၂၀၂၃ ဒီဇင်ဘာ ၁၂
၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ဒီဇင်ဘာလဆန်းအထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု စာရင်းအရ ပို့ကုန်အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံနီးပါးထိ တင်ပို့နိုင်ပြီး ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ယခုနှစ်တွင် မတ်ပဲ၊ ဆန်၊ ဆန် ကွဲ၊ ပြောင်း၊ ပဲတီစိမ်း၊ ရော်ဘာ၊ ပဲစင်းငုံ၊ နှမ်း၊ မြေပဲနှင့် ကြက်သွန်နီ၊ နနွင်းတက်၊ မန်ကျည်းသီး၊ ချင်းခြောက်၊ ဝဥ၊ ကြက်ဆူစေ့၊ ကော်ဖီစေ့၊ သီဟိုဠ်စေ့၊ ဝါ၊ ပီလောပီနံ၊ ဖရဲ၊ သခွား၊ သရက်၊ တစ်သျှူးငှက်ပျော လယ်ယာ ထွက်ကုန်များ စုံလင်စွာ တင်ပို့နိုင်သကဲ့သို့ ရေထွက်ပစ္စည်းကဏ္ဍမှ ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ငါးရှဉ့်၊ ငါးလေးခြောက်၊ ငါးခြောက် များ တင်ပို့လျက်ရှိကြောင်း သိရသည်။
ပြည်ပတင်ပို့မှု၌ စက်မှုကဏ္ဍထုတ်ကုန်များ တိုးတက်စေရေး ဆောင်ရွက်လျက်ရှိရာ သစ်ပါးလွှာနှင့် အထပ်သားများ၊ သစ်အချောထည်ထုတ်ကုန်များ၊ ချုပ်ပြီးအထည်၊ သကြားနှင့် အခြားစက်မှုကုန်ချော ထုတ်ကုန်များကိုလည်း တင်ပို့လျက်ရှိပါ သည်။ ဧပြီလမှ ဒီဇင်ဘာလဆန်းထိတွင် ပြည်ပနိုင်ငံပေါင်း ၁၁၇ နိုင်ငံသို့ ပို့ကုန် အသီးသီး တင်ပို့ခဲ့ပြီး ထိုင်း၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ အမေရိကန်၊ ဂျာမနီ၊ ပိုလန်၊ တောင်ကိုရီးယား၊ ဗြိတိန်၊ စပိန်၊ ဘယ်လ်ဂျီယံ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများမှာ ကုန်စည်အလိုက် ဈေးကွက်ဝယ်လို အား များပြားသည့် နိုင်ငံများဖြစ်ပြီး ပြည်ပပို့ကုန်၊ သွင်းကုန်၊ ကုန်သွယ်မှုအား ကုမ္ပဏီ ၅၉၃၈ ခုမှ အမှန်တင်ပို့၊ တင်သွင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ပြည်ပသို့ ပို့ကုန်တင်ပို့မှုအား ပင် လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများအပြင် လေကြောင်းလိုင်းများမှတစ်ဆင့် တင်ပို့မှုများ ဆောင်ရွက်လျက်ရှိရာ ငါးမျိုးစုံ၊ ပုစွန်နှင့် အခြားရေထွက်ပစ္စည်းများတင်ပို့သည့် လုပ်ငန်းရှင်အချို့မှ ရက်သတ္တပတ်လျှင် တန်ချိန် ၃၀၀ ကို တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ယူနိုက်တက်ကင်းဒမ်း နိုင်ငံများသို့ လေကြောင်းဖြင့် တင်ပို့ လျက်ရှိကြောင်း သိရသည်။
ပို့ကုန် တိုးတက်တင်ပို့နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း ရှင်များအား အသိအမှတ်ပြုသည့်အနေဖြင့် ရော်ဘာပို့ကုန်ရငွေဖြင့် လုပ်ငန်းသုံးအတွက် လိုအပ်သည့် ဓာတ်မြေသြဇာ တင်သွင်းခွင့်ပြုထားပြီး ဆန်၊ ပဲ၊ ပြောင်းတင်ပို့သည့်လုပ်ငန်း ရှင်များအား ပြည်တွင်းဈေးကွက် လိုအပ်ချက်ရှိသည့် စက်သုံးဆီကဲ့သို့သော သွင်းကုန်ပစ္စည်းများ တင်သွင်းခွင့်ပြုမည့် အစီအစဉ်များ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။