင်ပြီး လူနေရပ်ကွက်တွေနဲ့ သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေတဲ့ စနစ်တစ်ခု ဖြစ်လာဖို့ပါပဲ။ ကျောက်စိမ်းတူး ဖော်မှုနဲ့ပတ်သက်ပြီး မြန်မာ့ကျောက်မျက်ရတနာဥပဒေ ၂၀၁၉ အရ အကြီး စားတူးဖော်မှုရယ်၊ အလတ်စားတူး ဖော်မှုရယ်၊ အသေးစားတူးဖော်မှုရယ်နဲ့ လက်လုပ်လက်စား တူးဖော်မှု ရယ်ဆိုပြီး လေးမျိုးရှိပါတယ်။ ဒီလေးမျိုးထဲမှာ အသေးစားနဲ့ လက်လုပ်လက်စားတွေကတော့ ဒေသခံ ပြည်သူအတွက် ပိုပြီး အဆင်ပြေပါတယ်။ သူက သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးတာတွေကိုလည်း လျှော့ချနိုင်ပါတယ်။ ပေးတဲ့ဧရိယာက ကျဉ်းတယ်။ စည်းစနစ်တကျ တူးဖော်ရတာဖြစ်လို့ ထိန်းချုပ်လို့ လည်း အဆင် ပြေတယ်။ ဒါကြောင့်မို့ဒါက ဒေသခံပြည်သူတွေအတွက် အကျိုးရှိမယ်ထင်လို့ အသေးစား နဲ့ လက်လုပ်လက်စားတူးဖော်တာကို ပိုပြီး အားပေးတာဖြစ်ပါတယ်။

TREND ။        ။ ဖားကန့်မြို့ဟာ လာမယ့်မိုးရာသီမှာ မြေစာပုံတွေအောက် ရောက်သွားနိုင်တဲ့အထိ စိုးရိမ်ရတယ်လို့ ပြောဆိုခဲ့တာတွေ့ရတယ်။ လက်ရှိ မြေပြင်အခြေအနေကို သိလိုပါတယ်။
UTPH    ။    ။
ကျွန်တော် လွှတ်တော်မှာအခုလို ပြောခဲ့တာဟာ ဖားကန့်မြို့တစ်မြို့လုံး မြေစာပုံအောက်ကို မဖြစ်မနေ ရောက်သွားမယ်လို့ ပြောတာ မဟုတ်ပါဘူး။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အချိန်မီ မထိန်းချုပ်နိုင်ရင် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် အတွက် အလွန် စိုးရိမ်စရာကောင်းတဲ့ အခြေအနေကို ရောက်ရှိလာနိုင်တယ်ဆိုတာ သတိပေးခဲ့တာ ဖြစ်ပါတယ်။ ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ မြေစာပုံတွေ၊ တူးဖော်ထားတဲ့ မြေကျင်းကြီးတွေ၊ မြေစာစွန့်ပစ်မှုတွေကြောင့် သဘာ၀ရေစီးကြောင်းတွေ ထိခိုက်လာတာကို တွေ့နေရပါတယ်။ အထူးသဖြင့် ဥရုချောင်းနဲ့ မော်ဝမ်းချောင်းလို ဒေသရဲ့ အဓိကရေစီးကြောင်းတွေမှာ နုန်းမြေတွေ စုပုံလာပြီး ရေစီးဆင်းနိုင်မှု လျော့နည်းလာတာဟာ စိုးရိမ်စရာဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် မိုးရာသီမှာလည်း ဖားကန့်မြို့ ပေါ်ရပ်ကွက်ကြီးတွေ ရေကြီးရေလျှံမှုတွေ မြို့လယ်လမ်းမကြီးက ချောင်းကြီးလို ဖြစ်သွားတာတွေ ကြုံ တွေ့ခဲ့ရပါတယ်။ ဒါတွေဟာ လာမယ့်မိုးရာသီအတွက် ကြိုတင်ပြင်ဆင်ဖို့ လိုအပ်နေပြီဆိုတာ ပြသနေပါတယ်။ ကျွန်တော့်အနေနဲ့ ပြဿနာတွေ ပိုမိုဆိုးရွားလာပြီးမှ ဖြေရှင်းတာထက် မဖြစ်ပွားခင်ကတည်းက ကြိုတင်ကာကွယ်နိုင်ဖို့ အခုလို ထောက်ပြပြောဆိုခဲ့တာ ဖြစ်ပါတယ်။

