တပ်မတော်နှင့်အတူ ပြည်သူ့အားဖြင့် ဖယ်ရှားရမည့် အကြမ်းဖက်မှုများ

၂၀၂၅ မတ် ၈
    အကြမ်းဖက်လုပ်ရပ်ဟူသည်က လူမှုပတ်ဝန်းကျင်တွင် မဖြစ်ပေါ်သင့်သော စက်ဆုတ်ရွံရှာဖွယ် လုပ်ရပ်များဖြစ်သည်။ ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံမဆို၊ မည်သည့်ဘာသာဝင်မဆို ဘာသာရေး နည်းလမ်းအရ၊ လူကျင့်ဝတ်များအရ အကြမ်းဖက်မှုများကို လုံး၀ လက်သင့်မခံသော လုပ်ရပ်များအဖြစ် ဆန့်ကျင့်ကန့်ကွက်လျက်ရှိသလို အကြမ်းဖက်ဝါဒကို လက်ကိုင်ထားသူ၊ အကြမ်းဖက်မှုများကို လက်ခံအားပေးသူများသည်လည်း အချိန် ကာလကြာရှည်စွာ သက်ဆိုးမရှည်ကြသလို ပျက်သုဉ်းရစမြဲပင် ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားများ အားလုံးသည် အကြမ်းမဖက်နည်းဖြင့် ငြိမ်းအေးရာကို ရှာဖွေရန် နည်းပေးလမ်းပြ ခဲ့ကြသော်လည်း ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး အစရှိသော နည်းလမ်းများမှတစ်ဆင့် အစွန်းရောက်သွားကြသူများ အားလုံးသည် အကြမ်းဖက်နည်းလမ်းကို ခုံမင်သွားလေ့ ရှိပြီး လူမှုပတ်ဝန်းကျင်ကို ၎င်းတို့အားသန်ရာ အကြမ်းဖက်နည်းများဖြင့် မျိုးစုံဒုက္ခပေး ကြတော့သည်။ တစ်စတစ်စ ကိုးကွယ်ယုံကြည်ရာ ဘာသာများကို သွေဖည်သွားကာ ဘာသာမဲ့ဝါဒဖြင့် အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့ကြသည့်အတွက် ကမ္ဘာပေါ်တွင် ထင်ရှားသောအကြမ်းဖက်မှုများကို ကျူးလွန်သူများ ဇာတ်သိမ်းမလှမပ ဖြစ်ကြရသည်။ 
    ဘာသာတရား အဆုံးအမကောင်းများနှင့် ပြည့်နှက်နေသော ဗုဒ္ဓဘာသာဝင် စစ်စစ်များနေထိုင်ရာ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတော်မှ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားရာ ဘာသာအသီးသီး၊ လူမျိုးအသီးသီးနှင့် လွတ်လပ်စွာ အတူယှဉ်တွဲ၍ ငြိမ်းချမ်းစွာနေထိုင် လာခဲ့ကြသည်။ ၂၀၂၀ နိုင်ငံရေးအလှည့်အပြောင်းကာလအပြီး အာဏာရမ္မက် တက်ကြသူများ၏ လှုံ့ဆော်ဝါဒမှိုင်းများကြောင့် ဖြစ်ပေါ်ခဲ့ရသည့် အကြမ်းဖက်မှုဖြစ်စဉ်များက ယနေ့ထက်တိုင် တိုင်းပြည်၏ နေရာဒေသအသီးသီးတွင် ဖြစ်ပေါ်နေပြီး အများပြည်သူ စိတ်နှလုံးမချမ်းမြေ့ ဖွယ်သတင်းများက ကြားသိနေရဆဲပင် ဖြစ်သည်။ နိုင်ငံရေးကို အကြောင်းပြုကာ ငြိမ်းချမ်းစွာ နေထိုင်လိုသော ပြည်သူများကို ဒလန်ဟု အမည်တပ် လုပ်ကြံသတ်ဖြတ်မှုများ၊ ထိုသို့ လုပ်ကြံသတ်ဖြတ်မှုများကို တိုင်းပြည်အနာဂတ်ကို ပျက်စီးရာပျက်စီးကြောင်း အကြံရှိသူများက အားပေးအားမြှောက် ပြုခဲ့ရာမှစတင်၍ ပြည်သူများသာမက ရဟန်းသံဃာ တော်များကိုပါ အကြမ်းဖက်လုပ်ကြံ သတ်ဖြတ်လာသည်အထိ မိုက်ရိုးရင့်လာခဲ့ကြသည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်ဖြစ်စဉ်များက စိတ်နှလုံး မချမ်းမြေ့ဖွယ်ရာ ဖြစ်စဉ်များပင်ဖြစ်သည်။ နိုင်ငံရေးဖြစ်စဉ်များနှင့် လားလားမျှ မသက်ဆိုင်သော ဘာသာရေးခေါင်း ဆောင်များကို လုပ်ကြံသတ်ဖြတ်သော သတင်းတစ်ပုဒ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် ဆားကျင်းကျေးရွာတွင် ဖေဖော်ဝါရီ ၂၇ ရက်နံနက် ၈ နာရီခန့်က ဆားကျင်းကျေးရွာရှိ အောင်ချမ်းသာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနန္ဒိယ သက်တော် (၈၅) နှစ်၊ ဝါတော် (၄၅)ဝါသည် ကျောင်းအတွင်း တစ်ပါးတည်း ရှိနေစဉ် PDF များ ရောက်ရှိလာပြီး ဒလန်စွပ်စွဲချက်ဖြင့် လက်နက်ငယ်ဖြင့် ဝိုင်းဝန်း ပစ်ခတ်ခဲ့ရာ ဆရာတော်သည် ဦးခေါင်းကျည် ဖောက်ဝင်ဒဏ်ရာဖြင့် ပျံလွန်တော်မူခဲ့သည့် သတင်းဖြစ် သည်။


    သက်တော်(၈၅) နှစ်ရှိပြီဖြစ်သော ဆရာတော်ကြီးက PDF အကြမ်းဖက်အဖွဲ့များ ဒေသတွင်း လမ်းများပိတ်ထားမှုကြောင့် လူမှုရေး၊ စီးပွားရေး၊ သာရေးနာရေး ကိစ္စများ အခက်အခဲ ဖြစ်ပေါ်နေရမှုကို တရားပွဲတစ်ပွဲတွင် မိန့်ကြားမိခြင်းကြောင့် ယခုကဲ့သို့ လုပ်ကြံခံခဲ့ရသည်ဟု ဒေသခံများထံမှ စိတ်မကောင်းဖွယ် ကြားသိရသည်။ 
    ထို့အပြင်၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက် ကလည်း ရွှေဘိုမြို့နယ် ကန်ကြီးတော ကျေးရွာတွင် မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာမှ ဘုန်းတော်ကြီး Father Donald Martin ရဲနိုင်ဝင်းအား PDF အကြမ်းဖက်အဖွဲ့ဝင် ၁၀ ဦးက ဓားဖြင့် ခုတ်သတ်မှု ဖြစ်ပွားသည်။ ယင်းဖြစ်စဉ်ကို ပြည်တွင်း၌ အကြမ်းဖက်မှု ဖြစ်စဉ်များ ဖြစ်ပွားစေရန် လှုံ့ဆော်ခြင်း၊ ထောက်ပံ့ခြင်းများ ပြုလုပ်ပေးနေသည့် ပြည်ပသြဇာခံ NUG အမည်ခံ အကြမ်းဖက်အဖွဲ့များက သတ်ဖြတ်မှုကို ကျူးလွန်သူများအား တရားဥပဒေနှင့်အညီ အပြစ်ပေး အရေးယူနိုင်ရေးကို အပူတပြင်း လုပ်ကိုင်လျက်ရှိကြောင်း ထုတ်ပြန်ချက် တစ်စောင်ထုတ် ပြန်ခဲ့ပြီး ၎င်းတို့၏ လက်ချက်ဖြင့် အကြမ်းဖက်ခြင်းဟု တစ်ဖက်လှည့်ဝန်ခံခဲ့ကြသည်။
    သို့သော် NUG အမည်ခံ အကြမ်းဖက်အဖွဲ့အနေနှင့် ဗုဒ္ဓဘာသာရဟန်းသံဃာတော်များကို လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ်များအား နှုတ်ဆိတ်နေခဲ့ကြခြင်းက ဗုဒ္ဓဘာသာအပေါ် အကြမ်းဖက်ခြင်းကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည်ဟု မှတ်ယူရမည်ဖြစ်ကာ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသူ နိုင်ငံသားတို့အနေဖြင့် ကိုးကွယ်ရာ ဘာသာအပေါ် ဖိနှိပ်နေခြင်းကို သတိချပ်ရန် လိုအပ်လာပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၂၀၂၄ ခုနှစ် ဇွန်လအထိ စာရင်းများအရ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သံဃာအပါး ၁၀၀ ကျော် ပျံလွန်တော်မူကာ သင်းအုပ်ဆရာတစ်ဦး သေဆုံးမှုများအနက် ရာခိုင်နှုန်း ၉၀ ကျော်မှာမူ အမျိုးမျိုးသော စွပ်စွဲချက်များဖြင့် PDF များ၏ သတ်ဖြတ်မှုများကြောင့် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သတင်းမီဒီယာများက မီးမောင်းထိုး ဖော်ပြလျက်ရှိသည်။ 
    ယခုလအတွင်း ဘာသာရေးအပေါ် အကြမ်းဖက်သည့် ထူးခြားဖြစ်စဉ်တစ်ခုမှာလည်း စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ဇီးကုန်းကျေးရွာရှိ မဟာပဉ္စိမရာမဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်သည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၆ နာရီခွဲခန့်တွင် အကြမ်းဖက်သမားများ ထိန်းချုပ်မောင်းနှင်သည့်  Drone တစ်စင်းသည် ရွှေဘိုမြို့နယ် ဇီးကုန်းကျေးရွာ၏ အရှေ့တောင်ဘက် အမြင့်မီတာ ၈၀၀ ခန့်အကွာမှ ပျံသန်းလာပြီး အဆိုပါ ကျေးရွာရှိ မဟာပဉ္စိမရာမဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းသို့ Drop Bomb  များဖြင့် ဖြုတ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ ဒေသခံပြည်သူ တစ်ဦးသေဆုံးပြီး ကိုရင်နှစ်ပါးနှင့် ပြည်သူတစ်ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။ ထို့အပြင် ယခုကာလသည် မြန်မာလူမျိုးတို့၏ ဘာသာရေးအရ ရှင်ပြုရဟန်းခံ အလှူတော်ပွဲများ ကျင်းပချိန်ဖြစ်ပြီး အကြမ်းဖက်တိုက် ခိုက်မှုများကို ရက်စက်ယုတ်မာစွာ ပြုလုပ်နေကြခြင်းက ဆန့်ကျင်ကန့်ကွက်ရမည့် ဖြစ်စဉ်များဖြစ်သည်။ ဖေဖော်ဝါရီ ၁၉ ရက်က PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ်သည့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ပန်းရံကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ရှင်ပြုအလှူတော်မင်္ဂလာ ကျင်းပနေချိန်၌ ကျေးရွာ၏ အရှေ့မြောက် ဘက်မှ Drone နှစ်စင်းဖြင့် Drop Bomb ချတိုက်ခိုက်မှုကြောင့် ကျောင်းအတွင်းရှိ ဓမ္မာရုံပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် အသက်(၉)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်ဖြစ်စဉ်ကလည်း စိတ်နှလုံးမချမ်းမြေ့ဖွယ် သတင်းများပင် ဖြစ်သည်။ 
