ကလျာဏမိတ္တနှင့် နိုင်ငံ့အရေး

၂၀၂၅ ၊ ဒီဇင်ဘာ ၅

    ကလျာဏမိတ္တဆိုသည့် စကားလုံးကို လူတိုင်းရင်းနှီးပြီးသား ဖြစ်မည်ထင်သည်။ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ အလွယ်တကူဖွင့်ဆိုရလျှင် မိတ်ကောင်းဆွေကောင်းဟု ဖွင့်ဆိုရမည်ဖြစ်သည်။ လူပုဂ္ဂိုလ်တစ်ယောက်ချင်းစီ တိုင်းတွင်လည်း ကလျာဏမိတ္တဟူသော မိတ်ကောင်းဆွေကောင်းရှိရန် လိုအပ်သည်။ ကလျာဏမိတ္တဟူသည် ပြောမနာဆိုမနာ လည်ပင်းဖက်ပေါင်းသင်းကြသော အပေါင်းအသင်းထက် မိမိ၏ အကျိုးစီးပွားကို လို လား၍ မကောင်းမှုကို ရှောင်ကြဉ်တတ်စေရန်၊ ကောင်းမှုကိုလုပ်ဆောင်ရန် လမ်းပြနိုင်သော မိတ်ဆွေစစ်ကိုဆိုလိုခြင်း ဖြစ်သည်။ ကလျာဏမိတ္တနှင့် ပတ်သက်၍ ဤနေရာတွင် ကလျာဏမိတ္တ ဂုဏ်အင်များကို မျှဝေလိုသည်။

