ရန်ကုန်၊ ဧပြီ ၁၇
ပြည်သူများအနေဖြင့် ထုတ်ကုန်များပိုမိုတင်ပို့နိုင်ရန် ပိုမိုကြိုးပမ်းဆောင်ရွက်ပါက ယခုနှစ်တွင် ယခင်နှစ်များထက် စီးပွားရေးတိုးတက်မှုအား ပိုကောင်းလာမည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်မင်္ဂလာစကားတွင် ထည့်သွင်းပြောကြားလိုက်သည်။
" ကျွန်တော်တို့နိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွင်း စီးပွား ရေးအကြပ်အတည်းများ ရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ကျွန်တော်တို့ပြည်တွင်းအားတွေ စုစည်းမှုကောင်းလာသောကြောင့်ကုန်ထုတ်လုပ်မှုတွေ ကောင်းမွန်လာပါတယ်။ နယ်စပ်ကုန်သွယ်မှုတွေကို အတိုင်းအတာတစ်ခုအထိ ဖွင့်လှစ်လာနိုင်ခြင်းတွေကြောင့် လုပ်ငန်းတွေပြန်လည် လည်ပတ်လာနိုင်ပြီးနိုင်ငံရဲ့စီးပွားရေးဟာ အနုတ်လ က္ခဏာမှ အပေါင်း ၃ ရာခိုင်နှုန်းနီးပါး တိုးတက်လာခဲ့ပါတယ်။ စီး ပွားရေးမြှင့်တင်မှုတွေဆောင်ရွက်ရာမှာ ခိုင်မာတဲ့စီးပွားရေးလုပ်ငန်းတွေကိုဆောင်ရွက်ရန်လိုအပ်ပြီး ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကို အားပေးခြင်းဟာနိုင်ငံ့စီးပွားမြှင့်တင်ရေးကို အားပေးခြင်းဖြစ်ပါတယ်။ MSME လုပ်ငန်းတွေကိုအားပေးဆောင်ရွက်လျက်ရှိပါတယ်။ ထုတ်ကုန်တွေ ပိုမိုတင်ပို့နိုင်ဖို့ ကျွန်တော်တို့ပြည်သူတွေကပိုမိုကြိုးပမ်းဆောင်ရွက်ခဲ့ရင် ဒီနှစ်ဟာ ယခင်နှစ်တွေကထက် စီးပွားရေးတိုးတက်မှုအားပိုကောင်းလာမယ်လို့ ကျွန်တော်အပြည့်အဝယုံကြည်ပါတယ်" ဟု နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ပြောသည်။
ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို အစိုးရ၊ တပ်မတော်၊ ပြည်သူတို့၏ စုစည်းအားနှင့် အောင်မြင်စွာ ဖြေရှင်းခဲ့ကြောင်း၊ အနာဂတ်ကာလတွင် နိုင်ငံသားတိုင်းကျန်းမာရေးအရဘေးကင်းလုံခြုံကောင်းမွန်တဲ့ပတ်ဝန်းကျင်ဖြစ်စေရေးနှင့်ကျန်းမာရေးနှင့်ညီညွတ်သည့် အလေ့အထကောင်းတွေ ဖန်တီးပေးနိုင်ဖို့ ရေရှည်ရည်မှန်းချက်အနေနဲ့ ကြိုးပမ်း လုပ်ဆောင်လျက်ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
"ကျွန်တော်တို့ နိုင်ငံသားတွေကျန်းမာပြီး အသက်ရှင် ရပ်တည်နိုင်ရေးအတွက် စားရေရိက္ခာဖူလုံရေးဟာ အရေးကြီးပါတယ်။မိသားစု တစ်ခုရဲ့အသက်ဟာ မိသားစုစိတ်ဓာတ်ဖြစ်သလို ပြည်ထောင်စုတစ်ခုရဲ့ အသက်ဟာလည်းပြည်ထောင်စုစိတ်ဓာတ်ပဲဖြစ်ပါတယ်။ ကျွန်တော် တို့အားလုံး မှီခိုရှင်သန်ရာ ပြည်ထောင်စုရဲ့အရိပ်အာဝါသကို အသက်သဖွယ်မြတ်နိုး တန်ဖိုးထားပြီး စုပေါင်းဆောင်ရွက်ကြရင်နိုင်ငံ့တိုးတက်မှု အရှိန်အဟုန်ကောင်း တွေဟာ ရပ်တန့်နေမှာမဟုတ်ပါဘူး။ကျွန်တော်တို့ သွားလိုတဲ့ပန်းတိုင်ကို မဖြစ်မနေ ရောက်ရှိမယ်လို့ ယုံကြည်ပါတယ်" ဟူ၍ နစကဥက္ကဋ္ဌ ပြော ပြောကြားခဲ့သည်။
ထို့အပြင်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရတွင် တိုင်းပြည်ငြိမ်းချမ်းမှုရှိရေးသည် မဖြစ်မနေလိုအပ်ပြီး အကြမ်းဖက်မှုဖြစ်စဉ်များရှိနေသည့် တိုင်းပြည်များသည်တိုးတက်မှုနှောင့်နှေးနေမည် ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။