TREND ။     ။ လက်ရှိ ဖားကန့်ဒေသမှာ တရားမဝင်ကျောက်စိမ်းတူးဖော်မှုတွေဟာ စက်ယန္တရားကြီးတွေ အသုံးပြုပြီး ပေါ်တင်လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။ ဒီလုပ်ငန်းတွေ လုပ်နေကြတဲ့ အခြေအနေကို သိလိုပါတယ်။
UTPH    ။    ။
လက်ရှိ ဖားကန့်ဒေသရဲ့ အခြေအနေဟာ အတော်လေးစိုးရိမ်စရာ ကောင်းပါတယ်။ ကျောက်စိမ်းတူးဖော်မှုတွေကို တရားဝင် ရပ်ဆိုင်းထားတယ်ဆိုပေမဲ့ တချို့နေရာတွေမှာ စက်ယန္တရားကြီးတွေ အသုံးပြုပြီးတူးဖော်မှုတွေ ဆက်လက်ရှိနေတယ်ဆိုတဲ့သတင်း အချက် အလက်တွေ ရရှိနေပါတယ်။ ဒီနေရာမှာ ကျွန်တော် အဓိကထောက်ပြချင်တာက ဥပဒေနဲ့အညီ လုပ်ကိုင်လိုတဲ့ ဒေသခံပြည်သူတွေမှာ လုပ်ကိုင်ခွင့်မရကြဘဲ တရားမဝင် အကြီးအကျယ် တူးဖော်မှုတွေကတော့ ဆက်လက်ဖြစ်ပေါ်နေတယ်ဆို တဲ့ ကွာဟချက်ပါပဲ။ ဒီလိုတူးဖော်မှုတွေကြောင့် နိုင်ငံတော်အနေနဲ့ ရရှိသင့်တဲ့ အခွန်ဘဏ္ဍာတွေ ဆုံးရှုံးနိုင်သလို သဘာဝပတ်ဝန်းကျင်ပျက် စီးမှု၊ မြေစာပုံအန္တရာယ်နဲ့ ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားဘ၀ ထိခိုက် မှုတွေကိုလည်း ကြုံတွေ့လာရပါတယ်။ ကျွန်တော့်အမြင်မှာတော့ ကျောက်စိမ်းတူးဖော်မှုတွေကို စနစ်တကျ ထိန်းချုပ်နိုင်ခြင်း မရှိဘူးဆိုရင် သယံဇာတလည်း ဆုံးရှုံးမယ်၊ သဘာဝပတ်ဝန်းကျင်လည်း ပျက်စီး မယ်၊ ဒေသခံပြည်သူတွေလည်း အကျိုးခံစားခွင့်မရတဲ့အခြေအနေ ဖြစ်သွားနိုင်ပါတယ်။

