ခေတ်သစ် ညွန့်မေလေးတို့ရေ...

၂၀၂၅ မတ် ၂၂

'ညွန့် မေ သ မီး အ မေ သိ ဘီ
အ မေ ဆို ဒါ ကို မေ့ ဒဲ့ သ မီး ဂို သိ ဒါ ပေါ့
င ဂို အ မေ တော် ရ မာ င ဂို အ မေ လို့ ခေါ် ရ မာ
သ မီး ရှက် တယ် ဆို ဒါ အ မေ သိ ဘီ 
ငါ လဲ မင်း ဂ တော် အ မေ လုပ် ဖို့ မ တော် ဘူး 
အဲ ဒီ ဒေါ့ သ မီး ဂုံ မ ပြက် အောင်
အ မေ ရှောင် ပေး ဘာ့ မယ် ကွယ်
င သ မီး ခြမ်း သာ ရင် အ မေ ဝင်း မြော က် ပါ ဘီ
လိန် လိန် မာ မာ နေ ရစ် နော် သ မီး အ မေ လေ 
အ ဝေး ဂ ဘဲ ဆု တောင်း ဘ မယ် သ မီး  "

    ထူးမြတ်တို့ ဆယ်တန်းကျောင်းသားဘဝက သင်ရတဲ့ ဦးဖိုးကျားရဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ မင်းက တော်ဝတ္ထုပါ။ ဘူးသီးကြော်သည် ဒေါ်ခင်ရဲ့ လက်ရေးမူ စာတစ်စောင်လေးဖတ်ပြီး ဝမ်းနည်းခဲ့ရဖူး သည်။
    ဧရာဝတီတိုင်း ဟင်္သာတမြို့နဲ့ ငါးမိုင်အကွာမှာနေတဲ့ ဘူးသီးကြော်သည် ဒေါ်ခင်နှင့် သူ၏သမီး ညွန့်မေဇာတ်ကြောင်းလေးက အမျိုးသားပညာဝန် ဦးဖိုးကျားရေးပြတော့ အင်မတန် သနားစရာ ကောင်းလှသည်။ မိခင်ကြီးကတော့ လောကဒဏ်ကို အန်တုပြီး ဘူးသီးကြော်ရောင်းကာ သမီးဖြစ်သူကို ကျောင်းထားရသည်။ ငယ်စဉ်ကတည်းက ရွာဦးကျောင်း ဘုန်းတော်ကြီး ဦး ကုသလက ညွန့်မေ၏ ခုနှစ်၊ လ၊ ရက်နေ့ကိုမေး၍ "ဟဲ့၊ ဒကာမကြီး၊ နင့်သမီး ရာဇဖွားကလေးဟဲ့၊ မင်းကတော် ဖြစ်လိမ့်မယ်" ဟု တစ်ခါက ဥပုသ်စောင့်ရင်း ပြောမိရာ ဒေါ်ခင်သည် မင်းကတော်ရူး ရူးခဲ့ရပြီး သမီးဖြစ်သူ မင်းကတော်ဖြစ်ရေး ကြိုးပမ်းခဲ့ပြီး "ဟယ်- သမီးဂုဏော အနန္တောတဲ့၊ ငါကျွန်ခံပြီး ထားမယ်ဆိုပြီး ကျောင်းပြီးအောင် ဘူးသီး ကြော်ရောင်းကျွေးခဲ့တဲ့ မိခင်ကြီးဖြစ်သည်။
    ဧရာဝတီတိုင်းသူလေး ညွန့်မေတို့များကြီးလာတော့ အတောင်အလက်ကလေးစုံပြီး မြို့အုပ်မင်းပေါက်စ ဘရွှေနဲ့လည်း တွေ့ရော အမေအိုကြီးကို အိမ်မှာခိုင်းတဲ့ မိန်းမကြီးလို့ ပြောလိုပြော၊ အမေကို မပြောဘဲ မြို့အုပ်မင်းနဲ့ယူ၊ ဇိမ်ကျကျနေပြီး နောက်ဆုံး ဘူးသီးကြော်သည်ကြီး ဒေါ်ခင်မှာတော့ ခြုံစောင်မရှိ ဗလာနတ္ထိဖြင့် လောကကြီးကို ကျောခိုင်းသွားရလေတော့သည်။ဖတ်နေရင်း မျက်ရည်ကျရသော ဝတ္ထုတစ်ပုဒ် ဖြစ်သလို  ခုနေများ ဆရာကြီး ဦးဖိုးကျားသာရှိရင် မင်းကတော် ဝတ္ထုလိုမျိုး ဝတ္ထုပေါင်းများစွာ ရေးလို့ ရနိုင်သည်။ အမေ ကြီးကိုပစ်ပြီး အမေရိကား သွားကြသူတွေကို ကြည့်ပြီး ဆရာကျား (ရင်းရင်းနှီးနှီး အခေါ်အဝေါ်) သာရှိရင် မင်းကတော်ဝတ္ထုနဲ့ ခပ်ဆင်ဆင်ရေးမှာ သေချာသည်။
    ဝတ္ထုထဲက ဒေါ်ခင်ရေးသလို သားသမီးထံ ပေးစာတွေ ရေးလို့ရသည်။ ဆရာကျား ကိုယ်စား ပေးစာလေးတွေ ရေးပြရရင်ဖြင့် ဖတ်ရသူအပေါင်း တစ်ရှူးဆောင်ထားကြဖို့ ကနဦး အသိပေးလိုသည်။