ကလျာဏမိတ္တဟူသည်

(၁)လေးစားခံ၊ ချီးမွမ်းခံထိုက်သူဖြစ်ခြင်း၊

(၂)အကျိုးမဲ့ရာ၌မပြောဆို၊ မတိုက်တွန်းခြင်း

(၃)ကောင်းသော အကြံဉာဏ်တို့ကို ပေးတတ်ခြင်း၊

(၄)ပေးကမ်း မျှဝေတတ်ခြင်း၊

(၅)မေတ္တာစကား၊ အကြင်နာစကားကိုဆိုခြင်း၊

(၆)ကိုယ်ထိလက်ရောက် ကူညီတတ်ခြင်း၊

(၇) အဆင့်အတန်း မခွဲခြားခြင်း စသည့် ဂုဏ်အင်များဖြင့် ပြည့်စုံသူဖြစ်သည်။

    မိတ်ကောင်းဆွေမွန်ရှိခြင်း၏ အကျိုးနှင့်ပတ်သက်၍ ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် မိန့်မှာဟောကြားမှုကို လေ့လာရန် လိုအပ်သည်။ အခါ တစ်ပါး၌ အရှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤသို့ လျှောက်ထားဖူးသည်။ "အရှင်ဘုရား မိတ်ဆွေကောင်းရှိခြင်းသည် မိမိ၏ အကျိုးစီးပွားတစ်ဝက်ကို ပြီးမြောက်နိုင်ပါသည်ဘုရား။" ထိုအခါ မြတ်စွာဘုရားက အာနန္ဒာ ဤသို့ မလျှောက်နှင့်ဟု ပိတ်ပင်တော်မူလေသည်။ အရှင်အာနန္ဒာက သုံးကြိမ်တိုင်တိုင် လျှောက်ထားသည်။ မြတ်စွာ ဘုရားကလည်း သုံးကြိမ်တိုင်တိုင် ပယ်ချသည်။ နောက်ဆုံးတွင် မြတ်စွာဘုရားက "အာနန္ဒာ  မိတ်ဆွေကောင်း ရှိခြင်းသည် မိမိ၏ အကျိုးစီးပွားတစ်ဝက်သာမဟုတ်၊ အကျိုးစီးပွားအလုံးစုံတို့ကို ပြီးမြောက်နိုင်ပေသည်။ သင်ချစ်သားသည်ပင် ငါဘုရားတည်းဟူသော မိတ်ဆွေကောင်းကိုရ၍ သံသရာမှ လွတ်မြောက်ခဲ့ပြီမဟုတ်လော"ဟု မိန့်တော်မူလိုက်လေသည်။ အရှင်အာန န္ဒာသည် မြတ်စွာဘုရား၏ အဆုံးအမကို နာကြားရ၍ မိတ်ဆွေ ကောင်းတို့၏ တန်ဖိုးကို နားလည်သွားလေသည်။
    ထိုကြောင့် လူအများသည်လည်း မိမိတို့၏ လူမှုဘဝ၊ စီးပွားပညာ အစစအရာရာ တိုးတက်မြင့်မားစေရန်အတွင် ကလျာဏမိတ္တဟူသော မိတ်ကောင်းဆွေမွန် ရှိရန် လွန်စွာမှအရေးကြီးလှသည်။ အပေါ်ယံ ပေါင်းသင်းကာ မိမိ၏ အကျိုးစီးပွားကို ပျက်စီးရာပျက်စီးကြောင်း ကြံစည်ကြသူ များ၊ အနီးကပ် ပေါင်းသင်းနေထိုင်သော်လည်း ဘဝတိုးတက်ရေးအတွက် အကြံကောင်းဉာဏ် ကောင်းများထက် မိမိတိုးတက်သွားမည် သာလွန်သွား မည်ကိုလိုလားခြင်း မရှိသည့်အတွက် မကောင်းကြံစည် ကြသူများသာ များပြားလှသည့်ကာလတွင် မိတ်ကောင်း ဆွေမွန်တွေ့ရှိရေး ခက်ခဲလှသည်။ လူတစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးတွင် အများစုက မိမိ၏ အားနည်းချက်ကို ထုတ်ဖော်ပြောဆို ဆုံးမတတ်သူ၊ မိမိမကောင်းမှုတွင် ပျော် မွေ့ချင်သည့်အခါ မကောင်းမှု ပြုနေသည်ကို ဟန့်တားတတ်သူကို မိတ်ကောင်းဆွေကောင်းဟု မမြင်မိဘဲ ရန်သူသဖွယ် ဆက်ဆံတတ်ကြသဖြင့် မိတ်ကောင်းဆွေ ကောင်းရရှိရေးက ခက်ခဲကြခြင်းသာ ဖြစ်သည်။ ထို့ကြောင့်လည်း အများစုမှ တရားတော်လာအတိုင်း မိတ်ကောင်းဆွေမွန်များမရရှိဘဲ ဘဝတိုးတက်ရေး နှောင့်နှေးမှုများ ကြုံတွေ့ရခြင်းသာ ဖြစ်သည်။ မိတ်ကောင်းဆွေ မွန်ရရှိရေးသည်လည်း မိတ်ကောင်းဆွေ မွန်အဖြစ်လက်ခံနိုင်သူ၏ လက်ခံနိုင်စွမ်းကလည်း အရေးပါလှသည်ကို ဆိုလိုရင်းဖြစ်သည်။