TREND ။        ။ ကျောက်စိမ်းတူးဖော်မှုတွေကို နိုင်ငံတော်က ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ တရားမဝင်တူးဖော်မှုတွေ ဆက်လက်ရှိနေတဲ့ အကြောင်းရင်းက ဘာဖြစ်မလဲ။
UTPH    ။    ။
ဒီပြဿနာမှာ အဓိကအကြောင်းရင်း သုံးခုရှိတယ်လို့ ကျွန်တော် မြင်ပါတယ်။ ပထမအချက်က နယ်မြေတည်ငြိမ်အေးချမ်းမှုနဲ့ ဥပဒေစိုးမိုးမှု အားနည်းနေတာ ဖြစ်ပါတယ်။ နယ်မြေတည်ငြိမ်မှုမရှိတဲ့အတွက် သက်ဆိုင်ရာဌာနတွေအနေနဲ့ ထိရောက်စွာ စစ်ဆေးကြပ်မတ်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။ ဒုတိယအချက်ကတော့ တရားဝင်လုပ်ကိုင်ခွင့်ရရှိနိုင်တဲ့ အခွင့်အလမ်းတွေ အကန့်အသတ်ရှိနေတာပါ။ ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးလာတဲ့အခါ တရားမဝင်လုပ်ငန်းတွေထဲကို ဝင်ရောက်လုပ်ကိုင်ရတဲ့ အခြေအနေတွေလည်း ဖြစ်ပေါ်လာပါတယ်။ တတိယအချက်ကတော့ ကျောက်စိမ်းသယံဇာတရဲ့ စီးပွားရေးတန်ဖိုး အလွန်ကြီးမားနေတာကြောင့် တရားမဝင် အကျိုးအမြတ် ရယူလိုသူတွေရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ တရားမဝင် ကျောက်စိမ်းတူး ဖော်မှုကို တားဆီးဖို့ဆိုရင် ပိတ်ပင်ကြောင်း ကြေညာထားရုံနဲ့ မလုံလောက်ပါဘူး။ နယ်မြေတည်ငြိမ်အေး ချမ်းရေး၊ ဥပဒေစိုးမိုးရေးနဲ့ ဒေသခံပြည်သူတွေအတွက် တရားဝင်အသက်မွေးဝမ်းကျောင်း အခွင့်အလမ်း ဖန်တီးပေးရေးကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ဖို့လိုအပ်ပါတယ်။

TREND ။        ။ တရားမဝင်တူးဖော်မှုတွေကြောင့် ချောင်းတွေ တိမ်ကောပိတ်ဆို့လာပြီး ရေကြီးရေလျှံမှုဖြစ်တာ၊ လူနေရပ်ကွက်တွေ မြေစာဖုံးလွှမ်းခံရမှုတွေဖြစ်တာတွေက ဘယ်နေရာတွေမှာ ဘယ်လိုအခြေအနေတွေ ဖြစ်ပေါ်နေလဲ။
UTPH    ။    ။
ဖားကန့်ဒေသရဲ့ ရေကြီးရေလျှံမှုပြဿနာဟာ မိုးများလို့ ဖြစ်ရတာတစ်ခုတည်း မဟုတ်ဘူးလို့ ကျွန်တော် မြင်ပါတယ်။ ကျောက်စိမ်းတူးဖော်မှုတွေကြောင့် ထွက်ရှိလာတဲ့ မြေစာနဲ့ နုန်းမြေတွေဟာ ချောင်းတွေအတွင်းကို စီးဝင်စုပုံလာပြီး သဘာဝရေစီးဆင်းမှုကို အဟန့်အတား ဖြစ်စေပါတယ်။ ဥရုချောင်းနဲ့ မော်ဝမ်းချောင်းတို့မှာ ရေစီးကြောင်း တိမ်ကောလာတဲ့ ပြဿနာရှိနေပြီး မိုးသည်းထန်စွာ ရွာသွန်းတဲ့အခါ ရေတွေဟာ ပုံမှန်အတိုင်း စီးဆင်းနိုင်ခြင်းမရှိဘဲ လူနေရပ်ကွက်တွေထဲကို လျှံဝင်လာ နိုင်ပါတယ်။ ၂၀၂၆ ခုနှစ် ဇွန်လအတွင်းမှာ မော်ဝမ်း၊ ငှက်ပျောတော၊ မရှီကထောင်နဲ့ အေးမြသာယာ ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
    ဒီနေရာမှာ နောက်ထပ်စိုးရိမ်ရတာက လူနေရပ်ကွက်တွေနဲ့ နီးကပ်နေတဲ့ မြေစာပုံတွေပါပဲ။ မိုးရေဝင်ရောက်ပြီး မြေသားပျော့လာတဲ့အခါ မြေစာပြိုကျမှုအန္တရာယ် ပိုမိုမြင့်မားလာနိုင်ပါတယ်။ ဒါကြောင့် ဒီပြဿနာကို ရေကြီးတဲ့အခါမှ ကယ်ဆယ်ရေးလုပ်ရမယ့် ကိစ္စတစ်ခုအဖြစ်ပဲ မမြင်စေချင်ပါဘူး။ ဖားကန့်မြို့ရဲ့ ရေရှည်တည်တံ့ရေးနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ် လုံခြုံရေးဆိုင်ရာ ပြဿ နာတစ်ခုအဖြစ် အလေးအနက်ထား ဖြေရှင်းဖို့ လိုအပ်ပါတယ်။


