၂၀၂၄ ဇန်နဝါရီ ၁၃
သူတို့လိုလူများ
'သတင်းတွေ မဖတ်ချင်ဘူး'ဟု သူငယ်ချင်း ဖြစ်သူက ဖုန်းဆက်၍ လှမ်းပြောသည်။ သူမဖတ်ချင်သည့် အကြောင်းအရာက ယနေ့ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေနှင့် များစွာဆက်စပ်နေသည်ကို အားလုံးသိကြမည်ဖြစ်ပါသည်။ ထို့ထက်ပို၍ ပြောရလျှင် ကိုယ့်တိုင်းပြည်နှင့် ကိုယ့်လူမျိုးကို မချစ်တတ်သူများကြားထဲတွင် နေထိုင်ရသော စိတ်ဒုက္ခမှာလည်း မသေးလှဟု ဆိုရမည်ဖြစ်သည်။ ယာလည်းညက်စေ ကြက်လည်း မောစေဆိုသကဲ့သို့ အချင်းချင်းမညီညွတ်လျှင် ဤကဲ့သို့ ပြဿနာများ ဖြစ်ပွားနိုင်သည်ဆိုတာကိုပင် မသိရှိနိုင်သည့် အဝိဇ္ဇာ ဖုံးလွှမ်းနေသည့်သူက များပြားနေကြလေသည်။ မညီညွတ်ခြင်းကြောင့် ပြဿနာများပိုမိုကြီးထွားလာသည်ကိုပင် ညီညွတ်ရကောင်းမှန်း မသိသည့်သူများအတွက် ပြောပြစရာ၊ ရှင်းပြစရာ အကြောင်းမရှိတော့ပေ။
ဗိုလ်ချုပ် ဇော်မင်းထွန်းတစ်ခါက ပြောခဲ့ဖူးသည့်စကားကဲ့သို့ 'တိုင်းပြည်က နဂိုဒုက္ခရော၊ အပိုဒုက္ခ ရောရှိတယ်'ဆိုသည့် စကားကို သွား၍သတိရမိသည်။ နဂိုဒုက္ခရှိနေသည့်အထဲ မညီညွတ်လိုသည့် သူများက ကိုယ့်တိုင်းပြည် ဒုက္ခရောက်နေတာကို အားရဝမ်းသာ လက်ခုပ် လက်ဝါးတီးနေတာ ရှိနေသည် မဟုတ်လော။ ထိုသူများသည် အနည်းဆုံးအနေဖြင့် လျှပ်စစ်တာဝါတိုင်တစ်တိုင် ချိုးဖျက်နိုင်လျှင်ပင် အောင်ပွဲခံကြလေသည်။ လမ်းတံတားတစ်ခု ဖျက်ဆီးနိုင်သည်ပင်လျှင် ပျော်ရွှင်နေကြလေသည်။ ဖုန်းတာဝါတိုင် ဖျက်ဆီးနိုင်သည်ပင်လျှင် အောင်မြင်မှုဟု ထင်မှတ်နေကြသည်။ လျှပ်စစ်တာဝါတိုင် ဖျက်ဆီးခံရသောကြောင့် လျှပ်စစ်မီး မမှန်လျှင်လည်း သူတို့ကပဲ ဦးစွာဆဲဆိုကြသည်။ လမ်း တံတားများ ချိုးဖျက်ခံရမှုကြောင့် ကုန်စည်စီးဆင်းမှု ခက်ခဲပြီး ကုန်ဈေးနှုန်းကြီးမြင့်လျှင်လည်း ဦးစွာဆဲကြ ပြန်၏။ သူတို့နှင့် ထိုက်တန်ရာကို သူတို့ရရှိနေခြင်းကိုပင်လျှင် ကောင်းကောင်းမသိသည့်သူများ ဖြစ်နေကြ လေသည်ဟု သူငယ်ချင်းဖြစ်သူက ဒီရက်ပိုင်း သတင်း မဖတ်လိုဟုဆို သည့်အရာနှင့်ပတ်သက်ပြီး ရှည်လျားစွာ ရှင်းပြလေသည်။ သူတို့နှင့် ထိုက်တန်ရာကို သူတို့ရရှိနေသည်မှာ မှန်သော်လည်း ထိုကဲ့သို့သူမျိုးများနှင့် အတူ နေထိုင်ရသည့် သူများမှာ ဝဋ်ကြွေးကြီးလှသည်ဟုသာ ဆိုချင်ပါသည်။
သူတို့ပဲကောင်းသည်
သူငယ်ချင်းဆိုသကဲ့သို့သတင်းများကို မကြည့်ချင်သည့်အချိန် ပေါ့ပေါ့ပါးပါးအသုံးပြုသည့် ဆိုရှယ်မီဒီယာများကို ကြည့်ဖြစ်သည်။ ဆိုကြပါစို့ TikTok ဆိုလျှင် သီးသန့်ကမ္ဘာလေးဟု ဆိုနိုင်ပါသည်။ တိုင်းရေးပြည်ရေး စိတ်မဝင်စားသည့် လောကတစ်ခုဟု ပြောရမလိုဖြစ်သည်။ အဝတ်အစား သစ်သစ်လွင်လွင်ဝတ်ဆင်ပြီးကာ လပေါ်သီချင်းမျိုးစုံဖြင့် ကသူက၊ ခုန်သူခုန်နှင့် တယ် ဟုတ်ပါလား ဟုပင် ဆိုရမည်ဖြစ်သည်။ ဒီကြားထဲ အား ကျမိသည့် အလုပ်တစ်ခုလည်း ရှိသေးသည်။ Food Vlogger သမားများဖြစ်သည်။ သူတို့သာယာပုံက အစားအသောက်မျိုးစုံကို ချက်ပြုတ်စားသောက်ပြကြပြီး ဝင်ငွေကောင်းနေကြသူများ ဖြစ်သည်။ ငယ်ငယ်က ထမင်းဟင်းစားမကောင်းလျှင် နှစ်အိမ်ကျော်က လူကြီးတစ်ဦး ထမင်းစားနေသည်ကို သေသေချာချာသွား၍ ကြည့်ဖြစ်သည်။ ဘာဟင်းမှ အထူးအထွေမပါသော်လည်း ခရမ်းသီးချက်၊ ငရုတ်သီးဆားထောင်း၊ ငါးပိကြော်လောက်နှင့်ပင် ဇလုံကြီးနှစ်လုံးခန့် ပြိုက်ခနဲ့ ကုန်အောင် စားနိုင်သူဖြစ်သည်။ သူစားနေသည်ကိုကြည့်ရသည်မှာ အားရစရာကောင်းလှ၏။ ဟင်းအနှစ်လေးဖြင့် နယ်ဖတ်ကာ ထမင်းလုတ် အကြီးကြီးဖြစ်အောင်ပြုလုပ်ပြီး ပါးစပ်ထဲ အားပါးတရ ထည့်သည်။ ထိုပါးစပ်ထဲရောက်သည့် ထမင်းကို ဘယ်ဘက်တစ်ဖက်၊ ညာဖက်တစ်ဖက် နှစ်ကြိမ်ခန့်လှိမ့်ပြီး မျိုချ၊ ငရုတ်သီးဆားထောင်းလေး လျှာပေါ်တစ်ချက်တို့၊ ဇလုံထဲကထမင်းကို နယ်ဖတ်နေရင်း တစ်လုတ်ပြီးတစ်လုတ် စားလိုက်သည်မှာ ၁၀ မိနစ်ခန့်ဖြင့် နှစ်ဇလုံ ချောသွားလေသည်။