    အလားတူသတင်းတစ်ရပ်အဖြစ် ဖေဖော်ဝါရီ  ၁၅ ရက် နံနက် ၁၁ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ ကွက်သစ်ရပ်ကွက်ရှိ အလှူရှင် ဦးစည်သူထွန်း နေအိမ်၌ ချက်ပြုတ်ရေးလုပ်ငန်းများ ဝိုင်းဝန်းလုပ် ဆောင်နေသူများအား ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအား အားပေးထောက်ခံခြင်း မရှိကြောင်း အကြောင်းပြကာ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက လက်နက်ငယ် ကိုယ်စီကိုင်ဆောင်၍ ဆိုင်ကယ်ငါးစီးဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် မောင်ဖိုးခွား အသက်(၁၄) နှစ်မှာ သေဆုံးခဲ့ပြီး မောင်ကျော်မိုး အသက် (၆) နှစ် အရွယ်ကလေးငယ် တစ်ဦးအပါအဝင် ဒေသခံပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ အပြစ်မဲ့ကလေး သူငယ်များကို အကြမ်းဖက်တိုက်ခိုက်သည့် ဖြစ်စဉ်တစ် ခုမှာလည်း ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲ ၁၂ နာရီခန့်တွင် မြိတ်မြို့ တုံးဗျောကြီး ကျေးရွာရှိ အခြေခံပညာအ ထက်တန်းကျောင်း(တုံးဗျောကြီး)မှ မူလတန်းပြဆရာတစ်ဦးနှင့် ကျောင်းသား ခြောက်ဦးတို့သည် စာမေးပွဲများ ဖြေဆိုရန်အတွက် လိုအပ်သည့် စာသင်ခုံများသယ်ယူရန် တောင်ဖီလာ ကျေးရွာရှိ အခြေခံပညာအထက် တန်းကျောင်း (တောင်ဖီလာ)သို့ မော်တော်ယာဉ်တစ်စီးဖြင့် ထွက်ခွာလာစဉ် တုံးဗျောကြီး ကျေးရွာ၏ သုံးမိုင်ခန့်အကွာ တောင်ပုကျေးရွာအနီးသို့အရောက်၌ အကြမ်းဖက် သမားများက မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကျောင်းသား များအနက် မောင်ထက်ရဲကိုနှင့် မောင်ထက်ရဲလင်းတို့တွင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့သည့်သတင်း ဖြစ်သည်။ 
    ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီအတွင်း ရဟန်း သံဃာတော်များ၊ လူပုဂ္ဂိုလ်များနှင့် ကလေးသူငယ်များပါမချန် အကြမ်းဖက်မှုကျူးလွန်ရုံသာမက အများပြည်သူ သွားလာဆက်သွယ်ရေး ခက်ခဲစေရန် အကြံဖြင့် ဖေဖော်ဝါရီ ၂၅ ရက် ည ၁၀ နာရီအချိန်ခန့်တွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ကျောက်တံခါးဘူတာနှင့် ပိန်းဇ လုပ်ဘူတာအကြား မိုင်တိုင်အမှတ် ၁၀၇/၁၀-၉ နေရာ ရှိ အစုန်ရထားလမ်းပေါ်တွင် အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်။ အကြမ်း ဖက်သောင်းကျန်းသူ အဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထား လမ်းကွန်ရက် တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခံရ ခြင်းအကြိမ်(၈၀)၊ ရထားတံတား/ သံလမ်းများ အား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခံရခြင်း ၁၇၄ ကြိမ်၊ ဘူတာ အဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များ အား မီးရှို့ဖျက်ဆီးခြင်း ၁၆ ကြိမ် ကျူးလွန်ခဲ့ကြပြီး တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးမဲ့စေသော လုပ်ရပ်များကို ဆက်တိုက်လုပ်ဆောင်ခဲ့ကြသည်။ 