    အထက်ပါ ရေးသားချက်များသည် လူတစ်ဦး တစ်ယောက်ချင်းစီအတွက် ကလျာဏမိတ္တဟူသော မိတ်ကောင်းဆွေမွန် ရရှိရေးဖြစ်ပြီး နိုင်ငံပေါင်းများစွာနှင့် ပေါင်းသင်းဆက်ဆံနေရသော နိုင်ငံတကာဆက်ဆံရေးတွင်လည်း ကလျာဏမိတ္တဖြစ်ထိုက်သော နိုင်ငံများနှင့် ပေါင်းသင်းဆက် ဆံခွင့် ရရှိရေးကလည်း နိုင်ငံအကျိုး ဖြစ်ထွန်းမှုအတွက် အဓိကကျသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံရေးအခန်းကဏ္ဍကို ကြည့်ရာတွင် ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒကိုကိုင်စွဲပြီး ကမ္ဘာ့နိုင်ငံအသီးသီးများဖြင့် သင့်တင့်မျှတသော ဆက်ဆံရေးကို ထူထောင်ထားသည်ကို တွေ့ မြင်ရမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားနိုင်ငံက ဝင်ရောက်စွက်ဖက်မှုကို မလိုလားသည့် သဘောကို ကိုင်စွဲထားပြီး မြန်မာနိုင်ငံအနေနှင့် ယနေ့ချိန်ထိ မည်သည့်နိုင်ငံ၏ နိုင်ငံရေးကိုမျှ  ဝင်ရောက်စွက်ဖက် နှောင့်ယှက်ခြင်းအလျင်းမရှိဘဲ ဒေသတွင်းနိုင်ငံများနှင့်သာမက အခြားနိုင်ငံများနှင့် သံတမန် ဆက်ဆံရေးကောင်းကို တည်ဆောက်ထားနိုင်ခြင်း ဖြစ်သည်။
    သို့သော် မြန်မာ့နိုင်ငံရေးဖြစ်စဉ်တစ်လျှောက်လုံး ခြုံကြည့်ပါက မြန်မာ့နိုင်ငံရေးအပေါ် ဝင်ရောက်စွက်ဖက်လိုသော နိုင်ငံများရှိနေခြင်းက စိတ်မကောင်းဖွယ်ရာပင် ဖြစ်သည်။ သူ့ကျွန်ဘ၀ရောက်ရှိစဉ်ကတည်းက တောင်တန်း-ပြည်မ ခွဲခြားအုပ်ချုပ်မှုများကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပျက်ပြားခဲ့ရပြီးနောက် လွတ်လပ်ရေးရရှိချိန်မှ ယနေ့ချိန်ထိလည်း ပြည်တွင်း ပြည်ပပယောဂများကြောင့် ငြိမ်းချမ်းရေး ခိုင်ခိုင်မာမာ တည်ဆောက်ရန် အချိန်ယူနေရခြင်း ဖြစ်သည်။ ပြည်တွင်းရေး မတည်မငြိမ်ဖြစ်မှုကို အကြောင်းပြု၍ အကျိုးအမြတ်တွက်ကာ ဆောင် ရွက်နေသော နိုင်ငံအချို့၏ အကြံအစည်များကြောင့် ငြိမ်းချမ်းရေးက အလှမ်းဝေးနေသလို ကိုယ်ကျိုးစီးပွားအတွက် လက်နက်ကိုင်ထားကြ သူတို့၏ ပြည်သူအပေါ်မျက်နှာမမူဘဲ ကိုယ်ကျိုးအတ္တကို ကိုင်စွဲထားကြခြင်းကလည်း ငြိမ်းချမ်းရေးအတွက် ခလုတ်ကန်သင်း ဖြစ်နေကြခြင်းသာဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအလှည့်အပြောင်းအချိန်တိုင်းတွင်လည်း နိုင်ငံကြီးအချို့၏ ဟန့်တား နှောင့်ယှက်မှုများက ရှိခဲ့ကြသည်။ မြန်မာနိုင်ငံအနေဖြင့် ထူးခြားသော နိုင်ငံရေး အလှည့်အပြောင်းဖြစ်သည့် ၂၀၁၀ ရွေးကောက်ပွဲမှ စတင်ခဲ့သည့် ဒီမိုကရေစီခရီးလမ်းကို ကြည့်ရှုလျှင် ပိုမို သိသာနိုင်သည်။ မြန်မာ့ဒီမိုကရေစီအပြောင်းအလဲကို မလိုလားသော (အထူးအားဖြင့် ၎င်းတို့ သြဇာခံ အစိုးရဖြစ်ပေါ်လာရေးလိုလားသော) နိုင်ငံကြီးအချို့က မြန်မာနိုင်ငံ၏ အပြောင်းအလဲကို ကြိုဆို ထောက်ခံရမည့်အစား နည်းမျိုးစုံဖြင့် နိုင်ငံအပေါ် နိုင်ငံရေးအရ ဖိအားပေးခဲ့ကြသည်။ နိုင်ငံရေးအပြောင်း အလဲများ မတိုင်ခင်ကတည်းက နိုင်ငံတော်တာဝန်ယူခဲ့သော တပ်မတော်အစိုးရနှင့် ပြည်သူများ အကျပ်အတည်းဖြစ်စေရန် နိုင်ငံတကာကို အရေးယူပိတ်ဆို့ရေးအတွက် အင်အားစုအချို့က တောင်းဆိုခဲ့ကြပြီး အနောက်နိုင်ငံကြီးအချို့ကလည်း အရေးယူပိတ်ဆို့မှုများဖြင့် နိုင်ငံရေးအရ ဖိအားပေးခဲ့ကြသည်။
    မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီကို အားကောင်းမောင်းသန် လျှောက်လှမ်းနေကြောင်း ကမ္ဘာကို ပြသရန် ၂၀၁၅ ရွေးကောက်ပွဲဖြင့် သက်သေပြခဲ့ပြီး အရပ်သားအစိုးရကို တိုင်းပြည်အာဏာ ပေးအပ်ခဲ့သည်။ ယင်းနောက် အစိုးရဖြစ်လာကြသော အဖွဲ့အစည်းနှင့် ဆက်ဆံရေး ကောင်းမွန်သော အနောက်နိုင်ငံကြီးအချို့နှင့် မြန်မာနိုင်ငံအကြား ကူးလူးဆက်ဆံမှု ရှိခဲ့ကြသည်။ သို့သော် အဆိုပါ အစိုးရခေတ်က အနောက် နိုင်ငံအချို့၏ မြန်မာနိုင်ငံအပေါ် ဆက်ဆံရေးက ရေပေါ်ဆီဆက်ဆံရေးသာ ဖြစ်သည်ဟုဆိုရ မည်ဖြစ်သည်။ သို့သော် ယင်းအစိုးရလက်ထက်တွင် ၎င်းတို့ အားကိုးယုံကြည်သော နိုင်ငံကြီးမှ မြန်မာနိုင်ငံအပေါ် ထိထိရောက်ရောက် အကူအညီများပေးခဲ့ခြင်းမရှိသလို မြန်မာပြည်သူ ပြည်သားများဘ၀ တိုးတက်မြင့်မားရေးအတွက် ရင်းနှီးမြှုပ်နှံမှု တစ်စုံတစ်ရာပင်မရှိခြင်းက အပေါ်ယံဆက်ဆံရေးကို သိသာစေသည့် အချက်ဖြစ် သည်။ မြန်မာ့အရေး၊ မြန်မာပြည်သူအရေးဟု တဖွဖွ ရေရွတ်ခဲ့သည့် နိုင်ငံကြီး၏ အပြုအမူက ၎င်းင်းတို့ ကြိုးကိုင်ခြယ်လှယ်နိုင်သော အစိုးရလက်ထက်တွင်ပင် မြန်မာနိုင်ငံသားတို့၏ အကျိုးကို တစ်စုံတစ်ရာ မပြုခဲ့ခြင်းက မြန်မာပြည်သူများ သတိမမူမိသော အပေါ်ယံ ဆက်ဆံရေးသာ ဖြစ်သည်။
    ထိုသို့သော ဒီမိုကရေစီ လွန်စွာမှအားကောင်းနေသော ခေတ်ကာလတွင်ပင်လျှင် အပေါ်ယံဆက်ဆံရေးဖြင့် ဖက်လှဲတကင်းဆက်ဆံပြသော နိုင်ငံကြီးအချို့၏ မြန်မာပြည်သူများအပေါ် ထားရှိသည့် သဘောထားက ဒီမိုကရေစီ ခလုတ်ကန်သင်းတွေ့ချိန်တွင် ထင်ထင်ရှားရှား ပေါ်ပေါက်လာခဲ့သည်။ ရွေးကောက်ပွဲမဲမသမာမှု၏ အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာခဲ့ရသည့် နိုင်ငံရေး အလှည့်အပြောင်းနှင့် အတူ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ကာလတွင် ပိုမိုထင်ရှားခဲ့သည်။ ပြည်သူများကပ်ရောဂါကြောင့် တိမ်းပါးနေ ချိန်တွင် မြန်မာပြည်သူအရေးဟု ဟစ်ကြွေးအသံကောင်းဟစ်သော နိုင်ငံကြီးထံမှ ကိုဗစ်ကာကွယ်ဆေး တစ်လုံးပင် အကူအညီမပေးဘဲ မျက်ကွယ်ပြုခဲ့ကြသည်။ ထိုစဉ်က ရုရှား၊ အိန္ဒိယ အစရှိသော နိုင်ငံအပါ အဝင် နိုင်ငံအချို့က မြန်မာပြည်သူပြည်သားတို့ ဒုက္ခကို မျှဝေခံစားခဲ့ပြီး ကာကွယ်ဆေးများပေးခဲ့ပြီး ယင်းကျေးဇူးတရားက မေ့ပစ်၍မရသော အကြောင်းအရင်းပင် ဖြစ်သည်။
    ယင်းနောက် တပ်မတော်က နိုင်ငံ့တာဝန်ယူခဲ့ ချိန်တွင်လည်း ဒေသတွင်း အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းအင်အားကြီးနိုင်ငံများဖြင့် မိတ်ဝတ်မပျက်ဆက်ဆံရေးကို ဆက်လက်ထူထောင်ထားခဲ့သည်။ သို့သော် အာဆီယံဒေသတွင်းနိုင်ငံများ ဆက်ဆံရေးတွင် အနောက်နိုင်ငံအချို့ ဝင်ရောက်စွက်ဖက်ခဲ့ပြီး မြန်မာနိုင်ငံနှင့် အာဆီယံဆက်ဆံရေးကြား အဖုအထစ်များ ချန်ထားရစ်ခဲ့ကြသည်။ သို့သော် ဘက်မလိုက်မူဝါဒဖြင့် နိုင်ငံတကာဆက်ဆံရေးထူထောင်ထားသည့် ခိုင်မာသောနိုင်ငံတကာ ဆက်ဆံရေးကြောင့် မြန်မာနိုင်ငံအနေနှင့် ဒေသတွင်း နိုင်ငံများသာမက နိုင်ငံတကာသို့ ဆက်ဆံရေးကောင်းများ ဖြန့်ကြက်နိုင် ခဲ့သည်။
