Breaking

မိုခါမုန်တိုင်းဒဏ်ခံရသည့် ရခိုင်က အခြေခံပညာကျောင်းများ  အုပ်စုလိုက်ခွဲ ဖွင့်မယ်

 

၂၀၂၃ မေ ၂၉

မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ရှိကျောင်းများရာနှုန်းပြည့်မဖွင့်လှစ်နိုင်သေးပဲ ဇွန်လ အတွင်းမှာ အုပ်စုလိုက်ခွဲကာ ကျောင်းများဖွင့်သွားမယ်လို့ ပညာရေးဌာနကနေသိရပါတယ်။

မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းအများစုကိုတော့ လာမယ့် ဇွန်လ ၁ရက်နေ့မှာ ဖွင့်လှစ်မှာဖြစ်ပေမယ့် မိုခါမုန်တိုင်းဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရတဲ့ ရခိုင်ပြည်နယ်ရှိ အခြေခံပညာကျောင်းများကိုတော့ ၎င်းနေ့မှာ တစ်ပြိုင်နက်တည်းဖွင့်လှစ်နိုင်ခြင်းမရှိဘဲ အုပ်စုလိုက်ခွဲကာ ဖွင့်လှစ်သွားမယ်လို့ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ မြို့နယ် ၁၇မြို့နယ်ရှိပြီး အခြေခံပညာအထက်တန်းအဆင့် သင်ကြားတဲ့ကျောင်းက ၄၈၇ ကျောင်း၊ အလယ်တန်းအဆင့်သင်ကြားတဲ့ (အလက၊အလက(ခွဲ)၊မူလွန်) စတဲ့ကျောင်းပေါင်းက ၁၁၇၁ ကျောင်းနဲ့ မူလတန်းအဆင့် သင်ကြားတဲ့ကျောင်းက ၁၅၃၅ကျောင်း စုစုပေါင်း ၃၁၉၃ ကျောင်းရှိနေပါတယ်။

အဲဒီကျောင်းတွေထဲကမှ ဇွန်လ ၁ရက်နေ့မှာဖွင့်လှစ်နိုင်မယ့်ကျောင်းနဲ့ ဇွန်လတတိယအပတ်လောက်မှ ဖွင့်လှစ်နိုင်မယ့် ကျောင်းဆိုပြီးအုပ်စုနှစ်စုခွဲကာဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ ကျောင်းများပြန်လည်ပြင်ဆင်ရတဲ့ စရိတ်ပမာဏဟာကြီးမားမှုရှိနေတဲ့အတွက် တာဝန်ရှိသူများကြိုးစားလုပ်ဆောင်နေတယ်လို့ သိရပြီးကျောင်းများပြင်ဆင်နေမှုဟာလက်ရှိအချိန်ထိ ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီလို့သိရပါတယ်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများအပ်နှံမှုကိုအခုလမေ ၂၃ ရက်မှ မေ ၃၁ ရက်နေ့အထိသတ်မှတ်ထားရှိပြီးယင်းကျောင်းအပ်နှံရေးသီတင်းပတ်ရဲ့ ပဉ္စမရက်ဖြစ်တဲ့ မေ ၂၇ အထိတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိအခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှာကျောင်းအပ်နှံသူပေါင်းဟာ ၅,၄၇၄,၃၇၁ ဦးအထိရှိနေတယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Total Views ~ 559

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.