    အထက်ပါ အကြမ်းဖက်လုပ်ရပ် ဖြစ်စဉ်များအား  ၎င်းတို့၏ လုပ်ရပ်များကို ထောက်ခံအားပေးသော တရားမဝင်သတင်းဌာနများက စိုးစဉ်းမျှ ထုတ်ဖော်ရေးသားခြင်း မရှိသည်ကို ထူးခြားစွာ တွေ့ရသည်။ နေ့စဉ် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များကို တပ်မတော်ကဖန် တီးသယောင် သတင်းတု သတင်းမှားများဖြင့် ဝါဒဖြန့်ရေးသားကာ တပ်မတော်ကို ပြည်သူများ အထင်အမြင်လွဲ မှားစေရန် ပုံဖော်လျက်ရှိသည်။ ထို့ကြောင့်လည်း ပြည်ဖျက်မီဒီယာများ၏ နေ့စဉ်ထုတ်လွှင့်နေသော သတင်းတု သတင်းမှားများကို သတင်းမှန်များဖြင့် ပြန်လည်ချေဖျက် နေရခြင်း ဖြစ်သည်။ NUG အမည်ခံ အကြမ်းဖက်ဦး ဆောင်အဖွဲ့နှင့် ၎င်းတို့၏ သြဇာခံအကြမ်းဖက်အဖွဲ့ဝင်များ၏ အကြမ်းဖက်မှုများအပေါ် ပြည်သူများအနေဖြင့် သိရှိရန်အထူးလိုအပ်သည်။ NUG လက်အောက်ခံအဖွဲ့များ၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ဒေသတွင်း လူအခွင့်အရေး ချိုးဖောက်နေမှုများကို ထုတ်ဖော်ရေး သားလာသည့် သတင်းများက ယခုနောက်ပိုင်းတွင် တစ်စွန်းတစ်စ တွေ့မြင်လာရသည်။ အမျိုးသမီးငယ်များကို  အချုပ်အနှောင်ချကာ လက်နက်အားကိုးဖြင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း၊ ၎င်းတို့၏ လုပ်ရပ်များကို ထုတ်ဖော်မပြောဆိုနိုင်ရေး သတ်ဖြတ်ခြင်း စသည့် သတင်းများကိုလည်း ကြားသိလာ ရသည်။ 
    လေ့လာသုံးသပ်သူများ၏ အဆိုအရ PDF  အမည်ခံ အကြမ်းဖက်သမားများနှင့် တိုင်းရင်းသား လက်နက်ကိုင် EAO အဖွဲ့အချို့သည် အတိတ်ကဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲအရ ပေါ်ပေါက် လာခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)၊ ကွန်မြူနစ် ပါတီဗမာပြည်(အလံနီ)နှင့် KNU အဖွဲ့များ၏ အကြမ်းဖက်လမ်းစဉ်အတိုင်း ဆက်လက်လျှောက်လှမ်းနေသည်ဟု မှတ်ချက်ပြုထားကြ သည်။ ထိုသို့သော သုံးသပ်ချက်များနှင့် ယနေ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်များက သမိုင်းမှတ်တမ်း သတင်းများနှင့် ထပ်တူကျနေသည်ကို တွေ့မြင်ရသည်။ ဤနေရာတွင် အတိတ် ကာလက မှတ်တမ်းတင်နိုင်ခဲ့သော အကြမ်းဖက် ဖြစ်စဉ် များကို ဖော်ပြရလျှင် ၁၉၄၉ ခုနှစ် မေလတွင် KNDO ကရင်သောင်းကျန်းသူများက