TREND ။     ။ တရားမဝင်တူးဖော်မှုတွေနဲ့ မြေစာစွန့်ပစ်မှုတွေကို ထိရောက်စွာတားဆီးနိုင်ဖို့ ဒီပြဿနာကို ဘယ်လိုနည်းလမ်းတွေနဲ့ ကိုင်တွယ်ဆောင်ရွက်သင့်လဲ။
UTPH    ။    ။
ကျွန်တော့်အမြင်မှာ ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် နည်းလမ်းတစ်ခုတည်းနဲ့ မရနိုင်ပါဘူး။ အရေးကြီးဆုံးကတော့ နယ်မြေတည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိရေးနဲ့ ဥပဒေစိုးမိုးမှုထိရောက်စွာ ရှိလာရေးပဲဖြစ်ပါတယ်။ အဲဒီနောက်မှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ ပြည်နယ်အစိုးရအဖွဲ့၊ ဒေသဆိုင်ရာ တာဝန်ရှိသူတွေ၊ ပညာရှင်တွေနဲ့ ဒေသခံပြည်သူတွေ ပါဝင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ရပ် လိုအပ်ပါ တယ်။ တရားမဝင် တူးဖော်နေတဲ့လုပ်ငန်းတွေကို စိစစ်တားဆီးရမှာဖြစ်သလို  မြေစာစွန့်ပစ်မှုတွေကိုလည်း စည်းကမ်းတကျ ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။ ပြီးတော့ ဥရုချောင်းနဲ့ အခြားအဓိက ချောင်းတွေမှာ နုန်းအနည်စုပုံမှု ဘယ်လောက်ရှိနေပြီလဲ၊ ဘယ်နေရာတွေမှာ ရေစီးကြောင်း ပိတ်ဆို့နေသလဲဆိုတာကို နည်းပညာပိုင်းဆိုင်ရာ စစ်ဆေးပြီး လိုအပ်တဲ့ ပြန်လည်တူးဖော်ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ လိုပါတယ်။ အရေးကြီးတာတစ်ခုက ပြည်သူတွေရဲ့ အလုပ်အကိုင်ပြဿနာကိုလည်းတစ်ပါတည်း ဖြေရှင်း ပေးရမှာပါ။ တရားမဝင်လုပ်ငန်းတွေကို တားဆီးတဲ့အခါမှာ ဥပဒေနဲ့အညီ အသက်မွေးဝမ်းကျောင်းပြုနိုင် မယ့် လမ်းကြောင်းတွေကိုလည်း ဖန်တီးပေးဖို့ လိုအပ်ပါတယ်။

