၂၀၂၄ ၊ ဇန်နဝါရီ ၃၁
ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှ လွဲ၍ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် အပေါင်းလက္ခဏာပြခဲ့ကြောင်း ဇန်နဝါရီလ ၂၉ ရက်တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌက၂၀၂၁-၂၂ ဘဏ္ဍာ ရေးနှစ်တွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေးပြဿနာများ ဖြစ်နေသည့်ကြားမှပင် နိုင်ငံ့စီးပွားရေးမှာ ၂ ဒသမ ၄ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ အလားတူ ၂၀၂၂-၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံရေး ပြဿနာ ဖြစ်ပွားမှုများ၊ စီးပွားရေး ပိတ်ဆို့မှုများစသည့် အခက်အခဲများကြားမှ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုင်ငံ့စီးပွားရေးမှာ ၃ ဒသမ ၄ ရာခိုင် နှုန်းအထိရောက်ရှိခဲ့ကြောင်း၊ ၂၀၂၃-၂၄ ခုနှစ်ဘဏ္ဍာရေးနှစ်တွင်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလအထိ နိုင်ငံ့စီးပွားရေးမှာ ၃ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍နိုင်ငံ့စီးပွားရေးနှင့်ပတ်သက်၍ ယခင်အစည်းအဝေးများတွင် ပြောကြားပြီးဖြစ်ရာ ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှစတင်၍ နိုင်ငံ့စီးပွားရေး ကျဆင်းခဲ့သည်ကို တွေ့ရကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံတော် တာဝန်ကို စတင်ထမ်းဆောင်ချိန်တွင် နိုင်ငံ့စီးပွားရေးမှာ အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်း အထိ ကျဆင်းလျက်ရှိသည်ကိုတွေ့ရ ကြောင်း၊ စီးပွားရေးစီမံခန့်ခွဲမှု လွဲမှားခဲ့မှုများနှင့် ပြည်တွင်း ထုတ်လုပ်မှုကို အားမပေးဘဲ ပြည်ပမှတင်သွင်းမှုများကိုသာ ဦးစားပေး ဆောင်ရွက်ခဲ့သည်ကို တွေ့ ရသောကြောင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ဦးစားပေးဆောင် ရွက်ခဲ့ကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။