ပဲခူးခရိုင်  ဆိတ်ပျံကြီးရွာ တွင် အမျိုးသား ၁၅၇ ယောက်တို့အား တစ်နေရာတွင် စုဝေးစေပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ ၁၉၅၀ ပြည့်နှစ် မတ်လ ၅ ရက်တွင် တပ်မတော်က ဖြူးမြို့ကို ပြန်လည်သိမ်းပိုက်ခဲ့ရာတွင် KNDO ကရင်သောင်းကျန်းသူများက မဆုတ်ခွာမီ မြို့သူမြို့သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သွားခဲ့ပြီး တပ်မတော်သားများ ဖြူးမြို့သို့ တစ်လမ်းဝင် တစ်လမ်းထွက် ဝင်ရောက်လာသောအခါ လမ်းဘေး၊ အိမ်ပေါ်၊ အိမ်အောက်၊ မြောင်းတွင်း စသည့် နေရာအနှံ့တွင်ဓားနှင့် ခုတ်သတ်ထားသော အလောင်းများ၊ မြို့တွင်း သတ်ဖြတ်ခဲ့သော အလောင်းများ စာရင်းကောက်ယူရာတွင် သေဆုံးသူ ၃၅၀ ရှိပြီး အိမ်ခြေ ၄၀၀ ခန့်လည်း မီး လောင်ကျွမ်းခဲ့သည်။ 
    ထို့အပြင် ၁၉၅၄ ခုနှစ် နိုဝင်ဘာလ ၁၅  ရက်တွင် စစ်တောင်းမှ မုတ္တမသို့ ခုတ်မောင်းလာသော  မီးရထားအား လင်းထင် ခေါင်းဆောင်သော KNDO ကရင်သောင်းကျန်းသူများက ဒုံးဝန်းဘူတာနှင့် သိမ်ဆိပ် ဘူတာအကြားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ခရီးသည်များထံမှ ရွှေငွေပစ္စည်းများကို လုယက်ယူ ဆောင်ကာ ရထားပေါ်တွင် ကျောင်းပိတ်၍ပြန်လာသည့် တက္ကသိုလ်ကျောင်း သူ ၄၀ ကျော် အပါအဝင် အမျိုးသမီး ၁၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကာ ထိုင်းနယ်စပ်တွင် တပ်စွဲထားသော တရုတ်ကူမင်တန်တပ်မှ ဗိုလ်ချုပ်လောလီထံ လက်နက်ခဲယမ်းများနှင့် လဲလှယ် ရောင်းစားခဲ့ သည်။ KNU အဖွဲ့သည် ဆူပူသောင်းကျန်း မှုစတင်ကတည်းက အစုလိုက်အပြုံလိုက် လူသတ်ပွဲများ၊ ရာဇဝတ်မှုများကို အကြီးအကျယ် ကျူးလွန်ခဲ့ကြပြီး ၎င်းတို့၏ လုပ်ရပ်များကို ၁၉၅၉ ခုနှစ် အောက် တိုဘာလ ၂၀ ရက်စွဲဖြင့် ထုတ်ဝေသော ကော်သူးလေ ရဲဘော်များ၏ တင်ပြချက်များဖြစ်သည့် ကော်သူလေး တော်လှန်ရေး စစ်တမ်းတွင်လည်း "ဗမာအမျိုးသားများ၏ ဖိနှိပ်ချုပ်ချယ်မှုကို မခံမရပ်နိုင်၍ ငါတို့တော်လှန်ခဲ့ကြ သည်ဟုဆိုသော်လည်း ငါတို့ သိမ်းပိုက်ပြီးသော နယ်မြေ များအတွင်းရှိ ဗမာ၊ မွန်၊ ပအိုဝ်း၊ ကုလား၊ တရုတ် အစရှိသော လူမျိုးစုမှန်သမျှကို ငါတို့ဖိနှိပ်ချုပ်ချယ် လက်ဝါးကြီးအုပ်ခဲ့ကြသည်။ နိုင်ငံရေးစကားအရ ပြောလျှင် ဗမာလူမျိုးကြီးဝါဒကို ငါတို့တော်လှန်ခဲ့ကြသော်လည်း ငါတို့အာ ဏာစိုက်ထူနိုင်သော အချိန်ပိုင်းကလေးတွင်ပင် အခြားလူမျိုးစု အားလုံးအပေါ်တွင် ငါတို့သည် ပိုမိုရက်စက်ကြမ်းကြုတ်သော ကရင်လူမျိုးကြီးဝါဒတစ်ရပ်ကို ကျင့်သုံးခဲ့ကြပေသည်။ ထို့ကြောင့်လည်း