TREND ။     ။ လာမယ့် မိုးရာသီမတိုင်ခင် တရားမဝင်တူးဖော်မှုတွေနဲ့ စည်းကမ်းမဲ့ မြေစာစွန့်ပစ်မှုတွေကို ရပ်တန့်နိုင်ဖို့ ဘယ်လို အရေးပေါ်အစီအစဉ်တွေ ချမှတ်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မြင်ပါသလဲ။
UTPH    ။    ။
ကျွန်တော့်အနေနဲ့ လာမယ့် ၂၀၂၇ ခုနှစ်မိုးရာသီကို စောင့်မနေဘဲ အခုကတည်းက စတင်ပြင်ဆင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ပထမဆုံးအနေနဲ့ မြေစာပြိုကျနိုင်ခြေရှိတဲ့ နေရာတွေ၊ လူနေရပ်ကွက်တွေနဲ့နီးကပ်နေတဲ့ မြေစာပုံတွေ၊ ရေစီးကြောင်းပိတ်ဆို့နေတဲ့ နေရာတွေကို အရေးပေါ် စစ်တမ်းကောက်ယူဖို့ လိုပါတယ်။ ဒုတိယအနေနဲ့ ပြည်သူတွေရဲ့ အသက်အိုး အိမ်ကို တိုက်ရိုက်အန္တရာယ် ဖြစ်စေနိုင်တဲ့ နေရာတွေမှာ တူးဖော်မှုနဲ့ မြေစာစွန့်ပစ်မှုတွေကို ဥပဒေနဲ့အညီ အရေးပေါ်တားဆီးရပါမယ်။ တတိယအနေနဲ့ ရေကြီးရေလျှံမှုကို ပိုမိုဆိုးရွားစေနိုင်တဲ့ ချောင်းပိတ်ဆို့မှုတွေကို ပညာရှင်တွေရဲ့ စစ်ဆေးချက်အပေါ်မူတည်ပြီး အမြန်ဆုံး ရှင်းလင်းဆောင်ရွက်ဖို့ လိုပါတယ်။ စတုတ္ထအနေနဲ့ မြေစာပြို ကျနိုင်တဲ့ နေရာတွေအနီးမှာ နေထိုင်နေကြတဲ့ ပြည်သူတွေအတွက် ကြိုတင်သတိပေးစနစ်၊ အရေးပေါ် ရွှေ့ပြောင်းရေးအစီအစဉ်နဲ့ ယာယီခိုလှုံရာနေရာတွေကို ကြိုတင်စီစဉ်ထားရပါမယ်။ ဒီလုပ်ငန်းတွေကို မိုးကျမှစတင် ဆောင်ရွက်မယ်ဆိုရင် အချိန်မမီနိုင်ပါဘူး။ ကျွန်တော်အလေးအနက် ပြောချင်တာက ဘေး အန္တရာယ်ဖြစ်ပြီးမှ ကယ်ဆယ်ရေးလုပ်တာထက် ဘေးအန္တရာယ်မဖြစ်အောင်  ကြိုတင်ကာကွယ်တာက ပိုပြီးအရေးကြီးတယ်ဆိုတာပါပဲ။

TREND ။        ။ မိုးရာသီအတွင်း အန္တရာယ်ကြုံ တွေ့လာရပါက ပြည်သူတွေကို ဘေးလွတ်ရာရွှေ့ ပြောင်းပေးရေးနဲ့ အသက်အိုးအိမ် ကာကွယ်ရေးအတွက် ဘယ်လိုအစီအစဉ်တွေ ရှိပါသလဲ။
UTPH    ။    ။
ဒီကိစ္စဟာ ပြည်သူတွေရဲ့အသက်အန္တရာယ်နဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့အတွက် ကျွန်တော် အထူးအလေးထားပါတယ်။ ၂၀၂၆ ခုနှစ် မိုးရာသီမှာလည်း ဖားကန့်ဒေသအတွင်း ရေကြီးရေလျှံမှုတွေ၊ မြေစာပြိုကျမှုတွေကြောင့် ပြည်သူတွေ ထိခိုက်နစ်နာခဲ့ကြရပါတယ်။ ဒါကြောင့် လာမယ့်မိုးရာသီအတွက် အခုကတည်းက အန္တရာယ်ရှိတဲ့ ရပ်ကွက်တွေ၊ ကျေးရွာတွေကို သတ်မှတ်ပြီး ကြိုတင်သတိပေး နိုင်တဲ့ စနစ်တစ်ခု ရှိဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် မြေစာပုံအနီး နေထိုင်သူ တွေ၊ ချောင်းဘေးကမ်းနားနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေကို ဦးစားပေးကာကွယ်ရမှာ ဖြစ်ပါတယ်။ ဘေးလွတ်ရာရွှေ့ပြောင်းရေးအ တွက် လုံခြုံတဲ့ ယာယီခိုလှုံရာနေရာတွေ၊ ရွှေ့ပြောင်းရေးယာဉ်နဲ့ လှေတွေ၊ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါးနဲ့ အရေးပေါ်ကျန်းမာရေးစောင့် ရှောက်မှုတွေကို ကြိုတင်စီစဉ်ထားဖို့ လိုပါတယ်။ ဒီအစီအစဉ် တွေကို သက်ဆိုင်ရာဌာနတွေ၊ လူမှုကူညီရေးအသင်းအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီးစနစ်တကျ အကောင်အထည်ဖော်နိုင်ဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းညှိနှိုင်းသွားမှာ ဖြစ်ပါတယ်။