ပေးစာ(၁)
    "မိပျံ သမီး အမေသိပြီ။ ငါ့ကို အမေခေါ်ရမှာ၊ ငါ့ကို အမေတော်ရမှာ သိပ်ကြိုက်တဲ့ သမီးလေး။ ငါ့ ထဘီတွေ၊ အင်္ကျီတွေ ရောင်းစားရတာ တော်တော်များ မြတ်သွားသလား သမီးရယ်။ အမေ့သနပ်ခါး နံ့လေးသင်းတဲ့ ထဘီလေးများ ရောင်းစားရက်လိုက်တာ သမီးရယ်။ ငါ့သမီးလေး အလှူခံပြီး ချမ်းသာလာလိုက်တာ ဒေါ်လာသန်းချီတန် အိမ်ကြီးဝယ်ပြီး အမေရိကားမှာ လူလိုသူလိုနေရတော့ အရင်က ဧရာဝတီတိုင်းက ရွာလေး မေ့သွားပြီလား။ သမီးဖွင့်တဲ့ စတိုးဆိုင်ကြီးက အမြတ်ကြမ်းလိုက်တာ သမီးရယ်။ အိုးပိုင်အိမ်ပိုင်တွေနဲ့ နေရတာ မြင်ရတာပဲ အမေဝမ်းမြောက်ပါပြီ။
    ဒါနဲ့သမီးတို့ ဟိုဟာဝယ်မယ်၊ ဒီဟာဝယ်မယ်နဲ့ အလှူခံထားတဲ့ ပိုက်ဆံတွေ ဘယ်ရောက်သွား ပြီလဲသမီးရေ။ ငွေပိုနေရင် အမေ့ကျေးဇူးဆပ်ဖို့ ထားကောင်း ရောင်းစွံ အမေ့အိမ်လေး ငွေလှည့်ပြီး ဝယ်ထားပေးပါလား။ သမီးတို့လည်း ကုသိုလ်ရသလို အမေ့အိမ်လေး လည်း မပျောက်မပျက် ရှိတာပေါ့။ အမေအဝေးကပဲ ဆုတောင်းပါ့မယ် သမီး"

ပေးစာ(၂)
    "ရည်မွန် သား အမေ သိပြီ။ ငါ့ကို အမေခေါ်ရမှာ၊ ငါ့ကို အမေတော်ရမှာ သိပ်ကြိုက်တဲ့ သားလေး။ မန္တလေးကို ဘယ်နတ်ဘုရားပဲ တားတား တက်သိမ်းမယ့် သားလေး။ ရန်ကုန်နဲ့ ပဲခူးကို တက်သိမ်းမယ် ကြံနေတဲ့ သားလေးတို့ ပထမကတော့ ငါရှိတဲ့မြို့ကို လမ်းအားလုံး ဘယ်ဆီသို့လို့ ပြောထားပြီး ခုတော့ အမေရှိတဲ့မြို့ကိုလာ မသိမ်းဘဲ ဘယ်မြို့တွေလေနဲ့ တက်သိမ်းနေရတာလဲ သားလေးရယ်။ သားလေး အလှူခံပြီး တက်သိမ်းရတာ တော်တော် ချမ်းသာနေပြီဆို။ ငါရှိတဲ့မြို့ကို လာသိမ်းရမှာ ရှက်တယ် ဆိုတာ အမေသိပြီ။ ခုလည်း သားတို့က ထိုးစစ်ဆင်မတဲ့လား။ သားတို့ အလှူခံကောင်းအောင် လေသံ ပစ်နေတာ အမေသိတာပေါ့။ မသိချင်ယောင်ဆောင် ပေးပါ့မယ် သားရယ်။