ယခုတော့ ခေတ်မီလာသည်ဟု ဆိုရမလား ထိုကဲ့သို့စားသည့်သူကို တကူးတက သွား၍ကြည့်စရာ မလိုဘဲ လူမှုကွန်ရက်ကတစ်ဆင့် အလွယ်တကူကြည့် နိုင်၏။ သူတို့အလုပ်က စားလည်းစားရ သကဲ့သို့ ဝင်ငွေလည်း ကောင်းလှသည်။ တချို့ Food Blogger များဆိုလျှင် တစ်လသိန်းထောင်ဂဏန်း အထိ ဝင်ငွေရရှိသူ များမှစပြီး သိန်းသုံး၊ လေးရာအထိ ဝင်ငွေရရှိသူများပါ ရှိကြသည်ဟု သိရသည်။ သူတို့ကိုကြည့်ပြီး မုဒိတာပွားသော်လည်း ပြည်ပကိုထွက်ပြေးပြီး နိုင်ငံရေးအာချောင် နေသူများ၊ ပြည်သူကို အဆိပ်ခပ်နေသူများလည်း ရှိနေ လေရာ အားလုံးကောင်းပါသည်ဟုသာ ဆိုရမလိုဖြစ်နေ လေသည်။
အချင်းချင်းလည်း ဒုက္ခပေးနေသူများ
ပြည်တွင်းက အကြမ်းဖက်လုပ်ရပ်လုပ်နေသူ များသည် အယူဝါဒမတူလျှင် သတ်ဖြတ်ခြင်း၊ အများပြည်သူ သွားလာသည့်နေရာများကို ဗုံးထောင်ခြင်း၊ ဆရာ၊ဆရာမများကို သတ်ဖြတ်ခြင်းများမှာ သူတို့အတွက် အထူးအဆန်းမဟုတ်တော့ဟု ဆိုရမည်ဖြစ်သည်။ထိုကဲ့သို့ အကြမ်းဖက်တစ်ယောက်သာရှိလျှင် သူ၏ပတ် ဝန်းကျင်တစ်ခုလုံး မငြိမ်းချမ်းတော့ဘဲ အားလုံးကို ဒုက္ခ ပေးနိုင်သည်ဟု။ အရင်ဦးဆုံး မိဘ၊ ညီအစ်ကို၊ မောင်နှ မများ စိတ်မချမ်းသာရသကဲ့သို့ သူ၏ပတ်ဝန်းကျင်မှာပါ တည်ငြိမ်မှု ပျက်စီးတတ်သည်ကို ပိတ်ပိတ်ပိန်းနေသည်။ ထိုသူတို့က ယနေ့အထိ မသိကြသေးသည်မှာ အံ့သြစရာ ကောင်းလှ၏။
ပြီးခဲ့သည့်နှစ်လခန့်က မိတ်ဆွေတစ်ဦးနှင့် စကားပြောစဉ် သူ၏အဖြစ်ကို ရင်ဖွင့်လေသည်။ သူ့ကို မိတ်ဆွေတစ်ဦးက ကင်မရာဈေးနှုန်း စုံစမ်းခိုင်းသည်ဟု ဆိုလေသည်။ ကင်မရာဈေးနှုန်း စုံစမ်းရ သည်က ဘာမှမခက်သော်လည်း နောက်ဆက်တွဲ မှာသည့်အရာကြောင့် မိတ်ဆွေခန်း ပြတ်ရမလိုဖြစ် နေလေသည်ဟု ဆိုလေသည်။ နောက်ဆက်တွဲမှာသည်က ဒရုန်းဖြစ်သောကြောင့်ဟု ဆိုလေသည်။ ထိုမိတ်ဆွေက "ဒီကာလကြီး ဒရုန်းမှာတော့ စုံစမ်းတာနဲ့ ကိုယ်ကအဖမ်းခံရမှာ အရောက်ပို့ နေသလားပဲ၊ ဒါနဲ့ သူဆက်တဲ့ဖုန်းဆို