TREND ။        ။ ဖားကန့်ဒေသရဲ့ လက်ရှိအခြေအနေကို နိုင်ငံတော်အဆင့်က ဘယ်လိုဖြေရှင်းဆောင်ရွက်ပေးဖို့ လိုအပ်နေပြီလို့ ယူဆပါသလဲ။
UTPH    ။    ။
ကျွန်တော့်အမြင်မှာ ဖားကန့်ဒေသရဲ့ ပြဿနာဟာ ဒေသအဆင့်နဲ့တင် ဖြေရှင်းလို့ရတဲ့ ပြဿနာမျိုး မဟုတ်တော့ပါဘူး။ ဖားကန့်မှာ နယ်မြေတည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု၊ သယံဇာတ စီမံခန့်ခွဲမှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့ ပြည်သူတွေရဲ့လူမှုစီးပွားဘ၀ ပြဿနာတွေဟာ တစ်ခုနဲ့တစ်ခု  ဆက်စပ်နေပါတယ်။ ဒါကြောင့် နိုင်ငံတော်အဆင့်ကနေ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး အရေးပေါ်ကာကွယ်ရေးလုပ်ငန်းစဉ်နဲ့ ရေရှည်ပြန်လည်ထူ ထောင်ရေး စီမံကိန်းတစ်ရပ်  ချမှတ်ဆောင်ရွက်ပေးဖို့ လိုအပ်နေပြီလို့ ကျွန်တော် မြင်ပါတယ်။ အဓိကအားဖြင့် နယ်မြေတည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိရေး၊ တရားမဝင်တူးဖော်မှုတွေ ထိရောက်စွာ တားဆီးရေး၊ ဥရုချောင်းအပါအဝင် ရေစီးကြောင်းတွေ  ပြန်လည်ကောင်းမွန်လာရေးနဲ့ ဒေသခံပြည်သူတွေအတွက် တရားဝင် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေးတို့ကို ဦးစားပေး ဆောင်ရွက်စေချင်ပါတယ်။ ကျွန်တော် ပြောချင်တာက ဖားကန့်ဒေသဟာ နိုင်ငံတော်အတွက် အဖိုးတန်သယံဇာတတွေ ထွက်ရှိတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုသယံဇာတ ပေါကြွယ်ဝတဲ့ ဒေသမှာ နေထိုင်ကြတဲ့ ပြည်သူတွေ ကတော့ နေ့စဉ်အသက်အိုးအိမ် လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေရတယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ဒါကြောင့် နိုင်ငံတော်တာဝန် ရှိသူတွေအနေနဲ့ ဖားကန့်ဒေသခံ ပြည်သူတွေရဲ့ အခက်အခဲတွေကို အလေးအနက်ထားပြီး လက်တွေ့ကျတဲ့ ဖြေရှင်းဆောင်ရွက်မှုတွေ အမြန်ဆုံးလုပ်ဆောင်ပေးဖို့  လိုအပ်နေပြီလို့ ကျွန်တော်တင်ပြလိုပါတယ်။

TREND ။       ။ ဖားကန့်မြို့ကို မြေစာပုံအန္တရာယ်ကနေ ကယ်တင်နိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ လက်တွေ့ကျကျ ဘယ်လိုကြိုးပမ်းလုပ်ဆောင်သွားမလဲ။ ဒေသခံပြည်သူတွေကို ဘယ်လိုအာမခံချက်နဲ့ သတင်းစကားပေးလိုပါသလဲ။
UTPH    ။    ။
ကျွန်တော်က ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့အတွက် ဖားကန့်ပြည်သူတွေရဲ့ အခက်အခဲတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ ရောက်ရှိအောင် တင်ပြပေးဖို့၊ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပေးဖို့ တာဝန်ရှိပါတယ်။ နိုဝင်ဘာ ၆ ရက်က ပြည်သူ့လွှတ်တော်မှာ ဖားကန့်ဒေသရဲ့ ကျောက်စိမ်းတူးဖော်မှု၊ တရားမဝင်တူးဖော်မှုနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေကို မေးခွန်းမေးမြန်း တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ အစပဲရှိပါသေးတယ်။ ရှေ့ဆက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်နိုင်တဲ့ကိစ္စတွေကို ဆက်လက်ဆောင်ရွက်သွားမယ်။ လိုအပ်တဲ့ အချက်အလက်တွေကို စုဆောင်းပြီး လွှတ်တော်ကတစ်ဆင့် မေးခွန်းတွေ၊ အကြံပြုတင်ပြချက် တွေ ဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်။ ကျွန်တော် ပါဝင်တာဝန်ယူနေတဲ့ သတ္တုသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေနဲ့ ဆက်စပ်ပြီးတော့လည်း ဆောင်ရွက် နိုင်မယ့်နည်းလမ်းတွေကို ရှာဖွေသွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် လာမယ့်မိုးရာသီ မတိုင်မီ မြေစာပုံ အန္တရာယ်ရှိတဲ့နေရာတွေကို စိစစ်နိုင်ရေး၊ ရေကြီးရေလျှံမှု လျော့နည်းရေးနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်လုံခြုံရေးအတွက် လိုအပ်တဲ့အစီအစဉ်တွေ ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆက် လက်ညှိနှိုင်းသွားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တစ်ခုတော့ ပွင့်ပွင့်လင်းလင်း ပြောချင်ပါတယ်။
    လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတည်းနဲ့ ဖားကန့်ဒေသရဲ့ ပြဿနာအားလုံးကို ချက်ချင်းဖြေရှင်းပေးနိုင်မယ်လို့ ကျွန်တော်မပြောလိုပါဘူး။ ဒါဟာ နိုင်ငံတော်အဆင့် တာဝန်ရှိသူတွေ၊ သက်ဆိုင်ရာဌာနတွေ၊ ဒေသခံပြည်သူတွေ အားလုံးပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တာဝန်ယူနိုင်တဲ့ အပိုင်းကိုတော့ တတ်နိုင်သမျှ အကောင်းဆုံး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဖားကန့်ပြည် သူတွေကိုလည်း ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်ဟာ ဖားကန့်ပြည်သူတွေရဲ့ ကိုယ်စားလှယ်ဖြစ် တဲ့အတွက် ပြည်သူတွေရဲ့ အခက်အခဲကို ကျွန်တော့်အခက်အခဲအဖြစ် သဘောထားပါတယ်။ ပြည်သူတွေရဲ့အသံကို သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ ရောက်ရှိအောင် ဆက်လက်တင်ပြမယ်။ တင် ပြပြီးရုံနဲ့ ရပ်မနေဘဲ ဖြစ်ပေါ်တိုးတက်မှုတွေကိုလည်း ဆက်လက်စောင့်ကြည့်ပြီး လိုအပ်သလို ညှိနှိုင်းဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဖားကန့်ဒေသဟာ ကျောက်စိမ်းကြောင့် ကမ္ဘာကျော်တဲ့ဒေသ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ကျောက်စိမ်းတစ်တုံးရဲ့ တန်ဖိုးထက် ဖားကန့်ပြည်သူတစ်ဦးချင်းစီရဲ့ အသက်နဲ့ ဘဝက  ပိုပြီးတန်ဖိုးရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ဖားကန့်မြို့ဟာ မြေစာပုံအန္တရာယ်တွေကြားမှာ စိုးရိမ် ကြောက်ရွံ့စွာ နေထိုင်ရတဲ့မြို့ မဖြစ်စေချင်ပါဘူး။ ပြည်သူတွေအနေနဲ့ လုံခြုံစိတ်ချစွာ နေထိုင် နိုင်ပြီး သားစဉ်မြေးဆက်အထိ ရေရှည်တည်တံ့ဖွံ့ဖြိုးတဲ့ ဒေသတစ်ခုဖြစ်လာဖို့ ကျွန်တော့်ဘက်က တာ ဝန်ရှိတဲ့အတိုင်း အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားမယ်ဆိုတာ ပြောကြားလိုပါတယ်။

TREND ။        ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။                 

လင်းလင်းအောင်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၄ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 48

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

69028

© 2022 - 2026 News. All Rights Reserved.