    နိုင်ငံတော်အကြီးအကဲ၏ တရုတ်၊ ရုရှား၊ ဘီလာရုစ် အစရှိသော နိုင်ငံတကာ ခရီးစဉ်ကြီးများက မြန်မာနိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံရေးကောင်းများကို အထင်အရှားပြသနိုင်ခဲ့သော ခရီးစဉ်များ ဖြစ်ခဲ့ သည်။ နိုင်ငံတော်အကြီးအကဲရောက်ရှိရာ နိုင်ငံတိုင်းကလည်း တခမ်းတနား ကြိုဆိုခဲ့ကြပြီး အလေးဂရုပြု ဆက်ဆံမှုကို ပြသခဲ့ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်များကို ကောင်းစွာသဘောပေါက်နားလည် လက်ခံခဲ့ကြသည်။ ထိုသို့ နိုင်ငံတော်အကြီးအကဲ၏ နိုင်ငံတကာဆက်ဆံရေးကြိုးပမ်းမှုကြောင့် မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲအပေါ် ထောက်ခံအားပေးသော ကမ္ဘာ့နိုင်ငံကြီးများ၊ အိမ်နီးချင်းအင်အားကြီး နိုင်ငံကြီးများနှင့် ဒေသတွင်း နိုင်ငံများပေါ်ပေါက်လာကာ အားပေးကူညီမှုများ ရရှိခဲ့သည်။
        ရွေးကောက်ပွဲ နီးချိန်တွင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲကိုမလိုလားသော အနောက်နိုင်ငံအချို့မှ ရွေးကောက်ပွဲမလိုလားကြောင်း ပြောဆိုသံများက မြန်မာနိုင်ငံ၏ မိတ်ကောင်းဆွေမွန်နိုင်ငံများ၏ ထောက်ခံမှုများအကြား တိမ်မြုပ်ပျောက်ကွယ်နေရပြီ ဖြစ်သည်။ ယခုရက်ပိုင်းအတွင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်  ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးလာရောက်ခဲ့သော ဘီလာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Lukashenko ၏ မြန်မာနိုင်ငံအပေါ် ထားရှိ သည့် သဘောထားပြောကြားချက်များက  ဘီလာရုစ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် မိတ်ကောင်းဆွေမွန် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း အထင်အရှားပြသခဲ့သည်။
    မြန်မာနိုင်ငံနှင့် ဘီလာရုစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေးကို ၁၉၉၉ ခုနှစ်မှာ စတင် ထူထောင်ခဲ့ပြီး သက်တမ်းအားဖြင့် ၂၆ နှစ်ရှိပြီဖြစ်သ လို ဘီလာရုစ် သမ္မတကြီး၏ ခရီးစဉ်သည်လည်း ဘီလာရုစ်နိုင်ငံမှ နိုင်ငံတော်အကြီးအကဲတစ်ဦး မြန်မာနိုင်ငံကို ပထမဦးဆုံးအကြိမ် လာရောက်သည့်ခရီးစဉ် ဖြစ်သည်။
    ခရီးစဉ်အတွင်း ဘီလာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Lukashenko ၏ ပြောကြားချက် အချို့က မြန်မာနိုင်ငံသူနိုင်ငံသားများအပေါ် စေတနာပါသော စကားများဖြစ်နေသည်ကို တွေ့မြင်ရသည်။ နိုင်ငံကြီးအချို့နှင့် မြန်မာနိုင်ငံ၏ အပြောင်းအလဲကို မလိုလားကြသူများက ရွေးကောက်ပွဲကို နည်းမျိုးစုံဖြင့် ပုံဖျက်နေကြသော်လည်း ဘီလာရုစ်သမ္မတကြီးက "ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံမှာဆိုလို့ရှိရင် မကြာမီအတောအတွင်း အတိအကျပြောမယ်ဆိုရင် နောက်လာမယ့်တစ်လအတွင်းမှာ မြန်မာနိုင်ငံမှာ သမိုင်းဝင်ရွေးကောက်ပွဲကျင်းပတော့မယ်လို့ သိရှိရပါတယ်။ ဒီရွေးကောက်ပွဲကတော့ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲပြီးတဲ့အချိန်မှာ အထူးသဖြင့်တော့ ပါလီမန်တည် ထောင်ဖို့အတွက် ဒီရွေးကောက်ပွဲကို လုပ်ဆောင်တယ်လို့ သိရှိရပါတယ်။ ကျွန်တော့်အနေနဲ့ အဆွေတော် သမ္မတကြီးကို မိတ်ဆွေရင်းအနေနဲ့ ထပ်ပြီးတော့ ပြောလိုတာကတော့ အဆွေတော်သမ္မတကြီး ဦးဆောင်ပြီးတော့ ကျင်းပတဲ့ ရွေးကောက်ပွဲဟာဆိုလို့ရှိရင် မြန်မာနိုင်ငံရဲ့ ပြည်သူပြည်သား တွေအားလုံး အတွက် ရွေးကောက်ပွဲကို ကျင်းပတာဖြစ်လို့လည်း ကျွန်တော် ထောက်ခံပါတယ်။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ပြည်သူပြည်သားတွေ အားလုံးအနေနဲ့လည်း အစိုးရက ပြည်သူပြည်သားတွေ အားလုံးအတွက် လုပ်ဆောင်ပေးတယ် ဆိုတာကိုလည်း နားလည်ရမှာ ဖြစ်ပါတယ်"ဟု ရွေးကောက်ပွဲ၏ အရေးပါမှုကို ပြည်သူများ သတိပြုနိုင်ရန် ပြောဆိုခဲ့သည်ကို တွေ့မြင်ရသည်။
    ထိုပြောဆိုချက်က မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို လိုလားကြောင်း ပြောကြားသည့် မိတ်ဆွေကောင်း တစ်ဦးထံမှ စေတနာပါသော စကားတစ်ခွန်းပင်ဖြစ်သည်။ မြန်မာပြည် ငြိမ်းချမ်းရေးဖြစ်စဉ်ကို နားလည်သဘောပေါက်သော ဘီလာရုစ်သမ္မတကြီးက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအပေါ်ကိုလည်း "လက်ရှိ အခြေအနေမှာတော့ မြန်မာနိုင်ငံအနေနဲ့ အနာဂတ်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် တည်ငြိမ်အေးချမ်းမှုကို အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး မြန်မာနိုင်ငံရဲ့ ပြည်တွင်း တည်ငြိမ်အေးချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဘီလာရုစ်နိုင်ငံအနေနဲ့လည်း တတ်နိုင်သလောက် ကူညီပေးသွားမှာ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
    ထို့အပြင် ဘီလာရုစ်နိုင်ငံ သမ္မတကြီးက မြန်မာ့နိုင်ငံ၏ လက်ရှိအခြေအနေအရ ပြည်တွင်းပြည်ပ နိုင်ငံရေးပယောဂပေါင်းစုံကို ရင်ဆိုင်နေရပြီး နိုင်ငံအပြောင်းအလဲကို ဆောင်ရွက်ပေးနေသော နိုင်ငံတော် အကြီးအကဲနှင့် အစိုးရကို ချီးကျူးစကားထုတ်ဖော်ပြောကြားခဲ့သည်။
    "ကျွန်တော့်ရဲ့ နိုင်ငံရေးသက်တမ်း တစ်လျှောက်မှာ အဆွေတော် ဦးဆောင်တဲ့ အစိုးရအဖွဲ့လိုမျိုး မိမိနိုင်ငံနဲ့ မိမိပြည်သူပြည်သားတွေအတွက် နေ့စဉ်နေ့တိုင်း အားသွန်ခွန်စိုက် အလုပ်လုပ်တဲ့အစိုးရနဲ့ နိုင်ငံခေါင်းဆောင်မျိုး မတွေ့ဖူးပါဘူး။ တော်တော်လေးကို ရှားရှားပါးပါးတွေ့ဖူးတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ နိုင်ငံအနေနဲ့လည်း နှစ်နိုင်ငံ ပြည်သူပြည်သားတွေအားလုံး အကျိုးအမြတ်ရစေဖို့၊ နှစ်နိုင်ငံပြည်သူ ပြည်သားတွေအားလုံး စိတ်ချမ်းသာစေဖို့အတွက်၊ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဘီလာရုစ်နိုင်ငံအနေနဲ့ အဆင်သင့်ရှိကြောင်း ပြောကြားလိုပါတယ်" ဟု ချီးကျူး စကားဆိုခဲ့သည်။ အဆိုပါ ပြောကြားချက်ကို လေ့လာရာတွင် ဘီလာရုစ်သမ္မကြီးအနေဖြင့် နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော် အစိုးရ၏ ကြုံတွေ့နေရသော နိုင်ငံရေးအခက်အခဲ ဖြတ်သန်းမှုကို ကောင်းစွာနားလည်သဘောပေါက်ထားပြီး နိုင်ငံအပြောင်းအလဲကို အားသွန် ခွန်စိုက် ဆောင်ရွက်နေမှုအပေါ် စာနာနားလည်သည့် သဘော ပင်ဖြစ်သည်။