ပေးစာ(၃)
    ငလင်း သား အမေသိပြီ။ ငါ့ကို အမေခေါ် ရမှာ၊ ငါ့ကို အမေတော်ရမှာ သိပ်ကြိုက်တဲ့ သားလေး။ အမေ့နား တစ်ဖဝါးမခွာ လိုက်တတ်တဲ့ ထီးတော်မိုးတဲ့ သားလေး။ ငါ့ထီးပျောက်သွားတော့ ငါ့မှာ ရှာလိုက်ရ တာအေ။ နင်က ငါ့ထီးကို လေလံတင်လိုက်တာပေါ့လေ။ ဒေါင်းမြီးကွက် ထီးလေးတစ်ချောင်း ဒေါ်လာသောင်းချီ ရအောင် ရောင်းတတ်တဲ့ သားလေး။ အရင်ကတော့ ငါ့နောက် တကောက်ကောက် ပတ်လိုက်နေတာ။ ခုတော့ ပြေးလိုက်တာ သားရယ်။ သား အပြေးသန်မှန်း အမေသိပါပြီ။ အမေရိကား ရောက်တော့မှ မျက်ရည် လေးစမ်းစမ်းနဲ့ အသိပေးတော့မှပဲ အမေရိကား ရောက်တာ သိရတော့တယ်။ သားသီချင်းထဲကလို ရှေ့ကိုလှမ်း ချီတက်စို့ဆိုပြီး ရှေ့ကို ထွက်သွားလိုက်တာ အမေ့ကို တစ်ချက်လေး တောင် လှည့်မကြည့်တော့ဘူး။ ခုတော့ အမေရိကားမှာ ရှိုးပွဲလက်မှတ်တွေ ရောင်းပြီး အလုပ်ဖြစ် နေတယ်ပေါ့။ သားတို့ အမေရိကားရောက်နေတာ အမေ မသိချင်ယောင် ဆောင်ပေးပါ့မယ် သားရယ်။ အမေ အဝေးကပဲ ဆုတောင်းပါ့မယ် သားရယ်"။

ပေးစာ(၄)
    ပေါက်ကြီး သား အမေသိပြီ။ ငါ့ကို အမေခေါ်ရမှာ၊ ငါ့ကို အမေတော်ရမှာ သိပ်ကြိုက်တဲ့ သားလေး။ နင့် ရောင်နီကြီးကလည်း ဂျပန်မှာ ရောင်နီသွားပြရသလား သားရယ်။ သားတို့အဖိုး တိုက်ထုတ်ခဲ့တဲ့သူတွေနေတဲ့ နိုင်ငံမှာ သားရောင်နီသွားသန်းနေတာ မြင်ရတော့ စိတ် မကောင်းဘူး။ သားတို့များ အမေ့ကို သတိ မရကြဘူးနဲ့တူတယ်။ ပြေးလိုက်ကြတာ။ ပြေးလိုက်ကြတာများ ရောက်မှပဲ သိရတော့တယ်။ သားတို့ကို ဘယ်သူကမှ လိုက်မဖမ်းဘဲ ပြေးလိုက်ကြတာ။ သားတို့ ပြောတော့ အိမ်ပြန်လာမယ်ဆို။ သားတို့အိမ်တွေက ဂျပန်မှာလား၊ သြဇီမှာလား၊ အမေရိကားမှာလားလို့မေး တောင် ယူရတယ် သားရယ်။ အရင်လို တောထဲမှာ ဝက်သားဟင်းတွေကို မြေအိုးနဲ့ ချက်မပြတော့ဘူးလား သားရေ။ အမေ အဝေးကပဲ ဆုတောင်းပေးပါတယ်။

ပေးစာ (၅)
    သားတို့၊ သမီးတို့ အမေသိပြီ။ ငါ့ကို အမေ ခေါ်ရမှာ၊ ငါ့ကို အမေတော်ရမှာ သိပ်ကြိုက်တဲ့ သားတို့၊ သမီးတို့။ ညည်းတို့ ပေါင်းကြံလိုက်တာ အာဂျင်တီးနား တရားရုံး ရောက်သွားတယ်ဆိုတာ သိတာပေါ့။ အမေက  အမေကိုး။ ပြီးတော့မှ အမေ့ကို ဖမ်းဝရမ်းက ဖယ်ပေးပါ လို့အော်တာလည်း သားတို့၊ သမီးတို့ပဲ သိတာပေါ့။ အမေ့ကို ချစ်တာများ အမေကို ဝီစတန်းဝှစ်ကြတဲ့ မင်းတို့လည်း ဖမ်းဝရမ်းထဲမှာပါအောင် ကြိုးစားရင် လမ်းချင်းဆုံရင် လူချင်း တွေ့ကြမှာပဲလေ။ ဘာတွေများ တွေးပူနေကြတာ လည်း။ သားတို့၊ သမီးတို့ ခိုးသွားတဲ့ ဖေ့စ်ဘုတ်အကောင့် တွေလည်း ပြန်ပေးကြပါအေ။ ထဘီခိုး၊ ထီးခိုး၊ ဖေ့စ်ဘုတ် အကောင့်တွေပါ ခိုးသွားကြတာ အမေသိတာပေါ့။ အမေ့သားသမီးတွေအကြောင်း နောကြေနေတာပဲ။ ခိုးရင် ခိုးတယ်ပေါ့။ မခိုးပါဘူးလို့ ငြင်းနေကြသေးတာလဲ။ အမေ အဝေးကပဲ ဆုတောင်းပေးပါတယ်။
    ကဲ ခေတ်သစ် မင်းကတော်တွေအတွက် ပေးစားလေးတွေဖတ်ပြီး မျက်ရည်မကျကြေးနော်။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 120

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42742

© 2022 - 2025 News. All Rights Reserved.