မည်သည့် လူမျိုးစုမျှ အကြွင်းမဲ့ထောက်ခံမှုကို ငါတို့ မရခဲ့ကြသည်သာမက ငါတို့အား အထင်သေးမှု၊ မုန်းတီးရွံရှာမှုတို့ကို ဖြစ်ပေါ်စေခဲ့သည်။ လက်နက်ကိုင်အနေဖြင့် ကျေးရွာပြည်သူလူထုအား နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ရမ်းကားခြင်းများ ပြုလုပ်ကြလေရာ အခြားအမျိုးသား မဆိုထားဘိ ကရင်အမျိုးသားကပင်လျှင် ငါတို့အား ရွံရှာစက်ဆုပ်ကာ တော်လှန်ရေးကိုပင် ငြီးငွေ့လာကြပေသည်"ဟု စသည်ဖြင့် သုံးသပ်ဖော်ထုတ်ခဲ့၊ ရေးသားခဲ့ကြသည်။ 
    ထိုကာလက မြစ်ဝကျွန်းပေါ် ဗမာပြည်ကွန်မြူ နစ်ပါတီနှင့် KNU ပါတီတို့သည်လည်း အမျိုးသား ဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု (မဒညတ) ဟူသော အမည်ဖြင့် ဒေသခံပြည်သူတို့အပေါ် ဆက်ကြေးတောင်း၊  လုယက် ညှဉ်းပန်းနှိပ်စက်ရုံမက မထင်ရင်မထင်သလို သတ်ဖြတ်ခဲ့ကြပြန်သည်။ ဧရာဝတီမြစ်အတွင်း၌ ခရီးသည်တင် သင်္ဘောကြီးများဖြစ်သော ရွှေပြည်သာ၊ ၊ ဒဂုံမေ၊ ဒဂုံလွင်၊ တိုးကြွယ်၊ မင်းကြီး၊ မင်းလှ၊ ချမ်းသာကြီးတို့ကို အဓမ္မဖမ်းဆီးခဲ့ပြီး ခရီးသည်များထံမှ ရွှေငွေ ပစ္စည်းများကို လုယက်ကာ ပြည်သူတို့၏ ခရီးသွား လာရေးများကို ပိတ်ပင် တားဆီးခဲ့ကြသည်။ ၁၉၆၇   ခုနှစ် မေလ ၂၉ ရက်ညတွင် မြောင်းမြခရိုင် ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် မြောင်းမြခရိုင် လပွတ္တာမြို့နယ် ရွေးမြစ်ကမ်းဘေးရှိ အိမ်ခြေ ၈၀၀ ကျော်ရှိသော ရွှေပြည်သာရွာကို မီးတုတ်တင်၍ ရှို့ခဲ့ကြသည်။ ယင်းလုပ်ရပ်များကို ပြည်သူများက ဆန့်ကျင်လာကြပြီး သောင်းကျန်းမှု ဆန့်ကျင်ရေး ပြည်သူ့စစ်အဖွဲ့များဖွဲ့စည်း၍ ရရာလက်နက်ကို ကိုင်စွဲကာ အကြမ်းဖက်သောင်းကျန်း သူများအား ပြန်လည်တွန်းလှန် တိုက်ခိုက်ခဲ့ကြလေသည်။ ဒေသခံ ကရင်-ဗမာတိုင်းရင်း သားပြည်သူများသည် တပ်မတော်နှင့် ပူးပေါင်းလက်တွဲကာ မြစ်ဝကျွန်းပေါ်ဒေသမှ သောင်းကျန်းသူများကို အမြစ်ဖြတ် ချေမှုန်းခဲ့ကြသည်။ တပ်မတော်နှင့်ပြည်သူတို့ ပူးပေါင်းပါဝင်ဆင်နွှဲခဲ့သော ရွှေလင်းယုန်၊ မိုးဟိန်းစစ်ဆင်ရေး အောင်ပွဲများနှင့်အတူ မြစ်ဝကျွန်းပေါ်ဒေသ သည် သောင်းကျန်းမှု ကင်းစင် သောနယ်မြေ ဖြစ်ခဲ့ရသည်။ 
    ကာလတူအဖြစ် သခင်စိုးဆိုသူ ဦးဆောင်သည့် အလံနီကွန်မြူနစ်ပါတီကလည်း အမြင်မတူ သူများ၊ မထောက်ခံသူများ၊ ဆန့်ကျင်သူများကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြသည်။ ၁၉၆၀ ပြည့်နှစ် ဧပြီလ ၂၇ ရက်တွင် အလံနီကွန်မြူနစ်ပါတီသည် ပခုက္ကူခရိုင် ထီးလင်းမြို့နယ် ဆင်စွယ်ရွာမှ ရွာသား များအား အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့သည်။ တပ်မတော်သားများ ဟန်ဆောင်ကာ ရွာသို့ဝင်၍ ရွာသားများအား ပစ္စည်းသယ်ပိုး ပေးရန်ဟုဆိုကာ အားလုံးကို စုဝေးစေပြီး လက်ပြန်ကြိုးတုပ်၍ ရက်စက်စွာ ခုတ်ဖြတ်သတ်ဖြတ်ခဲ့လေသည်။  ၇၂ ဦး ပွဲချင်းပြီးသေဆုံး၍ နှစ်ဦးမှာ နောက်တွင် သေဆုံးသည်။ တပ်မတော်က ဝင်ရောက်လာချိန်တွင် သယ်ဆောင်လာသော ရိက္ခာများကို ကျန်ရစ်သူ များကို ကျွေးမွေးပြီး သံဃာကိုပင့်၍ ဆွမ်း၊ ပစ္စည်းကပ်လှူကာ သရဏဂုံတင်၊ သင်္ဂြိုဟ်ခြင်း ပြုလုပ်ခဲ့ရသည်။ ဆင်စွယ်ရွာ အစုလိုက် အပြုံလိုက် လူသတ်ပွဲအပြီးတွင် သခင်စိုး၏အလံနီကွန်မြူနစ်ပါတီကို ပြည်သူလူထု မုန်းတီးခဲ့သည်။
    ၁၉၇၀ ပြည့်နှစ်တွင် ယော၊ ဆောအနီး နှမတော်တောင်၊ ဒူးတော်တောင်တွင် သခင်စိုးတို့ရှိသည်ဟု သတင်းရ၍ တပ်မတော်နှင့် ပြည်သူ့စစ်တို့က အင်အား အလုံးအရင်းဖြင့် ဝိုင်းဝန်းဖမ်းဆီးရာ သခင်စိုး ဇာတ်သိမ်းခဲ့ရသည်။
    အတိတ်သမိုင်းဖြစ်ရပ်များနှင့် ယနေ့ဖြစ်ရပ်များ ချိန်ထိုးကြည့်ပါက အကြမ်းဖက်မှု ဟူသမျှသည် အများပြည်သူက လက်မခံနိုင်သော လုပ်ရပ်များပင်ဖြစ်သည်။ အကြမ်းဖက်သောင်းကျန်းသူများ၏ ရန်ကို ကာကွယ်ရန် တပ်မတော်နှင့် ပူးပေါင်းတော်လှန်မှသာ အကြမ်းဖက်မှုများ ချုပ်ငြိမ်းသွားရသည်က ထင်ရှားသော သမိုင်းသာဓကများ ရှိနေသည်။ ၂၀၂၀ နောက်ပိုင်း နိုင်ငံရေးကို အကြောင်းပြုကာ တော်လှန်ရေးဟုမျက်နှာ ဖုံးတပ်ကာ အကြမ်းဖက်လမ်းစဉ်ကို အစဉ်တစိုက် ဆောင်ရွက်နေသော အကြမ်းဖက်အဖွဲ့များ ချုပ်ငြိမ်းစေ ရန်အတွက် ဖိနှိပ်ခံဒေသများရှိ ပြည်သူများအနေဖြင့် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် မိမိတို့ရပ်ရွာ၊ ဒေသများကို အခြေပြုကာ လက်နက်ဖြင့်ခြိမ်းခြောက် နေသူများကို တွန်းလှန်တိုက်ခိုက်ရန် လိုအပ်လာပြီဖြစ်သည်။ ယခုအခါ အကြမ်းဖက်အဖွဲ့များထံ လမ်းမှားရောက်သွားသော လူငယ်များ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာကြပြီဖြစ်သည်။ ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်လုပ်ရပ်များသည် မိမိရပ်ရွာပျက်စီးရာပျက်စီးကြောင်းကိုသာ ဦးတည်နေသည်ကို သတိပြုရမည် ဖြစ်သည်။အကြမ်းဖက်မှုများအလုံးစုံ ချုပ်ငြိမ်းရေးသည် ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင်ရမည့် သမိုင်းပေးတာဝန်တစ် ရပ်အဖြစ် မိမိတို့၏ ပခုံးပေါ် ရောက်ရှိလာနေပြီ ဖြစ်သည်။ (ထူးမြတ်)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 131

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.