၂၀၂၃၊ ဒီဇင်ဘာ ၂၀
မော်တော်ကားနှင့် ပတ်သက်သည့် ကဏ္ဍများတွင် တွေ့ကြုံနေရသည့် အခက်အခဲများကို ကူညီဆောင်ရွက်ပေးပြီး တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်မှု ပိုမိုအားကောင်းရန် ရည်ရွယ်၍ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း(MAMDA)၏ နဝမအကြိမ် မြောက်နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း (MAMDA)မှဥက္ကဋ္ဌ ဦးဇော်ထိုက်အေးက ပြောကြားခဲ့သည်။
မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဦးဇော်ထိုက်အေးက "တစ်ဦးနဲ့တစ်ဦး ချိတ်ဆက်မှုအားကောင်းအောင်၊ ပိုပြီးတော့ကောင်းအောင် ဘယ်လိုချိတ်ဆက်ကြမလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ မော်တော် ကားနဲ့ပတ်သက်တဲ့ကဏ္ဍ အခက်အခဲအကုန်လုံးကို ကူညီပေးပါမယ်။ ရောင်းချတာ ဖြစ်ဖြစ်၊ တင်သွင်းတာဖြစ်ဖြစ်၊ ဖြန့်ဖြူးတာဖြစ်ဖြစ် မော်တော်ယာဉ်နဲ့ပတ်သက်တဲ့ ကိစ္စမှန်သမျှ အသင်းကို ဆက်သွယ်နိုင်ပါတယ်။အသင်းသားတွေ အကုန်လုံးလည်း အခက်အခဲရှိရင် အသင်းချုပ်ကို တင်ပြပါ။ လူအား၊ ငွေအားစိုက်ပြီး ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက ဂုဏ်ပြုမှာစကား ပြောကြားပေးခဲ့ရာတွင် MAMDA အသင်းသည် နိုင်ငံတော်၏ မော်တော်ယာဉ် တင်သွင်းခွင့်မူဝါဒများ အဆင့်ဆင့်ပြောင်းလဲမှုဖြစ်စဉ်တွင် ဌာနဆိုင်ရာများနှင့်အတူ ကုန်သည်စက်မှု အသင်းချုပ်နှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် နိုင်ငံတော်၏ Automobile Policy ရေးဆွဲရေးရာတွင်လည်း အသင်းချုပ်နှင့်အတူ ပါဝင်ဆောင် ရွက်ခဲ့ကြောင်း၊ မော်တော်ယာဉ်ထုတ်လုပ်မှု လုပ်ငန်းစဉ်များတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတွင် MAMDA အသင်းမှ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး လျှပ်စစ်သုံးယာဉ်များနှင့် ပတ်သက်၍ အများပြည်သူအတွက် ဗဟု သုတမျှဝေခြင်း အစီအစဉ်များတွင်လည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
MAMDA အသင်းအနေဖြင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်ကောင်စီ၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတိုတွင် အသင်းခွဲများ ဖွဲ့စည်းထားပြီး ကျန်ဒေသများတွင်ပါ အသင်းခွဲတိုးချဲ့သွားနိုင်ရေး ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း MAMDA ဥက္ကဋ္ဌ ဦးဇော်ထိုက်အေးက ထပ်မံပြော ကြားခဲ့သည်။