    ဘီလာရုစ်သမ္မတကြီး၏ ပြောကြားချက်များထဲတွင် မြန်မာနိုင်ငံသူနိုင်ငံသားတို့ အကျိုးကိုရှေးရှုထားကြောင်း ပေါ်လွင်စေသည့် စကားရပ်တစ်ခုမှာ "ကျွန်တော်တို့ တွေ့ဆုံမှုမှာ နှစ်နိုင်ငံအတွက် အရေးကြီးတဲ့ ဒီဆွေးနွေးမှုတွေကို ဆွေးနွေးခဲ့ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ နှစ်နိုင်ငံကြားမှာ ဆေးဝါးဆိုင်ရာ ကိစ္စရပ်များ၊ စက်မှုလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေးဆိုင် ရာကိစ္စရပ်များ၊ သိပ္ပံနှင့်နည်း ပညာဆိုင်ရာ ကိစ္စရပ်များ၊ စစ်ဘက်ပူးပေါင်းမှုဆိုင်ရာ ကိစ္စရပ်များ အစရှိတဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍတွေကို ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပတ်သက်လို့ မည်သည့် ပုဂ္ဂိုလ်မဆို ကြားဝင်နှောင့်ယှက်မှု ရှိခဲ့သော်လည်း ကျွန်တော်တို့အနေနဲ့ ဒီဟာတွေကို ဂရုမပြုဘဲနဲ့ ရှေ့လျှောက်ပြီးတော့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကို ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါက ဘာလို့ ဒီလိုပြောရလည်းဆိုတော့ ဒီပူးပေါင်း ဆောင်ရွက်မှုတွေဟာ ဘီလာရုစ်သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံကြားမှာ အထူးသဖြင့် ဘီလာရုစ်နိုင်ငံ ပြည်သူ ပြည်သားတွေနဲ့ မြန်မာနိုင်ငံ ပြည်သူပြည်သားတွေ အကျိုးကို ရှေးရှုပြီးတော့ ဆောင်ရွက်တာဖြစ်တဲ့အတွက် ဒီဆောင်ရွက်မှုတွေ အားလုံးကို ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟူသော စကားရပ်ပင်ဖြစ်သည်။
    နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆက်ဆံရေးတွင် ကြားဝင်ဟန့်တား နှောင့်ယှက်မှုများကရှိနိုင်ကြောင်း ထောက်ပြပြောဆိုသွားခဲ့သလို နှစ်နိုင်ငံပြည်သူပြည်သူများ အကျိုးကိုသာ ရှေးရှု၍ နှောင့်ယှက်မှုများကို ဂရုမပြုကြောင်းပြောဆိုခဲ့ခြင်းက ဘီလာရုစ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ကလျာဏမိတ္တနိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း ထင်ရှားပေါ်လွင်စေပြီး ယခုကဲသို့ နှစ်နိုင်ငံပြည်သူအကျိုး ရှေးရှုမျက်နှာမူသော နိုင်ငံများနှင့် မြန်မာ နိုင်ငံ၏ ဆက်ဆံရေး အဓွန့်ရှည်ပါစေကြောင်း ဆန္ဒပြုရေးသားအပ်ပါသည်။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၄၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 32

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58923

© 2022 - 2025 News. All Rights Reserved.