မကိုင်တော့ဘူး"ဟု မိတ်ဆွေခန်းပြတ်သွားပုံကို ရှင်းပြလေသည်။ သူကဲ့သို့ မိတ်ဆွေတစ်ဦးကလည်း တောထဲတွင်ရောက် နေသူတစ်ဦးက သူ့ထံ အကူအညီတောင်းခံပုံကို ရင်ဖွင့် လာလေသည်။ သူ့ထံတောင်းသည့် အကူအညီက ကွန်ပျူတာ Hard Dick ကလေး စစ်ဆေးပေးရန် လှမ်း၍ပို့ချင် သည်ဟု အကူအညီတောင်းလာခြင်းဖြစ်သည်ဟု ဆိုလေသည်။ ထိုမိတ်ဆွေက "ဒီကောင်နဲ့ အဆက်အသွယ်မရတာ နှစ်နှစ်လောက်ရှိပြီ။ ဘာတွေလုပ်ပြီး၊ ဘယ်တွေ ရောက်နေမှန်းကို မသိတာ၊ နောက်ဖုန်းဆက်လာမှ တောထဲရောက်နေမှန်း သိရတာ၊ သူ့ Hard Dick ပြင်ပေးရတာ ဘာအပန်းကြီးလို့လဲ။ ဒါပေမဲ့ ပစ္စည်းယူရင်ကိုယ့် လိပ်စာပေးရမယ်။ ပြန်ပို့ရင် ကိုယ့်ဖုန်းနံပါတ်နဲ့၊ လမ်းမှာ အဖမ်းခံရရင် ကိုယ်ပါဆက်စပ်သူအဖြစ်နဲ့ နေရင်းထိုင်ရင်း ဒုက္ခရောက်သွားမှာ။ လာလိုက်ရင် ဒုက္ခပေးမယ့် ကောင်းတွေချည်းပဲ"ဟုဆိုလေသည်။ သို့မို့ကြောင့် ထိုကဲ့သို့သောသူများသည် မိမိရော၊ မိမိ ပတ်ဝန်းကျင်သာမက မိတ်ဆွေအပေါင်းအသင်းကိုပင် ဒုက္ခသာပေးတတ်ပြီး အခွင့်အရေးဆိုလျှင် လက်တို့မည့်သူများမဟုတ်ဟု သူငယ်ချင်းဖြစ်သူက မှတ်ချက်ပြုလေသည်။
ထန်းပင်ဇာတ်လမ်း
ငယ်ငယ်တုန်းကဖတ်ခဲ့ရသည့် ဆရာကံချွန်၏ကြားဖူးနား၀ ဟာသပုံပြင်ထဲက အကြောင်းအရာလေး တစ်ခုကို သတိရမိသည်။ ထိုစာအုပ်ထဲက မိဘများက သားနှင့်သမီးကို မြေတစ်ကွက် အမွေပေးခဲ့လေသည်။ထိုမြေကွက်ကို မောင်နှမနှစ်ယောက်က အညီအမျှခွဲေ၀ ကြရာ ဖြစ်ချင်တော့ ထန်းပင်ကြီးတစ်ပင်က အလယ် ကောင်တည့်တည့်တွင်ဖြစ်ရာ သူပိုင်သည်၊ ငါပိုင်သည်ဟု အငြင်းအခုံဖြစ်ကြလေသည်။ ထိုသို့ငြင်းခုံရာက သည်အတိုင်း ဆုံးဖြတ်၍မပြီးတော့ဘဲ တရားရုံးသို့ ရောက်ရှိသွားလေတော့သည်။ တရားရုံးသို့ ရောက်သော အခါ နှစ်ဦးနှစ်ဖက်လုံး ရှေ့နေကိုယ်စီငှားရမ်းပြီး တရားယှဉ်ပြိုင်ကြလေသည်။ သို့နှင့် ရှေ့နေခ၊ တရားရုံးအသွား အပြန်စရိတ်စက စသည်တို့နှင့်ဆိုလျှင် ငွေကုန်ကြေးကျ များလာခဲ့ရာ မြေကွက်လေးကို ကိုယ်စီရောင်းချပြီး ပြိုင် ဆိုင်ကြရာ နောက်ဆုံးထန်းပင်ကလေးသာ ကျန်ခဲ့တော့ သည်ဟု ဆရာကံချွန်က ရေးသားခဲ့သည်။ ဆရာကံချွန်က ရယ်မောစရာဟာသအဖြစ် ရေးသားခဲ့သော်လည်း ယူ တတ်လျှင် သင်ခန်းစာများ ရရှိနိုင်ပါသည်။ အချိန်မီ ချုပ် အစုတ်သက်သာသည်ဆိုသကဲ့သို့ ယူရမည့်သင်ခန်း စာကို ဘဝအတွက် အသုံးချနိုင်လျှင် ဟာသဇာတ်လမ်း လေးသည်ပင် သင်ခန်းစာတစ်ခုဟု အတွေးပေါ်မိပါ၏။
တိုင်းပြည်အရေး စည်းလုံးချိန်တန်ပါပြီ
ပြည်ဖျက်နေသူများနှင့် အကြမ်းဖက်နေသူများ လက်ရှိအခြေအနေကို သဘောပေါက်ဖို့တန်ချိန် ရောက်ပြီဟု ဆိုရမည်ဖြစ်သည်။ အကြောင်းက မြောက်ပိုင်းသုံးဖွဲ့နှင့် ဖြစ်ပေါ်နေသော အကြောင်းအရာ ဖြစ်သည်။ကိုယ့်အချင်းချင်းကို သဲကြီးမဲကြီး ဒုက္ခပေးနေသူများ၊ ကိုယ့်တိုင်းပြည်ကို နယ်မြေပဲ့ပါအောင် ပြုလုပ်နေသူများ၏ လုပ်ရပ်ကို ထောက်ခံနေသည်မှာ ပြည်ပျက်လျှင် ပြီးရော စိတ်ဓာတ်ဖြစ်နေသည်ကို မသိကြလေသလား ဖြစ်သည်။ လက်ရှိ မြောက်ပိုင်းဖြစ်စဉ်များတွင် 'ဝ'သည်လည်း သူတို့၏အလံကို ထောင်သည်။ MNDAA သည် လည်းသူတို့၏ အလံကိုထောင်သည်။ TNLA သည်လည်း သူတို့၏ အလံကို ထောင်သည်။ ယခုသိမ်းပိုက် ထားသည်ဆိုသည့်နေရာတွင် ဆိုခဲ့သည့် သူတို့၏အလံကို ကိုယ်စားပြုပြီး စိုက်ထူထားကာ NUG အလံ၊ NLD အလံ၊ ကျောင်းသားသမဂ္ဂအလံ၊ မောင်ဆောင်းခ တို့၏ BPLA အလံ၊ ဗိုလ်နဂါး၏ MRDA အလံ စသည်တို့ ထောင်ခွင့်ရှိလားဆိုသည်ကို သိကြပါစ။ ထိုကဲ့သို့ အကြောင်း အရာကိုမှမသိဘဲ တစ်စင်ထောင်လိုသည့် လက်နက်ကိုင် သောင်းကျန်းနေခြင်းသည် ကိုယ့်ခြေကိုယ့် လက်ကို ဖြတ်နေသူကဲ့သို့ ဖြစ်နေပြီဆိုသည်ကို ဒီအချိန်မှမသိလျှင် ဘယ်အချိန်ရောက်မှသိတော့ မည်နည်းဟုသာ မေးခွန်းထုတ်လိုပါတော့သည်။
ရွှေထီး
( TREND News ဂျာနယ်အတွဲ(၂)၊ အမှတ် (၅၁)တွင် ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )